Low Price မြန်မာစာ

သတ်ပုံစာလေးတခုအောက်မှာ ကွန်မင့်တခုရပါတယ်။ ကျေးဇူး။

မဆလခေတ်မှာ သတ်ပုံတွေ ကပြောင်းကပြန်တွေလုပ်လိုက်လို့ ပြဿနာတွေပေါ်ခဲ့တယ်။ တ တခုဆိုတာကို တစ်လို့ ရေးရမယ်ဆိုတော့၊ ငါးတစ်တတစ်ကို ငါးတစ်တစ်တစ်လို့ ရေးရတော့မယ်ပေါ့၊ ဘယ့်နှယ်လဲ။

အရောင်မဲတာကို မည်းလို့ဆိုတော့ ဦးဝင်းဖေရဲ့ ရုပ်ရှင်ဇာတ်ကား အဖြူ နဲ့ အမဲ မှားတယ်ဆိုပြီး အဖြူ နဲ့အမည်း လုပ်လိုက်တော့ မည်းရဲ့အသံထွက်က မြည်းမဟုတ်လား။ ဟုတ်လိုက်လေ၊ အဖြူရှိမှတော့ အမြည်းရှိရတော့မှာပေါ့။ အဖြူဆိုတာ အရက်ဖြူ၊ ဘီအီးဒီစီကိုခေါ်ကြတာ။

မန္တလေးမြန်မာစာကျူရှင်ဆရာကြီးတဦးက၊ ရ နဲ့ ယ ပြဿနာကို ရခိုင်သံနဲ့ညှိရမယ်ဆိုရင် ရခိုင်သံနဲ့ ဟောဒီဟာကို အသံထွက် ဖတ်ကြည့်ပါတဲ့။ ငါကွာ သံပုရာသီးနဲ့ ရေနဲ့ ရောသောက်တာ၊ ဗိုက်ထဲက ရစ်ရစ်ပြီး နာလာတယ်။

ကွန်မင့်ရေးသူက အရင်ကမန္တလေး အနုပညာလောကထဲကပါ။

ကျွန်တော်တို့အလယ်တန်းကျောင်းသားကတည်းက မှတ်သားလာတာရှိတယ်။ ပင့်ရစ်မနိုင် ရခိုင်မေးတဲ့။ ရရစ်နဲ့ ယပင့်ကို ပြောတာ။ တရားသေမှတ်တာတွေက မှားတတ်တယ်။ မြန်မာစာမှာ အချုပ်အခြာလို့ရေးတယ်။ ရခိုင်က အချုပ်အချာလို့ ရေးပါတယ်။

မြန်မာစာမှာ ဖေါ်မြူလာလိုသုံးတာတွေ မှားနိုင်သလို ယူနီဖေါင်းဝတ်ပေးသလို တသမတ်တည်းသည်လိုသာရေးလို့ တ နဲ့ တစ် အပြင်ခိုင်းတာက မတရားပါ။

မြန်မာစာဟာ အင်မတန် နက်နဲ သိမ်မွေ့ ကျယ်ပြန့်ပါတယ်။ မြစေတီကျောက်စာနဲ့ ကနေ့ပေါ်ခေတ်စာတွေကြားမှာ နှစ်တထောင်နီးပါးရှိပြီ။ နှစ်တွေကြာလာပြီဖြစ်လို့ ရှေးကအဆီအနှစ်တွေကိုပါ ထုတ်နှုတ်ယူမှသာ နက်နဲတာကို သုံးတတ်ပါမယ်။

အွန်လိုင်း ဒေါင်းလုဒ်စာအုပ်တွေ ၉၀% လောက်က သတ်ပုံတွေပြင်ထားတယ်။ ဖုန်းသုံးတဲ့ ဖရီးအက်ပ် အဘိဓာန်တွေက ခပ်လွယ်လွယ်လုပ်ထားတာတွေ။ ဝီကီပီးဒီးယားလည်းပါတယ်။ ခုခေတ် စာရေးဆရာတွေ ကဗျာဆရာတွေကလည်း သတ်ပုံသမိုင်းကို လေ့လာမနေကြတော့ပဲ အမိန့်ရသတ်ပုံတွေနဲ့သာ ရေးနေကြတယ်။ အမိန့်ရဆိုတာ ထန်းရည်ဆိုင်နဲ့ အပေါင်ဆိုင်။

ပေါ့ပေါ့လေးတွေး လွယ်လွယ်လေးရေးရင်တော့ အပေါစားဖြစ်မယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး