နွေးပါစေ မွှေးပါစေ
ဆရာရှင့် တခုလောက်မေးချင်ပါတယ်။ ဒီနေ့ဆရာတင်တဲ့ Post တခုဖတ်လိုက်ရပါတယ်။ မြတ်စွာဘုရား ခြေတော်လက်တော်နွေးစေဖို့ သနပ်ခါးမီးပူဇော်တဲ့ ကုသိုလ်ပြုတယ်ဆို ဘယ်လိုပူဇော်ရတာပါလဲဆရာ။
သနပ်ခါးတုံးတွေကိုခွဲပြီး ဘုရားကျောင်းဆောင်ရှေ့မှာ ခွဲထားတဲ့ သနပ်ခါးတုံးတွေကိုမီးလောင်စေပြီးပူဇော်ရတာလားရှင့်။ ကျွန်မနားမလည်လို့ပါ။ စာရေးတဲ့အထဲမှာ အမှားပါရင်ခွင့်လွှတ်ပေးပါရှင့်။
မြတ်စွာဘုရား ခြေတော်လက်တော်နွေးစေဖို့ သနပ်ခါးမီးပူဇော်တဲ့ ကုသိုလ်ပြုတယ်ဆိုတာ ဘုရားဆွမ်းတော် တင်သလိုသဘောဖြစ်တယ်။ တပို့တွဲလပြည့်မှာ လုပ်ကြတယ်။ ရက်အတိအကျမဟုတ်လည်း လုပ်နိုင်တယ်။ နည်းရယ်လို့တော့ မရှိပါ။ ဆရာနေရတဲ့နေရာမျိုးမှာ စမုတ်အလမ်း ခေါ်တဲ့ မီးခိုးထွက်ရင် အသံမြည်တာတပ်ထားလို့ အိမ်ထဲမှာ မီးခိုးထွက်တာမျိုး လုပ်ရတာ ခက်တယ်။ မီးလောင်တတ်တာ သတိထားရမယ်။ တချို့လူတွေက အနံ့အသက်ကို မတည့်တာရှိတယ်။
တချို့နေရာတွေမှာတော့ သတ်သတ်မှတ်မှတ်လုပ်ကြတယ်။ ဥပမာ ဘုတလင်မြို့။ ရန်အောင်မြင်ဘုရားကြီးမှာ နှစ်စဉ် မနက်အရုဏ်တက်ချိန်မှာ စုပေါင်းလုပ်ကြတယ်။ သနပ်ခါး၊ နံ့သာဖြူ၊ ကရမက်တွေကို မီးလောင်လွယ်အောင် သေးသေးလေးတွေ ခွဲစိတ်ပြီး မီးလောင်ခံခွက်အမျိုးမျိုးထဲမှာထည့်ပြီး ဘုရားရှေ့၊ ဘုရားပရဝုဏ်ထဲမှာ မီးရှို့ပြီး ပူဇော်ကြတယ်။ နံသာဆီ၊ နံ့သာအမွှေးတိုင်တွေလည်း သုံးကြတယ်။
ဒီနှစ် ထပ်တင်တော့ ကွန်မင့်ကနေသိလာရတယ်။ ရေစကြိုမှာလည်း အဲဒီနေ့မှာ ရွာထောင်ရွာသက်တော်ရ ဘုရားရင်ပြင်မှာ ပူဇော်ပွဲလုပ်ကြပါမယ်။ မြိုင်၊ ရွှေဘို၊ အရာတော်တို့နဲ့ အပြိုင်ပေါ့တဲ့။
ကုသိုလ်မှုဆိုတာ မပြုမီ၊ ပြုစဉ်နဲ့ ပြုပြီး စိတ်ထားအရေးကြီးတယ်။ စိတ်ထားအပြင် ဝဇီကမှုနဲ့ ကာယကံမှုလည်းပါတယ်။ ရွတ်ဆိုတာ သတ်သတ်မှတ်မရှိပါ။ ဦးစီးတဲ့ ဆရာတော်တွေက သတ်မှတ်ပေးထားရင်တော့ အဲတာကို ရွတ်ဆိုနိုင်တယ်။ အစဉ်အလာတရပ်လိုလုပ်နိုင်ရင်လည်း ကောင်းပါတယ်။
အေးလွန်းတဲ့အခါမှာ နွေးပါစေ မွှေးပါစေလို့ စိတ်ထားတာကောင်းတယ်။ ဘုရားကို ရည်စူးတော့ အကောင်းဆုံးပေါ့။ ကောင်းစေလိုတဲ့ စိတ်ထားက အရေးကြီးပါတယ်။
ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၈
၁-၂-၂ဝ၁၉

Comments
Post a Comment