She သျှီ သို့မဟုတ် သူမ
၁။ ဆရာ မြန်မာစာမှာ သူမ ဆိုပြီးအဓိပ္ပာယ်သတ်မှတ်ချက်ရှိပါသလား ကျေးဇူးပြုပြီးရှင်းပြပေးပါဆရာ။
၂။ ဆရာ She သူမ ဆိုတာရောဆရာ။ ဆရာ့အမြင်လေး ပြောပြပါလား။
ကျွန်တော်တို့ အင်္ဂလိပ်စာ စသင်ကတည်းက ရှီ သူမလို့သင်ပါတယ်။ ဖတ်ရတဲ့စာအုပ်တွေမှာလည်း သူမလို့ရေးကြတယ်။ နောက်မှသာ သူမလို့ သင့် မသင့် ပြောဆိုရေးသားလာကြပါတယ်။ ယုဒသန်အဘိဓာန်မှာ နာမ်စား သူ (ဣတ္တိလိင်) လို့ ပြန်ပါတယ်။
သူ
သူကျက် = ပေါင်းသင်းဆက်ဆံဘူးသောသူ
သူခက် = ခက်ခဲသောအရာကို အောင်မြင်နိုင်သော စစ်သည်
သူစိမ်း = မပေါင်းဘူးသောသူ
သူနုပ် = ယုတ်ညံသူ
သူနှောင်သူထား = အကျဉ်းသမား
သူပုန် = တိုင်းပြည် (အစိုးရ) ကို ပုန်ကန်သောင်းကျန်းသူ
သူဖုန်းစား = သူတောင်းစား
သူရကန် = ရဲရင့်ခြင်းကိုပြုတတ်သောနေ-မီးမှန်
သူရဲခို = မြို့ရိုး၌ဂူငယ်ကဲ့သို့ပြုလုပ်ထားသောအရာ
သူရဲ = ရဲရင့်သောစစ်သား
သူရင်းငှား = အခစားလုပ်သောသူ
သူခိုး
သူယုတ်မာ
သူရဲဘောနည်းသူ
သူလျှို
သူဝှက်
မြန်မာစာမှာ သူမ လို့ မရှိခဲ့ပါ။ She ကို ဘာသာပြန်ရာကနေ သူမလို့သုံးလာတာဖြစ်ပါတယ်။ အဲလိုဘာသာပြန်တာကို အပြစ်မမြင်ပါ။ မြန်မာစာရဲ့ အားနည်းချက်လို့ပြောရင် စိတ်မဆိုးသင့်ပါ။ တချို့နေရာတွေမှာ မြန်မာစာက အင်မတန်ကြွယ်ဝပါတယ်။
အမျိုးသမီးတဦးကို နာမ်စားသုံးတဲ့အခါ သင့်မြတ်အောင် ရွေးရပါမယ်။ သူမလို့ဆက်သုံးနေတာတွေကိုလည်း မှားတယ်လို့ ဇွတ်မပြောလိုပါ။ ကန့်ကွက်စရာမရှိပါ။ ကျွန်တော်နဲ့ ကျွန်တော်မလို့ရှိပါတယ်။ ကျွန်မ နဲ့ ကျမတို့ကိုလည်း သုံးနေကြတာ အပြစ်မဆိုပါ။
She စာအုပ်ကို Henry Rider Haggard ဟင်နရီ ရိုက်ဒါ ဟက်ဂတ်ကရေးပါတယ်။ ဆာဘွဲ့ရ နာမည်ကြီး စာရေးဆရာပါ။ ၁၈၈၆ (သီပေါမင်း ပါတော်မူပြီး နောက်နှစ်) မှာ ဂရပ်ဖစ်မဂ္ဂဇင်းထဲ အခန်းဆက်ရေးခဲ့တဲ့ဝတ္ထုပါ။ ဘာသာပေါင်း ၄၄ ခု ပြန်ထားတယ်။ ၁၉၆၅ အထိ စောင်ရေ ၈၃ သန်းရောင်းရတယ်။ ဒီစာအုပ်နဲ့ ဆော်လမွန်ဘုရင့်ဘဏ္ဍာတိုက်များ စာအုပ်တွေက သူရဲ့အကောင်းဆုံးလက်ရာတွေလို့ သတ်မှတ်ကြတယ်။ ဟိုးရေ့စ်ဟိုလီနဲ့ သူ့အဖေါ် Leo Vincey လီယို ဗင်စီတို့ဟာ အာဖရိကတိုက်တောနက်ထဲက အသိရ နက်နဲ ခက်ခဲလှတဲ့ လူဖြူဘုရင်မ Ayesha အေသျှားနဲ့တွေရတယ်။ အဲဒီဘုရင်မဟာ သူနဲ့တွေ့သမျှ နာခံကြရတဲ့အစွမ်းတန်ခိုး ရှိပါသတဲ့။
ကျွန်တော်တို့က သူ့စာအုပ်ဘာသာပြန်တွေနဲ့ ကြီးပြင်းလာခဲ့ပါတယ်။ မြန်မာစာကို သတ်ပုံမှန်နဲ့သာရေးတဲ့ခေတ်ကပါ။
ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၇
၂ဝ-၁-၂ဝ၁၉

Comments
Post a Comment