ဆတောင်ရွာစား စာဆိုတော်

 ၁။ အသံထွက်အတိုင်း ရေးနေကြတာဆရာ။

အသံထွက်အတိုင်း ရေးနေကြတာဆို အသံထွက်ပါ မှားတယ်။ မှားတယ်ပြောရင် ဆင်ခြေတွေနဲ့ ကောက်ချက်တွေ လာတယ်။ ရေးတော့အမှန် ဖတ်တော့အသံ စသဖြင့်။ ရေးတော့ အမှား၊ ဖတ်ကား တလွဲ။

၂။ စာသိပ်မဖတ်ကြခဲ့လို့လို့ တွေးမိပါတယ်ခင်ဗျ။

ဖတ်တာတွေက အမှားတွေပါနေလို့ ဖြစ်ပါမယ်။ ဖေ့စ်ဘွတ်ကို မဖတ်သူ မရှိသလောက်ပါ။ နောက်ထုတ်စာအုပ်သာ ဖတ်ကြသူတွေက စာအုပ်ထဲရေးတာကိုသာ မှန်တယ်ထင်ကြတယ်။ ကျောင်းစာအုပ်တွေမှာပါ အမှားတွေပါနေတယ်။

စာအုပ်ရေးတဲ့သူတွေရဲ့အမှား၊ စာအုပ်တွေကို သတ်ပုံပြင်ထုတ်သူတွေရဲ့အမှား။ စာသင်ပေးနေသူတွေရဲ့အမှား။

ပညာခန်းကို ငြင်းတာမှာ ပညာမပါတာတွေလာတယ်။ မှားအောင် ပြင်ထားတာကိုသာ သိသူတွေက အမှားဘက်ကနေ ရှေ့နေလိုက်ကြတယ်။ တရားသူကြီးလုပ်ကြတယ်။ ကိုယ်ထင်တာ လာပြောကြတယ်။

ပိုက်ဆံတမတ်နဲ့ ငကြင်းခေါင်းကိုင်သူတွေက များတယ်။

ကျွန်တော်တို့ငယ်ငယ်က စာရေးစရာနေရာ ရှားတယ်။ ဆွေမျိုးတွေ မိတ်ဆွေတွေဆီကို ၁၅ ပြားတန် တံဆပ်ခေါင်းကပ်ပြီး ထည့်ရတာ။ သမီးရည်စားစာဆိုရင် စာကောင်းကောင်းမရေးတတ်သူတွေက အငှားရေးခိုင်းကြရတယ်။ သတ်ပုံမမှန် စာရေးမကောင်းသူကို ပြန်မကြိုက်ကြ။

ကျွန်တော်တို့ထက် ရှေးကျတဲ့ခေတ်ကလည်း သည်အတိုင်းပဲ။ တခါက မင်းသားတပါးဟာ မင်းသမီးတပါးကိုကြိုက်လို့ တလိုင်းစာဆိုဆိုသူကို စာရေးခိုင်းတယ်။ အဲတာကို မှာတမ်းလို့ ခေါ်တယ်။

ချစ်လွန်းလို့ပါ မိငယ် ရှိခိုးပါရဲ့၊ ချစ်လွန်းလို့ပါ မိငယ် ရှိခိုးပါရဲ့၊ မဲ့ဖင်ဆားတော်ဖြူးတယ်၊ မောင်ဖူးပါရဲ့။

မင်းသမီးဆီကို ဝင်ထွက်နိုင်တဲ့ မိန်းမတယောက်နဲ့ ပါးရတယ်။ မင်းသမီးက ရယ်။ စာပါကဗျာ ပေါက်ကြားကုန်တယ်။ မင်းသားအရှက်တော်ရ။ အမှုက ကုန်းဘောင်မင်းကြီးအထိ ရောက်သွားတယ်။ ဘုရင်က သနားပြီး မင်းသားကိုလည်း မင်းသမီးနဲ့ ပေးစား၊ စာဆိုငနုကိုလည်း ဆတောင်ရွာပေးသနားပါသတဲ့။

ညံ့တဲ့ဘုရင်လက်ထက်မှာ ညံ့တဲ့စာတွေနဲ့ ညံ့တဲ့စာဆိုပါ ကောင်းစားနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၈
၂၇-၁-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ