The Old Fisherman တံငါအို

ကိုမင်းနောင်ဆိုရင် သူဆိုတဲ့သီချင်းကောင်းတွေ အများကြီးထဲက ၂ ပုဒ် ခေါင်းထဲရောက်လာတယ်။ ဇရာ နဲ့ တျာချင်း။

ဝန်ကြီးပဒေသရာဇာ၏ ထန်းတက်သမားဖွဲ့ တျာချင်း

နွေဦးကာလ၊ မြူထသောခါ၊
ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊
ဓားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့၊ တက်သည်နှင့်လေး။

ထန်းပင် ထန်းလက်၊ ထန်းရွက်ကယ် ဝေဝေ၊
စင်အောင် ခုတ်ထစ်၊ နုမြစ်ကယ် ထန်းဦးရေ၊
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ၊
ခွေးဟစ် လူဟစ်၊ ခတ်ပစ်ကယ် ခြောက်သောခါ၊
ပတတ်ကယ် ယုန်, ခါ၊ တောမှာရှိကြ၊
ငုံး ကြက်ကယ် ဖွတ် မြွေ၊ ဝံပုလွေ၊
မနေ ထွက်လာကြသည်တည့်လေး။

ဝမ်းသာအားရ၊ မယားကတသွယ်၊
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်၊
လင်ကတသွယ်၊ ယုန်ငယ်ကစ၊
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာ ယူ၍ချသည်နှင့်လေး။

သို့နှင့်ရောက်က၊ ခဏအောင့်လျှင်၊
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်၊
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး၊
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်၊
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ၊
သမီးနှင့်သား၊ များလို့မဝင်သာ၊
ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်၊
သူ့ထက်ငါလေ၊ စားတော့မည်ဝေ၊
စပေသာလှအုန်းခွက်ကယ်နှင့်လေး။

ငုံ့လျက်ကိုယ်စီသာ၊ ဆုပ်ကာလွေးတော့သည်၊
ပြီးလျှင်ရေမရှာ၊ ခွေးသာကျွေးတော့သည်။ ။

ဝန်ကြီးပဒေသရာဇာ၏ ထန်းတက်သမားဖွဲ့ တျာချင်း http://youtu.be/jtgQ-Dt5G_8

ဇရာသီချင်းကို ဘိုကလေးတင့်အောင်ရေးသားပြီး ကိုမင်းနောင်ကဆိုပါတယ်။

အဏ္ဏဝါ ကမ်းခြေအနီးမှာ၊ ဇရာပို တံငါအိုကြီး ဘဝခရီးကိုတွေး တွေး ရင်လေးမိတာ၊ ငိုက်ဆွေးသလိုနွမ်း ပိုက်အဆွေးကို ထမ်းကာ၊ တလှမ်းခြင်းလှမ်းရင်း၊ ဝမ်းတွင်းမချိသမျှ အတိအကျပေါ်လာ။ အော် မြစ်ပြင်ရယ်ကျယ်ပါဘိလေး၊ ငါးတွေ သည်မြစ်ကြောမှာ ပေါပါဘိလေး။ သို့သော် သည်ပိုက်အဆွေးနဲ့ လိုက်ရေးမလွယ်ပါ။

နုပျိုသစ်လွင် ငယ်စဉ်ကိုမှန်း။ လွမ်း မျက်ရည်ဖြာ။ အင်အားသန်မာ လူလုံးကျစ်လစ်။ ပိုက်သစ်ကိုဆွဲကာ၊ လာလာလေ ရွှေငါးကြင်းတို့။ အိမ်အပြန်ငါးတန်ထမ်းလို့၊ မှန်းကာကြည့် လွမ်းပါဘိလေး။

ဇရာဖိစီး ခရီးမတွင်သောဘဝမှာ၊ ကျန်သေးသမျှ အားဆောင်ကြည့်ရှာ၊ ကံပေးမှ ငါးတကောင်မိမှာ။ အလို ကြည့်စမ်းပ စားစရာ ငါးသတ္တဝါ၊ ဟင် ပိုက်မှာတွယ်ငြိ မိတန်ကောင်းရဲ့တခါ၊ အသာအယာချော့ကာဆွဲ၊ အသက်ပင်မရှူရဲ လက်ထဲ လက်ထဲ လက်ထဲရောက်လု ခုအချိန်မှာ့

လွတ်လေပြီ့ ရွှေရည်ဝင်းသည့်ငါး ငါးသတ္တဝါ၊ ခုန်လွှားပြန်ဆင်း မြစ်တွင်းအဏ္ဏဝါ။ တငါအို့ ဗျာပိုလှိုက်လှဲ မျက်ရည်ဝဲ။ အားခဲလို့မဖြေသာ၊ လူကဇရာ ပိုက်မှာဆွေး၊ ငိုကြွေးမည်တမ်း မြစ်ကမ်းဗွေအဏ္ဏဝါ။     ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ