ကြပ်ငခွေး
ရွှေပြည်တော် မျှော်တိုင်းဝေးအောက်မှာ မေးတာတခုရပါတယ်။ ရွှေပြည်တော်မျှော်တိုင်းဝေးက ဆရာ ဗန်မော်တင်အောင်လည်း ဘာသာပြန်တယ်လားရှင့်။ ကျွန်မက ဆရာမြသန်းတင့် ဘာသာပြန်ပဲ ဖတ်ဖူးလိုက်လို့ပါ။
ကျွန်တော်က သိပ်သိတာမဟုတ်။ မေးပါဦးမယ်။ ဗန်းမော်တင်အောင်ရေးတဲ့ စာလေးတပုဒ်ကို တင်ပြပါရစေ။
[၁]
ပြည်တော်သာ ပန်းတိုင်ဆီသို့ ဤတိုင်းပြည်ကြီးအား ချီတက်ခိုင်းကြစဉ် ယခင်ကာလများက ရန်ကုန်ထောင်ကြီးအတွင်း၌ မကြာခဏဆိုသလို လာရောက် အပန်းဖြေ နေထိုင်တတ်လေ့ ရှိကြကုန်သော ငခွေးပေါင်း မြောက်မြားစွာ ရှိကြသည့်အနက် စိတ်ဝင်စားဘွယ်ရာ ကောင်းလှလိမ့်မည် ထင်ရသော တယောက်သော ငခွေး၏ အကြောင်းကို ကျွန်တော်သည် ရေးသားဖော်ပြခြင်း ပြုလိုပေသည်။ ဤဝတ္ထု၏ ဇာတ်ဆောင်ဖြစ်သော တယောက်သော ငခွေးအပါအဝင် မြောက်မြားလှစွာသော ယင်းငခွေးတို့သည် လောကငရဲဘုံ ဟူ၍၎င်း၊ ကိုးပါးမြောက် ရပ်ပြစ်ဟူ၍၎င်း၊ ခေါ်ဝေါ် သမုတ်ထားကြသော အကျဉ်းထောင်ကြီးသို့ သူတို့ လူသိုက်သည် ဝင်လာလိုက် ထွက်သွားလိုက်၊ ထွက်သွားပြီးနောက် လမကြာမီ ပြန်ဝင်လာလိုက်နှင့် တံခါးမရှိ ဓါးမရှိဘဲ ဝင်လိုက်ထွက်လိုက် လုပ်နေကြလေသည်။ ယင်းသို့ နဝမမြောက် ရပ်ပြစ်အတွင်းသို့ တံခါးမရှိ ဓါးမရှိဘဲ ထင်သလို ဝင်လိုက် ထွက်လိုက် လုပ်နေကြကုန်သော ငခွေးပေါင်း မြောက်မြားစွာတို့ အနက်၊ ဤဝတ္ထု၏ အဓိက ဇာတ်ဆောင်ကြီး ဖြစ်ပေသော တယောက်သော ငခွေး၏ဇာတ်ကြောင်းကို ရေးသားဖော်ပြခြင်း မပြုမီ အခြား အခြားသော နာမည်ကြီး ငခွေးအနည်းငယ်တို့၏ အကြောင်းများကိုလည်း အကြမ်းဖျင်း လောက်တော့ ရေးသားဖော်ပြခြင်း ပြုရန် လိုအပ်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။
မြို့ကြီးရပ်ကြီးများမှ လူကုံထံ ကြေးရည်တတ်တို့သည် ၎င်းတို့၏ သားယောက်ျာလေးများကို မိမိတို့ အသီးသီး၏ နာမည် ရှေ့များတွင် တွမ်၊ ဒစ် နှင့် ဟယ်ရီ ဟူသော ဗိုလ်ဆံဆံ နာမည်များ ပေးလေ့ ရှိတတ်ကြသည်။ အချို့သော မဟာဆန်ချင်သူများကတော့ ၎င်းတို့ အသီးသီး၏ နာမည်များ ရှေ့တွင် ခင်မောင်မောင်၊ တင်မောင်မောင်နှင့် ရင်မောင်မောင် ဟူသော နန်းဆံဆံ နာမည်ကလေးများကို တပ်ဆင်ကာ ခင်မောင်မောင်ဦး၊ တင်မောင်မောင်လတ် နှင့် ခင်မောင်သက်ချိုဦး စသည်ဖြင့် မှည့်လေ့ ရှိကြလေသည်။ သို့ရာတွင် ငခွေးဆိုသော နာမည်သည်ကား အထက်ဖော်ပြပါ မြို့ကြီးပြကြီးများနှင့်၎င်း၊ လူကုံထံ ကြေးရည်တတ်များ၊ မဟာ ဆန်ချင်သူများနှင့်၎င်း၊ မည်သို့မျှ မသက်ဆိုင်ချေ။ ပြဒါး နှင့် သံကဲ့သို့ တလမ်းစီသာ ဖြစ်ပေသည်။ ငခွေးဆိုသော နာမည်သည် မြို့ကြီး ရပ်ကြီးများနှင့်၎င်း၊ လူကုံထံ ကြေးရည်တတ်များ မဟာဆန်ချင်သူများနှင့်၎င်း၊ ဝေးသော အလွန်ဝေးသော တောလက် ကျေးရွာများနှင့်သာ သက်ဆိုင်သော နာမည်ဖြစ်ပေသည်။ ဆင်းရဲသား တောင်သူလယ်သမားများနှင့် ဘိုးသုည ကြီးငယ်တို့က ၎င်းတို့၏ သားယောက်ျားလေးများကို လွယ်လင့်တကူနှင့် ချစ်စနိုး ခေါ်ဝေါ်ခြင်း ပြုတတ်ကြသော လူထုနာမည် သို့မဟုတ် မြန်မာ့ရိုးရာ နာမည် တလုံးမျှသာလည်း ဖြစ်ပေသည်။ လူဦးရေ များပြားလှသော အချို့သော ကျေးရွာများ၌ ငခွေးနာမည်များသည် မြားပြားလွန်းလှ၍ ခွေးဖြူ၊ ခွေးနီ၊ ခွေးညို၊ ခွေးပုနှင့် ခွေးပိန် စသဖြင့် နာမည်ကွဲကလေး များကိုပင် မှည့်ခေါ်လေ့ ရှိတတ်ကြလေသည်။
ယင်းသို့ နာမည်ခွဲများ မှည့်ခေါ်ခြင်း ပြုနေသည့်ကြားမှ ငခွေး နာမည်များသည် များပြား နေရပြန်ကား ငခွေးများကို ရှင်းလင်း သိသာအောင် ခွဲခြားခြင်း ပြုနိုင်ရန်အတွက် ကိုရာကျော် သား ငခွေး၊ မခွေးမ သား ငခွေး၊ ဘုန်းကြီး ယောက်ဖ ငခွေးနှင့် ဒေါ်ဂွမ်းပုံ သမက် ငခွေး စသော နာမဝိသေသနများကို ၎င်းတို့ရပ်ရွာ၏ သီးခြား အနေအထားအလိုက် တပ်ဆင်ပေးထားတတ် ကြလေသည်။ ရန်ကုန်ထောင်ကြီး၏ တံခါးအတန်တန် အထပ်ထပ်ကို ထင်သလိုဖွင့်ကာ ဝင်ချင်သလို ဝင်လေ့ရှိတတ်ကြသော ကျွန်တော်၏ အထက်ပါငခွေးများသည် ကျေးလက်၏ ရလဒ်များပင် ဖြစ်ကြလေသည်။ သူတို့၏ မိဘများသည် ဆင်းရဲသော တောင်သူလယ်သမား သား တောင်သူလယ်သမားသာ ဖြစ်ကြလေသည်။ ထို့ကြောင့် ငခွေးတို့သည် လောကဓတ်၏ သိပ္ပံကျောင်းများ၌ ပညာသင်ကြားခွင့် မရှိခဲ့ကြချေ။ တောရွာ၌ ဘုန်းကြီးကျောင်းများတွင်သာ စာအံကြရပေသည်။ စာအံကြသည် ဆိုရာ၌လည်း အေးအေးဆေးဆေးနှင့် ဖြောင့်ဖြောင့် တန်းတန်း အံကြရသည် မဟုတ်ချေ။ မိဘတို့၏ လယ်ယာလုပ်ငန်းများတွင် တဖက်မှ ကူညီဝင်ရောက် လုပ်ကိုင်ကြယင်း၊ မင်္ဂလာသုတ်လောက်ကိုပင် အနိုင်နိုင် သင်ကြား ကျက်မှတ် ခဲ့ရသူများ ဖြစ်လေသည်။ သေစာ ရှင်စာလောက် ဖတ်တတ်လျင်ပင် ငခွေးတို့ လူသိုက်သည် ဆင်းရဲသော ၎င်းတို့ မိဘများနှင့် ဒိုးတူဘောင်ဘက် ဝင်ရောက် လုပ်ကိုင်ကြရပေသည်။ မိမိတို့အား ထွန်များကို နိုင်လာသည်နှင့် တပြိုင်နက် ၎င်းတို့၏ ဘဝလမ်းခရီးအတွက် ၎င်းတို့ ဘာသာ ပြင်ဆင်လုပ်ကိုင်ကြရ ရှာလေသည်။ သို့ရာတွင် ငခွေးတို့ လူသိုက်အား ကစင့်ကလျား ဖြစ်သွားစေခဲ့သော အဖြစ်အပျက် နှစ်ခုတို့သည် ဤ တိုင်းပြည်၌ ဆယ်လီစု နှစ်အနည်းငယ်မျှ အတွင်း ဖြစ်ပွါးပေါ်ပေါက် လာခဲ့ပေသည်။
ပထမ အဖြစ်အပျက်မှာ ဒုတိယကမ္ဘာစစ်ကြီး ဤတိုင်းပြည်သို့ ကူးစက်လာခြင်းနှင့် အတူ ဝေသာလီပြည်သို့ သူရဲများ ဝင်သလို ဝင်လာကြသော ဖက်ဆစ်ဂျပန်များ ဖြစ်ပေသည်။ ဒုတိယ အဖြစ်အပျက်သည်ကား ဤတိုင်းပြည်၏ လွတ်လပ်ရေးကို ထုတ်ပြန် ကြေညာပြီးနောက် ဖြစ်ပွါး ပေါ်ပေါက်လျက်ရှိနေခဲ့သော ပြည်တွင်းစစ်ပင် ဖြစ်လေသည်။ အထက်ဖော်ပြပါ အဖြစ်အပျက်ကြီး နှစ်ခုတို့သည် မိရိုးဖလာအတိုင်း တောလက်ကျေးရွာများတွင် စိုက်ပျိုးလုပ်ကိုင် စားသောက်နေကြသော ငခွေးတို့လူသိုက်အား ကတ္တရာစေး လမ်းမကြီးများပေါ်သို့၎င်း၊ မြို့ကြီးရပ်များကို၎င်း၊ လှုပ်ခါ မောင်းတင်လိုက်ပေသည်။ မြေကြီးကို ထွန်ယက်စိုက်ပျိုးတတ်သော အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းခဲ့ရသော ငခွေးတို့ လူသိုက်အတွက် ကတ္တရာစေး လမ်းမကြီးများနှင့် မြို့ကြီးရပ်ကြီးများတွင် သင့်လျော်သော အလုပ်အကိုင်များ ရှာပါးလှပေသည်။
ဘီအက်စ်စီ အင်ဂျင်နီယာဘွဲ့ကို ရသူများပင်လျင် အထက်တန်းစာရေးကြီး လုပ်ကိုင်နေရသော မြို့ကြီးရပ်ကြီးများတွင် သေစာရှင်စာမျှကိုပင် အားစိုက် ဖတ်ရှုရေးသားခြင်း ပြုကြရသော ငခွေးတို့ လူသိုက်ကို အဘယ်သူကမျှ အသုံးမပြုနိုင်ကြချေ။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်လာကြသောအခါ ငခွေးတို့ လူသိုက်သည် တောတွင်းသားတို့ရဲ့ ဥပဒေအတိုင်း ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းအမှုကို လိုက်နာလုပ်ကိုင် လာကြရပေတော့သည်။ ယင်းသို့ ပြည်တော်သာ ပန်းတိုင်ဆီသို့ မင်းလုပ် နေကြသူများက ဤတိုင်းပြည်အား ချီတက်ခိုင်းနေကြသော ကာလများအတွင်း တောတွင်း သားရဲတို့၏ ဥပဒေများကို မြို့ကြီးရပ်ကြီးများ၌ ထူထောင်ရန် ကြိုးပမ်း အားထုတ်လာကြသော ငခွေးတို့ လူသိုက်အား အကျဉ်းထောင်များ အတွင်းသို့ လှောင်ပိတ်ထားကြခြင်းပင်ဖြစ်သည်။
မည်ကဲ့သို့ပင် ဖြစ်စေ ပြည်တော်သာခေတ်က ရန်ကုန်ထောင်ကြီးအတွင်း၌ မကြာခဏဆိုသလို လာရောက်အပန်းဖြေ နေထိုင်လေ့ ရှိကြကုန်သော ငခွေးပေါင်း မြောက်မြားစွာ ရှိကြသည့် အနက်၊ ကြပ်ငခွေး အမည်ရှိသော ဤဝတ္ထု၏ အဓိက ဇာတ်ကောင်ကြီးအကြောင်းကို ရေးသားဖော်ပြခြင်း မပြုမီ အခြားခြားသော နာမည်ကြီး အနည်းငယ်တို့၏ အကြောင်းများကို အကြမ်းဖျဉ်း လောက်တော့ ကျွန်တော်သည် ရေးသားဖော်ပြလိုသည်။
[၂]
ရှေးဟောင်း ပုဂံရာဇဝင်၌ ရခဲလှပေသော ပုဂံပြည် ထီးနန်းစည်းစိမ်ကို စလေငခွေး ဆိုသူ အညတြတဦးက ရရှိဘူးသည့်အကြောင်း ရှေးဟောင်းရာဇဝင်များ၌ တွေ့ရှိဖတ်ရှုဘူး သူများ ရှိကြပေလိမ့်မည်။ စာရေးဆရာကြီး စစ်ကိုင်းဦးဘိုးသင်းသည် အထက်ပါ စလေငခွေး အကြောင်းကို ရာဇဝင်ဝတ္ထု အဖြစ်ဖြင့် ရေးသားခြင်း ပြုဘူးလေသည်။ သို့ရာတွင် ရန်ကုန်ထောင်ကြီးအတွင်း၌ နာမည်တလုံးနှင့် မကြာခဏ လာရောက်နေထိုင်လေ့ရှိသော စလေ ငခွေး တယောက်ကမူ မည်သည့် ထီးနန်းစည်းစိမ်ကိုမျှ မရချေ။ စလေငခွေးသည် အထက်အညာသား တယောက်ပြီပြီ ရိုးရိုး ဖြောင့်ဖြောင့်နေထိုင် ပြောဆိုတတ်လေသည်။ ထိုငခွေးသည် သူတပါး၏ အသက်ကိုလည်း မသတ်၊ သူတပါး ဥစ္စာကိုလည်း မခိုးမဝှက်၊ မလုယက် မတိုက်ခိုက်၊ အရက်သေစာကိုလည်း မသောက်စား၊ သူတပါး အိုးအိမ်နှင့် သားမယားကိုလည်း မကျူးကျော်၊ မုသာဝါဒကိုလည်း မပြောဆိုတတ်ချေ။ ထိုသို့ ကံငါးပါးကို ထိန်းသိမ်းခြင်း ပြုလိုက်ရုံနှင့်ပင် စလေငခွေးသည် ရန်ကုန်ထောင်ကြီးအတွင်းသို့ ငါးကြိမ်တိုင်တိုင် ဝင်လိုက်ထွက်လိုက် လုပ်ခဲ့ချေသည်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံသော ထိုငခွေးသည် အဘယ့်အတွက် ထောင်ငါးကြိမ်မျှပင် ကျခဲ့ရသနည်း။ ကျွန်တော်သည် စလေငခွေးဆိုသော နာမည်တလုံးနှင့် ထိုငခွေးအမည်ရှိသော ထိုထောင်ကျ ကို မေးမြန်းစုံစမ်းခြင်း ပြုခဲ့လေသည်။ အညာသားပီပီ ထိုသတ္တဝါသည် စကားကို သွယ်ဝိုက်၍ မပြောတတ်ချေ။
"ကျွန်တော်က လူအငှားရိုက်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းရတဲ့ လူကိုး အကို" ဟု ခပ်တိုတို နှင့် နားလည်လွယ်အောင် စလေငခွေးက ပြန်ပြောလေသည်။ ထိုသို့ သူ၏ အသက်မွေးဝမ်းကျောင်းရသော အလုပ်အကိုင်ကို ထုတ်ဖော်ပြောဆိုရသည့်အတွက် ထိုငခွေး သည် ရှက်ကြောက် ဝမ်းနည်းပုံမရချေ။ ဂုဏ်ပင် ယူလိုသည့်ဟန် ရှိသည်။
"သည်အတတ်ပညာကို တောမှာတုန်းကတော့ ကျွန်တော် မတတ်ခဲ့ပါဘူးအကို၊ မြို့ရောက်လာတော့မှဘဲ သမုဒ္ဒရာ ဝမ်းတထွါအတွက် မလုပ်ရင် မဖြစ်တော့လဲ လုပ်ယင်းကိုင် ယင်း တတ်လာတာပါ" ထိုကဲ့သို့လည်း ဆက်လက်ပြောဆိုလေသည်။
"တခါရိုက်ရင် ဘယ်လောက်ရသလဲကွ" ကျွန်တော်သည် ဝင်ငွေကို စပ်စပ်စုစု မေးလိုက်မိသည်။
"အခြေအနေနဲ့ ခေါင်းလိုက်လို့ ရတယ်အကို၊ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး ရိုက်ပေးရရင် သိပ်မရပါဘူး၊ စီးပွါးရေးတို့၊ မိန်းမကိစ္စတို့နဲ့ ပတ်သက်ပြီးရိုက်ပေး ရရင်တော့ ခေါင်းလိုက်ပြီး ငါးရာက ငါးချီထိ ရပါတယ်" ကျွန်တော်သည် မိမိခေါင်းကို ယောင်၍ပင် စမ်းကြည့်မိလေသည်။
ငခွေးသည် ထိုမျှနှင့် ရပ်မနေလိုက်သေးချေ။ ဆက်ပြန်သည်။
"အယင်တပါတ် မြူနီစပါယ် ရွေးကောက်ပွဲတုန်းက လမ်းမတော်မှာ မဲဆွယ်တဲ့ လူတယောက် ခေါင်းကွဲသွားတာ အကို သတင်းစာထဲမှာ တွေ့လိုက်ပါလိမ့်မယ်၊ အဲဒါ ကျွန်တော့် လက်ရာပေါ့အကို ဒါပေမယ့် ဈေးမကောင်းလှပါဘူး၊ သုံးဆယ်ထဲ ပေးတယ်"
ယင်းသို့ အငှားရိုက်ပေးရသော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းရသော စလေငခွေးအပြင် အာဖျံငခွေး ဆိုသူတဦးလည်း ရှိသေးသည်။ အာဖျံငခွေးသည် စလေငခွေး ကဲ့သို့ လက်ရုံးရည်သမား တဦးတော့ကား မဟုတ်ချေ။ သူသည် နှလုံးရည်သမားတဦးတော့ ဖြစ်နိုင်လိမ့်မည် ထင်ပေသည်။
အာဖျံငခွေး ဆိုသည့်အတွက် ထိုငခွေးသည် ဘိန်းစားတယောက်ဟူ၍ မထင်မှတ် စေလို။ ထိုသတ္တဝါသည် ဘိန်းကိုထားဘိဦး၊ ဆေးလိပ်ကိုမျှပင် သောက်တတ်သူတဦး မဟုတ်ချေ။ သို့ရာတွင် အာဖျံဟူ၍ တွင်ရခြင်းမှာ ထိုငခွေးသည် ဘိန်းချမှုဖြင့် ရန်ကုန်ထောင်ကြီးအတွင်းသို့ သုံးကြိမ်မျှ လာရောက် နေထိုင်ဘူး သောကြောင့် ဖြစ်ပေသည်။ ထိုသို့ ဆိုလိုက်သည့်အတွက် အာဖျံငခွေးကို ဘိန်းချနိုင်လောက်သော ကြေးရည်တတ်ကြီးတဦး တယောက် အနေနှင့်တော့လည်း အထင်မကြီးသွားစေလိုပေ။ စင်စစ် အာဖျံငခွေးသည် ဘိန်းချလေ့ရှိသော တရုတ်သူဌေး သူကြွယ်များအတွက် နာမည်ခံ၊ သို့မဟုတ် အငှားလိုက် ထောင်ကျပေးရသော သတ္တဝါတကောင်မျှသာ ဖြစ်လေသည်။ ထိုထက်ရှင်းအောင် ရေးသားရလျှင် အာဖျံငခွေးသည် ထောင်ကျစားနေသော လူတယောက်ယူ၍ ရေးသားရပေလိမ့်မည် ထင်ပေသည်။
ယစ်မျိုးဘက်က ၎င်းတို့၏ ဘိန်းများကို ဘမ်းဆီးမိသော အခါများတွင် အဖမ်းခံရသော တရုတ်ဘိန်းကုန်သည်များသည် ငခွေးကို လိုက်လံရှာဖွေကာ တရားခံအငှားလိုက်ဖို့ ငှားရမ်းခြင်း ပြုလေ့ ရှိကြသည်။ ငခွေးကလည်း လခကောင်းကောင်းရလျင် အငှားလိုက်တတ်လေသည်။
"မင်း အခုလို ထောင်ကျခံတဲ့အတွက် သူတို့က ဘယ်လို ပေးသလဲကွ" ဟု ကျွန်တော်က အာဖျံငခွေးအား မေးကြည့်မိလေသည်။
"အမှုအနေအထားလိုက်ပြီးတော့ ရပါတယ်ဆရာ၊ အမှုကကြီးနေရင် ကြီးသလိုပေးတယ်၊ အမှုငယ် နေရင်တော့လဲ သူ့အိုးနဲ့ သူ့ဆန် တန်ရုံတော့ ရပါတယ်"
"ထောင်ကျ ခံပေးတဲ့အတွက် တလ တလကို ဘယ်လောက် ဝင်ငွေ ရှိသလဲဟင်"
"နှစ်ရှည်ရင်တော့ တလတလကို သုံးရာလောက် စီတယ်ဆရာ၊ လပိုင်းဆိုရင်တော့ တရာ့ငါးဆယ်၊ နှစ်ရာလောက်ပဲ ရပါတယ်"
ဤကဲ့သို့ အငှားတရားခံ လိုက်စားသော စလေငခွေးနှင့် အာဖျံငခွေးတို့နှစ်ယောက် အပြင် ကရင်ငခွေးဆိုသော ထိုငခွေးတယောက် အကြောင်းကိုလည်း ရေးသားဖော်ပြအပ်သည် ဟု ကျွန်တော်ထင်ပါသည်။ ကရင်ငခွေးဆိုသော ထိုငခွေးမှာ ကရင်အမျိုးသား တယောက်ဖြစ်လေသည်။ ကရင် အမျိုးသားပီပီ ထိုငခွေးသည် ရိုးသား ရှက်ကြောက်တတ်သော စိတ်နေ သဘောထားနှင့် အမူအရာများ ရှိလေသည်။ သူသည် စကားကို များများစားစား မပြောတတ်ချေ။ ပြောသောအခါလည်း တိုတိုတောင်းတောင်းသာ ပြောဆိုတတ်လေသည်။ ကရင်ငခွေးသည် အထက်ဖော်ပြပါ ငခွေးနှစ်ယောက်တို့နှင့် ခြားနေခြင်း ရှိလေသည်။ သူသည် ထောင်တခါတည်းသာ ကျဘူးသူ ဖြစ်လေသည်။ သို့ရာတွင် သူ့တခါမှာ အနှစ်နှစ်ဆယ်မျှ ကျရသော တခါဖြစ်လေသည်။
"ဘာမှုနှင့် ကျတာလဲ ဟင်" ကျွန်တော်က ကရင်ငခွေးကို မေးကြည့်ရပေသည်။
"မမေးပါနဲ့တော့ အကိုကြီးရာ"
ကရင်ငခွေးသည် ၎င်းထောင်ကျရသော အကြောင်များကို များစွာ ပြောဆိုလိုဟန် မရှိချေ။
"နိုင်ငံတော် သစ္စာဖောက်မှုလို့ ကြားတယ်- ဟုတ်လားကွ"
ကရင်ငခွေးသည် ဦးခေါင်းကိုသာ ညိတ်ပြယင်း ၎င်း၏ ဆေးတံတွင်းသို့ ဆေးတအိုးစာ ထည့်လေသည်။
[၃]
အထက်တွင် ဖော်ပြခဲ့သော စလေ၊ အာဖျံ နှင့် ကရင်ငခွေး သုံးဦးတို့အပြင် အခြား အခြားသော ငခွေးပေါင်း မြောက်မြားစွာလည်း ကျန်ရှိပေသေးသည်။ သို့ရာတွင် ဤ ဝတ္ထုသည် ကြပ်ငခွေး၏ အကြောင်းအရာ ဖြစ်သောကြောင့် ထိုကျန်သော ငခွေးများကို ချန်လှပ်ထားခဲ့ပြီး နောက်၊ အဓိက ဇာတ်ဆောင်ကြီးဖြစ်သော ထို ငခွေးတကောင်၏ အကြောင်းကို စတင်ရေး သားဖော်ပြဘို့ သင့်လောက်ပြီဟု ထင်ပေသည်။
ကြပ်ငခွေးကို အဝေးကပင် မြင်နိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နာမည် ရှေ့တွင် တပ်ဆင်ထားသော နာမဝိသေသနအတိုင်း သူ၏ လည်ပင်းတခုလုံးတွင် ကြပ်များနှင့် ပြည့်နှက်နေသောကြောင့် ပင်တည်း။ သူ၏နာမည်မှာ ငခွေးဖြစ်လေသည်။ သို့ရာတွင် သူ၏လည်ပင်းတွင် များပြားလှသော ကြပ်များကို အကြောင်းပြု၍ ဘဝတူ အကျဉ်းသားများက နာမဝိသေသန တပ်ဆင်ပေးထားကြခြင်း ဖြစ်သည်။
မည်ကဲ့သို့ပင် အရုပ်ဆိုးလောက်အောင် ကြပ်များ ပြည့်နှက်စေကာမူလည်း ထိုငခွေးသာ အဆိုကောင်း၊ အက, ကောင်းနှင့် အမူရာကောင်း မင်းသမီးတဦးဖြစ်သည်ကား အမှန်ပင် ဖြစ်လေသည်။ ရန်ကုန် အကျဉ်းထောင်တွင် စာဆိုတော်နေ့ ကျင်းပစဉ်က ထောင်ကျစာရေး ဆရာများသည် ဦးပုည၏ ဝိဇယပြဇာတ်ကို ဖြစ်သလို ခင်းကျင်းခဲ့ကြသည်။ ထိုပြဇာတ်တွင် ကြပ်ငခွေးသည် အဓိကဇာတ်ဆောင်ဖြစ်သော မယ်ကုဝုဏ် အဖြစ်ဖြင့် ရွှေပွဲလာများ လက်ခုပ်သံ တဖြောင်းဖြောင်း ပေးကြလောက်အောင် ကပြ အသုံးတော်ခံ သွားပေသည်။
ထိုအတတ်ပညာအား အဘယ်မှာ လေ့လာသင်ကြားခဲ့သည့် အကြောင်းကို ကြပ်ငခွေး အား ကျွန်တော် မေးမြန်းကြည့်မိသည်။ ထိုသို့ မေးမြန်းကြည့်ရာမှ ကြပ်ငခွေးသည် ၎င်း၏ ဇာတ်ကြောင်းကို လှန်လှောခြင်း ပြုပေတော့သည်။
ကြပ်ငခွေးသည် ဟင်္သတနယ်သားတဦး ဖြစ်လေသည်။ အထောင်-ရှားခဲ ဘက်မှ လယ်သမား သားသမီးတဦးလည်း ဖြစ်သည်။ လယ်သမား သားသမီးပြီပြီ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ သူသည် ရန်ကုန်ကဲ့သို့ မြို့ကြီး ရပ်ကြီးကို ထားဘိဦး၊ ဟင်္သတသို့ပင် တခါတခေါက်မျှ ရောက်ဘူးသူ မဟုတ်ချေ။ လယ်တွင်းနှင့် တောစပ်များအကြားတွင်သာ လူဖြစ်ကြီးပြင်း လာခဲ့ရသူ ဖြစ်လေသည်။
အထောင် ဘုန်းတော်ကြီးကျောင်း တကျောင်း၌ ကြပ်ငခွေးသည် မင်္ဂလသုတ် အထိ စာအံခဲ့ရပြီးနောက်၊ ကန်တော့ပွဲ တပွဲနှင့် ရှင်သာမဏေ ဝတ်ခဲ့လေသည်။ သူသည် အဆိုအက ဝါသနာပါ၍ ဘုန်းတော်ကြီး တည်ထောင်ထားသော အရပ်ဇာတ်ကလေးတွင် ယောက်ျား မင်းသမီး လုပ်ရလေသည်။
ရှင်လိင်ပြန်ပြီးနောက်၊ ကြပ်ငခွေးသည် ဆင်းရဲသား သားသမီးတို့၏ သဘာဝအတိုင်း မိဘတို့နှင့် စားဝတ်နေရေးအတွက် လယ်လုပ်ရလေသည်။ သို့ရာတွင် ကြပ်ငခွေးသည် တောင်သူ လယ်သမားဘဝနှင့် အေးအေးဆေးဆေး လုပ်ကိုင် စားသောက်ရန် အခွင့်အရေးကို ကြာရှည် မရလိုက်ချေ။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာသည်။ ဂျပန်များ ဝင်လာသည်။ အာရှတိုက် သာတူညီမျှရေးအတွက် ဟုဆိုကာ သူကြီးနှင့် မြို့ပိုင်မင်းတို့က ၎င်းအားဖမ်းဆီးပြီးလျှင် ယိုးဒယား-မြန်မာ မီးရထားလမ်းသို့ ထည့်လိုက်ကြသည်။
ဒုတိယ ကမ္ဘာစစ်ကြီးနှင့် ဂျပန်အုပ်စိုးမှုတို့သည် အေးအေးချမ်းချမ်း လယ်လုပ်ကိုင်စား သောက်နေကြသော ကြပ်ငခွေး၏ ဘဝအရင်းအမြစ်များကို တူးဖော်ဖြိုလှဲ ပစ်လိုက်ကြလေသည်။ ကြပ်ငခွေးသည် ရဲရင့်သူတဦးပြီပြီ ဂျပန်တို့၏ သေမင်းလမ်းမကြီးရှိ ချွေးတပ်စခန်းမှ ထွက်ပြေး လွတ်မြောက်ခဲ့လေသည်။ ထိုသို့ လွတ်မြောက်ပြီးနောက်၊ သူသည် မိမိရပ်ရွာသို့ မပြန်ဝံ့တော့ချေ။ ဂျပန် တခေတ်လုံးလိုလို သူသည် ရေကြည်ရာ မြက်နုရာများသို့ လှည့်လည်သွားလာရင်း သူ၏ အသက်တချောင်းကို ရှင်နေစေခဲ့ပေသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီး၍ ဂျပန်များ လက်နက်ချ ကြသောအခါ ကြပ်ငခွေးသည် တောအရပ်သို့ မပြန်တော့ချေ။ သူသည် အစားရအသောက်ရ ချောင်ချိသော ကျဘန်းအလုပ်များကို ရန်ကုန်မြို့၌ ရှာဖွေ လုပ်ကိုင် စားသောက်နေလေသည်။
ယင်းသို့ ကျဘန်းအလုပ်များကို ရှာဖွေလုပ်ကိုင်ရင်း သူသည် ဗြိတိသျှအစိုးရ လက်ထက်တွင် သူခိုးဂိုဏ်းနှင့် ဆက်သွယ်မိခဲ့ခြင်း ဖြစ်လေသည်။ သို့ရာတွင် ထို သူခိုးဂိုဏ်းသည် ဗြိတိသျှ စစ်တပ်များ ပြန်လည်ရုပ်သိမ်း သွားကြသောအခါ ရပ်ဆိုင်းသွားလေသည်။ အတန်ကြာ ရပ်ဆိုင်း ထားခဲ့ရပြီးမှ သူခိုးဂိုဏ်းဝင်များသည် စစ်ပြီးခေတ် ခါးပိုက်နှိုက် လုပ်ငန်းကိုပြ၍ စကြလေသည်။ ထိုဂိုဏ်းနှင့် အဆက်အသွယ်ရှိသော ကြပ်ငခွေးသည်လည်း ခါးပိုက်နှိုက်ခြင်း အတတ်ပညာကို တစထက်တစ သင်ကြား တတ်မြောက် လာခဲ့ခြင်း ဖြစ်လေသည်။
ဤ တိုင်းပြည်၏ လွတ်လပ်ရေးကို ထုတ်ပြန်ကြေညာကြသော အချိန်တွင် ကြပ်ငခွေး သည် ထောင်သုံးကြိမ်မျှ ကျဘူးသော ပုလိပ်စာရင်းဝင် ခါးပိုက်နှိုက်ကြီးတယောက် ဖြစ်နေပေပြီ။ ပြည်တော်သာခေတ်သို့ ရောက်သောအခါ ကြပ်ငခွေးသည် ထောင်ခုနစ်ကြိမ်မျှ ကျဘူးလျက် ထောင်ကို ထောင်ဟူ၍ပင် မအောက်မေ့ မထင်မှတ်တော့ချေ။
ရန်ကုန်ထောင်ကြီး အတွင်း၌သာ ငခွေးကို ၎င်း၏ လည်ပင်းမှ ကြပ်များကို အကြောင်းပြု၍ ကြပ်ငခွေးဟု ခေါ်ဝေါ် ကြသော်လည်း မြေအောက်နှင့် ခါးပိုက်နှိုက်လောကမှ လူများကမူ ငခွေး၏ လျင်မြန် ကျင်လည်မှုကို ဂုဏ်ပြုသောအားဖြင့် စကြာငခွေးဟု ခေါ်ဝေါ်လေ့ ရှိကြကြောင်း ကျွန်တော်သည် စုံစမ်းသိရှိ ရပေသည်။ ခါးပိုက်နှိုက်ခြင်း အတတ်၌ ငခွေးသည် ပါရဂူတယောက်ပင် ဖြစ်ပေသည်။ အထွေထွေ ဗဟုသုတကို ရနိုင်သမျှ ဆည်းပူးနေရသူ တဦးအနေနှင့် ကြပ်ငခွေးထံမှ ခါးပိုက်နှိုက်အတတ်ပညာနှင့် လုပ်ငန်းအကြောင်းကို ကျွန်တော်သည် စုံစမ်းမေးမြန်း ကြည့်ပေသည်။
"ခါးပိုက်နှိုက်တဲ့ အလုပ်ဆိုတာကတော့ နိုင်ငံရေးသမားတွေ ပြောပြောနေကြတဲ့ ခေါင်းပုံဖြတ်တဲ့ အလုပ်တို့၊ အမြတ်ကြီးစားတဲ့ အလုပ်တို့နဲ့ အကြောင်းအရာကတော့ အတူတူပါဘဲ ဆရာ ၊ အံကွဲတာကလေးတော့ ရှိသပေါ့"
ကြပ်ငခွေးက ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် ပြောဆိုလာသည့်အတွက် "ဘယ်လိုကွဲ တာလဲကွ ဆိုစမ်းပါဦး" ဟု ကျွန်တော်က ပြန်၍ မေးလိုက်ရသည်။
"လုပ်ပုံကိုင်ပုံချင်း ကွဲသပေါ့ဆရာ၊ ခေါင်းပုံဖြတ်တို့၊ အမြတ်ကြီးစားတို့က လူတွေရဲ့ အိတ်ထောင်ထဲက ပိုက်ဆံကို လူသိရှင်ကြားနဲ့ တရားဝင် နှိုက်ယူကြတာပဲ မဟုတ်လား၊ ကျွန်တော်တို့ကတော့ တိတ်တိတ်ကလေး နှိုက်ယူကြတာပေါ့ဗျာ"
ကျွန်တော်သည် ခါးပိုက်နှိုက် ကြပ်ငခွေးကို များစွာ အထင်ကြီးမိသည်။ သူ၏ ပြောဆိုချက်ကို အဘယ်သူ ငြင်းနိုင်သနည်း။
ခါးပိုက်နှိုက်တို့ တတ်အပ်သော အတတ်ပညာနှင့် အရည်အချင်းများကို ကြပ်ငခွေး သည် ကျွန်တော်အား ၎င်း၏ တပည့်သူငယ်ကလေး တယောက်ကဲ့သို့ အမှတ်ထားကာ ရှင်းလင်းပြသပေသည်။ တိုက်ဆွဲနှင့် မီးစချ စ,သော ခါးပိုက်နှိုက်တို့၏ သိပ္ပံအတတ်များ ကိုလည်း လက်တွေ့ သင်ကြားပြသခြင်း ပြရှာသည်။ သို့ရာတွင် ထို အတတ်ပညာများကို ကျွန်တော်သည် ဤဝတ္ထု၌ ဖော်ပြရန် လိုအပ်မည် မထင်ပေ။ ဖော်ပြရန်လည်း မသင့်ဟု ထင်သည်။
ကြပ်ငခွေးသည် ထောင်ဆယ်ကြိမ်မျှထိ ကျဘူးသူ ဖြစ်လေသည်။ ထို့ကြောင့် ၎င်း၏ နောက်ပိုင်း အကြောင်းကို ကျွန်တော်သည် စိတ်ဝင်စားမိပေသည်။ သူ ထောင်ကျနေတုန်း ကာလများအတွင်း သားမယားတို့သည် အဘယ်သို့ စားသောက်နေထိုင်ကြသနည်း။
"မင်း အခုလို မကြာခဏ ထောင်ကျနေတော့ကော မင်းသားမယားတွေ ဘယ်လို စားသောက်နေထိုင်ကြသလဲ ဟင်" ဟု ကျွန်တော်သည် မေးမြန်းကြည့်မိသည်။
"ကျွန်တော်တို့လို ထောင်နဲ့ ရင်းစားနေတဲ့ လူတွေဟာ သားမယား အတည်တကျ ယူလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ ဆရာရယ်၊ မိန်းမကောင်းကိုသာ ယူရင်တော့ ကျွန်တော်တို့ ထောင်ကျ နေတုန်း စားစရာမရှိတာနဲ့ ဖာဖြစ်ကုန်တော့မပေါ့"
"ဒါဖြင့် မင်း သားမယား မရှိဘူးပေါ့"
"သားတော့ မရှိဘူးဆရာ မယားတော့ ရှိတယ်"
"ဟေ မယားတော့ ရှိတယ် ဟုတ်လား၊ ဒါဖြင့် မင်းအခုလို ထောင်ကျနေတုန်း သူ့ခမျာ ဘယ်လို စားသောက် နေရသလဲကွာ"
"သူ့ဖာသာသူ လုပ်ကိုင် ရှာဖွေ စားသောက်ရတာပေါ့ ဆရာ"
"မင်းမယားက ဘာအလုပ် လုပ်သလဲကွ ဆေးပေါ့လိပ် လိပ်သလား၊ စက်ချုပ် သလား"
"ခုလို သူတို့ဖာသာ သူတို့ လုပ်ကိုင် စားသောက်နိုင်တဲ့ မိန်းကလေးတွေက ကျွန်တော်တို့ လို အကောင်တွေကို ဘယ် လင်လုပ်ပါ့မလဲ ဆရာရယ်"
"ဒါဖြင့် မင့်မယားက ဘာလုပ်စားနေလို့လဲကွ"
"ဖာ လုပ်စားနေတာပေါ့ ဆရာ၊ ကျွန်တော်တို့အဖို့ ဒါကလွဲလို့ မယားအလုပ်ခံမယ့် မိန်းမက အရှားသားဘဲ"
"အော်အော်အော်"
"ကျွန်တော် နှိုက်ပြီး ကျွေးမွေထားတုန်း သူလဲ ကျွန်တော်နဲ့ ကောင်းကောင်းမွန်မွန် နေရှာပါတယ်၊ ကျွန်တော်လည်း ထောင်ကျသွားရော၊ သူလဲ စားစရာ မရှိလို့ အရင်အလုပ် ပြန်လုပ်ရရှာတာပေါ့"
"အင်းအင်းအင်း"
"ကျွန်တော် ထောင်ကျနေတုန်း သူကြိုက်တဲ့ လူနဲ့တွေ့လို့ ညားသွားကြရင်လဲ ကျွန်တော်အဖို့ စိတ်အနှောင့်အယှက် ဖြစ်စရာ မရှိပါဘူး၊ နောက်ထပ် ဖာတယောက် ရှာရုံပေါ့ ဆရာရယ်"
ဖာ နှင့် ခါးပိုက်နှိုက်တို့၏ ဇာတ်ကြောင်းကို ကျွန်တော်သည် ရင်နာနာနှင့် နားထောင်မိလေသည်။ ကြပ်ငခွေးသည် ထိုင်ရာမှ ထလေသည်။ သူသည် ပုံစံဆွဲရန် သူ၏ အဆောင်သို့ ပြန်ချင်ပုံ ရပေသည်။ ထို့ကြောင့် ကျွန်တော်သည် ထိုငခွေးအား စီကရက်တဗူး လှမ်းပေးလိုက် ရသည်။ ကြပ်ငခွေးသည် ကျွန်တော်ပေးသော စီးကရက်ဗူးကို ငေးငိုင်ကြည့်ရာမှ-
"ဖာရယ် ပုလိပ်ရယ် ကျွန်တော်တို့ ခါးပိုက်နှိုက်တွေရဲ့ ဇာတ်လမ်းကတော့ ဘယ်တော့များမှ ဇာတ်ပေါင်းမိကြမလဲ မသိပါဘူး ဆရာရယ်" ဟု ညည်းတွားပြောဆိုကာ ထွက်သွားပါတော့ သတည်း။
ဗန်းမော်တင်အောင်
(၁၃၆၂ ခု၊ တပေါင်းလကွယ်နေ့၊ 2001 March ၂၃ ထုတ် မာယာမဂ္ဂဇင်းတွင် ဖော်ပြပြီး စာမူကို အင်တာနက် စာဖတ်ပရိသတ်အတွက် ထပ်မံဖော်ပြလိုက်ပါတယ်)
http://bahmawtinaungblogspotcom/2013/09/blog-posthtml
ကူးယူတင်ပြခြင်းသာဖြစ်ပါတယ်။ သတ်ပုံတွေလည်း မူရင်းအတိုင်းသာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၈

Comments
Post a Comment