ခေါ်သွေးခေါ်ယောင် နီးပြန်အောင်လို့ ခြေတပေါင်ကျိုး

ရာမရကန်ဦးတိုးလို့ နှုတ်ကျိုးနေသူဟာ ရွှေတိုက်စိုးဦးတိုးဖြစ်ပါတယ်။ သူ့အကြောင်းကို မြန်မာ့စွယ်စုံကျမ်းမှာ

ရကန်လောကတွင် ပဌမတန်းစားဟု စံတင်ထိုက်သော ရာမရကန်ဆရာ ဦးတိုးသည် ၁၁၁၃ ခုနှစ်တွင် စိုင်နံ့သာရွာ၌ ဖွားမြင်လေသည်။ အချို့ကလည်း ရွှေဘိုမြို့အနီး ဆီးတောရွာတွင် ဖွားမြင်သည်ဟုဆိုကြသည်လို့ ဖေါ်ပြထားပါတယ်။

မြန်မာစာပေနယ်တွင် ထင်ရှားလှသည့် စွယ်စုံပညာရှင် ဦးပုညပင်လျှင် ဦးတိုး၏ရာမရကန်မှ သမင်၏အမူအရာအဖွဲ့ ဖြစ်သော -

ဆိတ်စာကလေး၊ လိုက်သူနှင့်ဝေးသောအခါ၊ ခေါ်သွေးခေါ်ယောင်၊ နီးပြန်အောင်လို့၊ ခြေတပေါင်ကျိုး၊ နိမ့်မျိုးနိမ့်မြင့်၊ မလှမ်းချင်ချင်၊ လှမ်းချင်ချင်နှင့်၊ သစ်ပင်ကို ခိုတဲ့လို့၊ ဟူသည့် စာပိုဒ်ကို အတူယူမှီငြမ်းပြု၍ စလေမြို့မောင်ရွှေချန် မေတ္တာစာတွင် -

စိန်ချယ်ရတီ၊ ဝဇီရာဝုတ်၊ မုတ်ပုလဲပွင့်၊ ချိုဝင့်ဝင့်နှင့်၊ ရွှေသမင့်လက္ခဏာ၊ မြက်နံ့သာ မြေညီတွင်၊ တဘက်ခွာ ခြေချီ၍၊ ပီပီလည်း မနင်း၊ ပရိယာယ် ရှစ်ဖြာဖြင့်၊ ချစ်စရာ ဖန်ဆင်း၍၊ ဟန်ခင်းကာ ကြော့လိုက်သည့်၊ တော့စရိုက်ဘာသာ၊ ဟု စာကွန့်တက် စပ်ဆိုခဲ့လေသည်။

ဦးတိုး၊ ဦးပုညနဲ့ မြန်မာ့စွယ်စုံကျမ်းမှာ တတွေကို မလိုအပ်ပဲစသတ်မထားပါ။ အသစ်ထုတ်မယ်ဆိုတဲ့ မြန်မာ့စွယ်စုံကျမ်းမှာ အဲတာတွေကို ပြင်ရေးကြရင်ဖြင့် မြန်မာစာ ခြေတပေါင်ကျိုးဖြစ်ပါတော့မည်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး