Civilized to Death ပိုပြီးယဉ်ကျေးလာကြသလား

အမေစာလေးတွေ ရေးပါတယ်။ ကိုယ့်အမေဟာ ချမ်းသာကြွယ်ဝသူ ဖြစ်ချင်မှဖြစ်မယ်။ ပညာတွေအများကြီး တတ်မြောက်သူ ဖြစ်ချင်မှဖြစ်မယ်။ ချောမောပြီးကြက်သရေရှိသူလို့ ချီးမွမ်းခံရသူလည်း ဖြစ်ကောင်းမှဖြစ်မယ်။ ကိုယ့်ကို ရိုက်နှက်ဆုံးမခဲ့တာမျိုးလည်း ရှိကောင်းရှိမယ်။ အိမ်ထောင်ရေး ကံမကောင်းသူမျိုးလည်း ဖြစ်ကောင်းဖြစ်ခဲ့ပါမယ်။

အမေဟာ အမေသာဖြစ်တယ်။ မိခင်ကို သားသမီးတွေက မေတ္တာထားခြင်း၊ အရိုအသေပေးခြင်း၊ လုပ်ကျွေးပြုစု ခြေဆုပ်လက်နယ်ပြုခြင်းတွေ ရှိအပ် ပြုအပ်တယ်။

အဲလိုပဲ ဆရာဆရာမတွေကိုလည်း အလားတူသဘောတွေ ထားအပ် ပြုအပ်ကြတယ်။ လူကြီးသူမတွေအပေါ်လည်း အလားတူသဘော ထားနိုင်ရတယ်။ မိတ်ဆွေသူငယ်ချင်းတွေအပေါ်လည်း အဲလိုပဲ။

လူရယ်လို့ဖြစ်ပေါ်လာစက ရိုင်းကြတယ်။ အသားစိမ်းငါးစိမ်းသာ စားကြတယ်။ အမဲလိုက်တယ်။ တယောက်တယောက် သတ်ကြဖြတ်ကြတယ်။ တဖြည်းဖြည်းနဲ့ ယဉ်ကျေးလာတယ်။ ကြာလာလေ ပိုပြီးယဉ်ကျေးလာလေဖြစ်ရတယ်။

ကျွန်တော်တို့ ပိုပြီးယဉ်ကျေးလာကြသလား။

Civilized to Death စာအုပ်တအုပ်ရှိတယ်။ ခေတ်အရဖြစ်ပေါ်လာနေခြင်းဟာ ကမ္ဘာကြီးအဆုံးသတ်တော့မလားလို့ မေးခွန်းထုတ်ထားတယ်။

လူတွေရဲ့ ခေတ်အရ နေထိုင်စားသောက်ကြပုံ၊ သင်ယူတတ်မြောက်ကြပုံ၊ မိတ်လိုက်ကြပုံ၊ စိတ်ခံစားမှုဖြစ်ပေါ်ကြပုံတွေ၊ ဆက်ဆံရေးလုပ်ကြပုံတွေ၊ အလုပ်လုပ်ကိုင်ကြပုံတွေ၊ စစ်ခင်းကြပုံတွေ၊ နိုင်ငံရေးလုပ်ကိုင်ကြပုံတွေ၊ စီးပွါးရှာကြပုံတွေ၊ သေကျေပျက်စီးကြပုံတွေ ဆန်းသစ်လာတယ်။ တခါတလေမှာ ဇွမ်ဘီး ခေါ် ဖုတ်ကောင်တွေလို။

ယဉ်ကျေးလာခြင်းကတော့ ဘယ်လိုမှ မငြင်းနိုင်ပါ။ ငြင်းမရတဲ့ အောင်မြင်မှုကြီးဖြစ်တယ်။ ဟိုရှေးရှေးတုန်ကလည်း အသက်ဆုံးပါးခဲ့ကြတာတွေက ဆိုးဝါးကြမ်းတမ်းတာမှန်ပါတယ်။ အရိုးကျိုးတာ၊ မြွေကိုက်တာ၊ ပိုးဝင်တာတွေနဲ့ ကလေးတွေမွေးပြီး မသေသင့်ပဲ သေဆုံးခဲ့ရတယ်။ ခုခေတ်မှာ အဲလိုဖြစ်တာတွေ နည်းလာတာမှန်တယ်။

ဒါပေမဲ့ ဟိုတုန်းကမရှိခဲ့တဲ့ ကားတိုက်မှုတွေ၊ လေယာဉ်၊ သင်္ဘောပျက်တာတွေရှိလာတယ်။ စစ်ခင်းနည်းတွေ ဆန်းလာတယ်။ ရောဂါဘယတွေမှာ ကင်ဆာဆိုတာ အခုမှပေါ်လာတာ၊ ခုခံအားကျဆင်းရောဂါနဲ့ အသည်းရောင် ရောဂါတွေလည်း အရင်က မရှိခဲ့ပါ။ နှလုံး သွေးတိုးနဲ့ ဆီးချိုရောဂါတွေလည်း အခုမှ များများလာတာ။

ရေစုံမှာ မျောပါလိုက်တာက လွယ်တယ်။ ဘာသာရေးသိသူတွေက အဆုံးသတ်ကောင်းမွန်မှုကို နားလည်ကြတယ်။ သမိုင်းကောင်းထားခဲ့နိုင်ရေးဆိုတာ ရေစုံလိုက်ရတာ မဟုတ်ပါ။ မြန်မာလူမျိုးတွေက ဆုတ်ကပ်လို့ သိထားပြီးသား။ ဆုတ်ကပ်မှာ ကုပ်ကပ်နေကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး