Etiquette လောကဝတ်

ဒီစာလုံးကို အဘိဓါန်မှာ ကျင့်ဝတ်၊ ထုံးတမ်း၊ ယဉ်ကျေးပျူငှာမှုလို့လည်း ဘာသာပြန်ပါတယ်။

ကျွန်တော့်ဇာတိရွာကလေးက တကယ့်တောရွာလေး၊ အရွယ်အစားလည်းသေး၊ ဈေးတောင်မရှိတဲ့ရွာ။ ကိုယ့်ဇာတိကိုယ် ချစ်ကြစမြဲပါ။ ကျွန်တော်ဟာ ရွာက အမျိုးတွေဆီကတော့ အသိပညာတွေရခဲ့ပါတယ်။

ဟိုနိုင်ငံသည်နိုင်ငံတွေဆီ ပြည်ပနိုင်ငံရေးတာဝန်နဲ့ အတော်ကြီးခရီးသွားခဲ့ရပါတယ်။ အများအားဖြင့်တော့ အနောက်နိုင်ငံတွေပါ။ သူတို့တိုင်းပြည်မှာ ဝတ်စားဆင်ယင်တာ၊ စားတဲ့သောက်တဲ့အခါ လိုက်နာစရာတွေကို အနည်းအကျဉ်းတော့ မသွားခင်လေ့လာထားရတယ်။ Etiquette စာအုပ်ပါဝယ်ထားတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေကိုသွားတော့ များများစားစားလေ့လာဘို့မလိုလှပါ။

တရုပ်ပြည်ကိုသွားရမယ်ဆိုတော့ လေ့လာမှုအသစ်ပြုရပြန်ပါတယ်။ တူနဲ့စားတာတော့တတ်ပါရဲ့ တူကို ပန်းကန်ပေါ်မှာ ဘယ်လိုထားမလည်းက နည်းရှိတယ်။ စတာတွေကို မသွားခင်မှာကြိုတင်ဖတ်မှတ်ထားတယ်။ ဟိုရောက်တော့ စကားစပ်မိပြီး အဲလိုလေ့လာခဲ့တဲ့အကြောင်းပြောပြတော့ အဲတာတွေမလိုပါဘူးဗျာတဲ့။

ကျွန်တော်ငယ်ငယ်လေးတုံးက ရွာကိုသွားတိုင်း၊ ထမင်းဝိုင်းမှာ ဖိနပ်ချွတ်စားရတယ်။ လူကြီးကို ဦးချရတယ်။ ဟင်းခပ်ဇွန်းကို ထမင်းစားတဲ့လက်နဲ့မကိုင်ရဘူး။ အသံမည်အောင်မစားရဘူး။ ဟင်းခပ်ပြီးရင် ဇွန်းကို ဟင်းပန်းကန်မှာ အနေတော်အောင်ပြန်ထားရတယ်စသဖြင့် လိုက်နာစရာတွေကို ရွာကအမျိုးတွေကနေ သင်ပေးတယ်။ အိပ်ရင် အရှေ့ဖက်သာခေါင်းပြုအိပ်ရတာ၊ လူကြီးနဲ့ပေးစရာယူစရာရှိတိုင်း လက်နှစ်ဖက်သုံးရတာ၊ လူကြီးရှေ့မှာ ခေါင်းငုံ့ရတာ စတဲ့နီတိတွေလည်းပါတယ်။ ဘုန်းကြီးတွေနဲ့ ဆက်ဆံရေးစည်းမျဉ်းတွေလည်းပါတယ်။

အနောက်နိုင်ငံတွေမှာ ကြိုက်တာကိုကြိုက်သလောက်ယူစားရတဲ့ ဘရိတ်ဖတ်စ်နဲ့ ဘူဖေးလိုမှာ မကုန်လို့ ပန်းကန်ထဲ ကျန်နေရင် အထင်သေးခံရတယ်။ ကိုတရုပ်တွေကတော့ အရိုးတွေ အခွံတွေကို စားပွဲအောက်ပြစ်ချတာပဲ။ တူကိုလည်း တင်ချင်သလိုတင်တယ်။ အိန္ဒိယမှာကတမျိုး။ ကျွန်တော့်မျက်စိနဲ့ မတည့်တာကများတယ်။ ရေဖန်ခွက်တို့ လက်ဖက်ရည်ခွက်တို့ကို သောက်ပြီးရင် ကြမ်းပေါ်မှာချကြတယ်။

ဘယ်နိုင်ငံ ဘယ်လိုပွဲလမ်းရောက်ရောက် ရွာကနေသင်ပေးလိုက်တဲ့ အက်တစ်ကက်ကိုတော့ လိုက်နာပါတယ်။ သူတို့ စာအုပ်ထဲမှာ အဲတာတွေမပါ။ ကိုယ်ကအသက်ကြီးသူဖြစ်တော့ အရိုအသေပေးတာခံချင်ကြောင်းလည်း မပြမိအောင် သတိထားပါတယ်။ ယဉ်ကျေးမှုနည်းသူတွေနဲ့ နေရတဲ့နှစ်တွေကလည်း အတော်ကိုကြာလှပြီ။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၆
၂၅-၁-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ