Aesthetic Life ဘဝ နှင့် ရသ
ဆရာ ရသစာပေနင့် သုတစာပေကို အင်္ဂလိပ်လို ဘယ်လိုရေးရသလဲ မသိလို့ပါ။
ကျွန်တော်က စာပေအကြောင်း နည်းနည်းလေးသာသိတယ်။ စာရေးဆရာတွေ၊ သုတေသီတွေကသာ မှန်တာကို ပြောနိုင်ကြပါမယ်။ မေးလာလို့ ဖြေနိုင်တာတော့ ဖြေပါမယ်။
မြန်မာစာပေမှာသာ ရသစာနဲ့ သုတစာလို့ပြောကြတယ်။ သူများတွေဆီမှာက တမျိုးသတ်မှတ်ကြတယ်။ ရသလို့ ဘာသာပြန်နိုင်တဲ့ Aesthetic literature ဆိုတာရှိတယ်။ မြန်မာပြည်မှာခေါ်တာနဲ့ တူတယ်။ အဲတာမဟုတ်တာကိုတော့ Information ခေါ် သတင်းအချက်အလက်ပေးစွမ်းတာမျိုး။ Take away သယ်ယူပါသွားနိုင်တာမျိုးလို့ ဆိုပါတယ်။
ရသက နောက်မှ ပေါ်လာတာ။ ရသလှုပ်ရှားမှုဆိုတာ ပေါ်ခဲ့တယ်။ စာပေ၊ တေးဂီတ၊ အနုပညာနယ် အစုံမှာဖြစ်တယ်။ လူမှုရေးနဲ့ နိုင်ငံရေးနယ်ပယ်မှာ ရသပေးစွမ်းနိုင်တဲ့ ဖွဲ့နွဲ့ သီကုံး စပ်ဆို ရေးသားမှုတွေ ရှိအပ်တယ်လို့ ဆိုတာပါ။ တနည်းအားဖြင့် နက်နည်းမှုထက် လှပမှုကို ပိုပြီးဇောင်းပေးတယ်။
Art for Art's sake အနုပညာသည် အနုပညာအတွက်ဆောင်ပုဒ်လည်း ပေါ်လာတယ်။ ဥရောပမှာ ၁၉ ရာစုထဲမှာ ဖြစ်ခဲ့တာတွေပါ။ အော်စကာဝိုင်းဒ် က ထင်ရှားသူဖြစ်တယ်။ မြန်မာပြည်မှာတော့ အဲတာနောက်မှာ အနုပညာသည် လူထုအတွက်ဆိုတဲ့ ဆောင်ပုဒ် ပေါ်ထွန်းခဲ့ပါတယ်။ သူတို့ဆီမှာလည်း အပျော်ဖတ်ဆိုတာရှိတယ်။ အဲတာလည်း လှုပ်ရှားမှုတခုပဲ။
မြန်မာပြည်မှာ ရသကို ပိုပြီးတန်ဖိုးထားကြပုံရတယ်။ ရသမဟုတ်တာကို ဒုတိယတန်းလို့ သဘောထားတယ်။ အချက်အလက်ပါတဲ့စာတွေကိုလည်း ဖတ်ချင့်စဘွယ်ရေးကြတယ်။ ဖတ်ဖူးတာတွေကို အကြမ်းဖျင်း ကောက်ချက်ချရရင် အချက်အလက်မမှန်တာ တန်ဖိုးနည်းတယ်။ စာဖတ်သူတွေကို လမ်းလွဲဆွဲခေါ်တတ်တယ်။ သမိုင်းပါ အဖြစ်အပျက်တွေကို ထုံမွန်းလွန်းတော့ ဇာတ်နိပါတ်လိုလို၊ စိတ်ကူးယဉ်လိုလို ဖြစ်ကုန်တယ်။ ဘာသာရေးစာတွေမှာလည်း စာပန်းချီ ခြယ်လွန်းရာကနေ အကြည်ညို လိုတာထက်ကဲစေပြီး တချိန်မှာ မေးခွန်းထုတ်ခံရတယ်။
အနုပညာသည် အနုပညာအတွက်ခေတ်မှာ စာရေးဆရာတွေအချင်ချင်း၊ ကဗျာဆရာတွေအချင်းချင်း ကျွန်တော် နားမလည်တာတွေကို အခန်းဆက်ပြောဆိုငြင်းခုန်နေကြတယ်။ အနုပညာသည် ပြည်သူ့အတွက်ခေတ်မှာ မွဲတဲ့သူတွေမှာ ကုန်းကောက်စရာမရှိ၊ ချမ်းသာတဲ့သူက ကျိကျိတက်။ သူဌေးသမီးနဲ့ ဒရိုက်ဘာကို ပေးစား။ ကြေးစားမိန်ကလေးနဲ့ ကောလိပ်ကျောင်းသား ညား။ အဲဒီအနုပညာတွေဟာ ကျွန်တော့်အတွက် မဟုတ်ခဲ့ပါ။ ကန်တော့ပါ။ ကျွန်တော့်ဘေးမှာ သာမန်လူတွေ များတယ်။ သူလိုကိုယ်လိုလူတွေ များတယ်။ စာတင်တာတွေက အစွန်းတဘက်ဘက်ကလူတွေ။
ကျွန်တော်က စာဖတ်အားကောင်းသူလည်း မဟုတ်၊ စာပေနယ်ထဲကလည်း မဟုတ်ပါ။ ကျွန်တော်ရေးတာ လွဲတာတွေ ပါနိုင်တယ်။ ဆောရီး။ ဆယ်တန်းတုန်းကကျောင်းစာထဲမှာပါတဲ့ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီအကြောင်းကို ဖတ်ကောင်းအောင် ရေးတဲ့စာတော့ ကနေ့အထိကြိုက်တယ်။
တချို့ရသသမားတွေကတော့ သဘောတူကြမှာ မဟုတ်။ ကိုယ့်တသက်တာမှာ စာအုပ်ထဲက ဇာတ်လိုက်တွေကရှားတယ်။ သူလို ကိုယ်လိုလူတွေသာများတယ်။ ကျွန်တော့် ဆရာဝန်သက်တမ်းမှာ ဂျော်နီရှိတယ်။ နိုင်ငံရေးခရီးရှည်မှာ ဗေဒါပင် ရှိတယ်။ ဖိုးမောင် ရှိတယ်။ သူတို့က စာအုပ်ထဲမရောက်ကြ။ ခွဲစိတ်ဒါးကိုင်ခဲ့ပေမဲ့ ဓါးတောင်ကို မကျော်ဖူးပါ။ ချင်းတောင်သာ ကျော်ဖြတ်ဖူးတယ်။ မီးပင်လယ် မကူးရ။ ဒုက္ခသမုဒ္ဒရာမှာတော့ အခုထိ။ အဲတာမျိုးကတော့ လူတိုင်းမဟုတ်လား။
ကိုယ်တိုင်လည်း သမိုင်းထဲရောက်နေပြီ။ ထုံမွမ်း ဖွဲ့နွဲ့ခံရမှာတော့ ကြောက်တယ်။
ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၈
၂၉-၁-၂ဝ၁၉

Comments
Post a Comment