Taj Mahal တာ့ခ်ျမဟာကို ရွှေမချပါ
လွန်ခဲ့တဲ့ ၄ နှစ်တိတိကစာကို ပြန်တင်တော့ ဖတ်တဲ့သူတွေ မနည်းတာတွေ့ရတယ်။ ကျေးဇူး။ ထပ်ဖြည့်ပါရစေ။
မြန်မာပြည်မှာ ရာဇဓါတုကလျာအတွက် မေတ္တာဘွဲ့ကို နတ်ရှင်နောင်က ရေးခဲ့တယ်။ အိန္ဒိယမှာ မေတ္တာကို ဗိသုကာလက်ရာနဲ့ ရှားဂျဟန်ဘုရင်က အမွှမ်းတင်ခဲ့တယ်။
တာ့ခ်ျမဟာဆိုတာ အိန္ဒိယတိုက်ငယ်ကိုအုပ်စိုးသွားတဲ့ ပါရှားနဲ့ အာရတ်မင်းဆက်ရဲ့ အထင်ရှားဆုံး ရှေးဟောင်း ဗိသုကာ လက်ရာတခုဖြစ်တယ်။ အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်ထဲက အာဂရာမှာ တည်ရှိပါတယ်။ မူဂေါလ် အင်ပါယာ ဘုရင်ကြီး ရှားဂျဟန် ကနေ သူ့ရဲ့ကွယ်လွန်သူ မိဖုရား မွန်မ်တာ့ဇ် မဟာအတွက် အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ မွတ်ဆလင် အနုပညာရဲ့ရတနာလို့ တင်စားကြပါတယ်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်လည်း ဖြစ်ပါတယ်။ အစ္စလမ်၊ ပါရှန်၊ တူရကီ အော်တိုမန် နဲ့ အိန္ဒိယဗိသုကာလက်ရာတွေ ပေါင်းစပ်ထားတာ ဖြစ်တယ်။ ၁၆၃၂ ခုနှစ်မှာစတည်ပြီး ၁၆၅၃ မှာ ပြီးစီးခဲ့တယ်။
ချစ်မေတ္တာလို့လည်း သရုပ်ဖေါ်တယ်။ အသည်းကွဲတာလို့လည်း တင်စားကြတယ်။ အနုပညာဗိသုကာလက်ရာလို့လည်း ချီးမွမ်းကြတယ်။ တန်ခိုးအာဏာရဲ့သက်သေလို့လည်း ထောက်ပြကြတယ်။ သက်ဦးဆံပိုင်စနစ်ရဲ့ ပြယုဂ်လို့လည်း ကဲ့ရဲ့ကြတယ်။ ကမ္ဘာလှည့်ခရီးသွား စီးပွါးရေးလည်းဖြစ်တယ်။
သူတို့ဆီမှာ ရွှေတွေအများကြီးထွက်တယ်။ တာ့ခ်ျမဟာကို ရွှေမချပါ။ မြန်မာပြည်မှာတော့ စစ်အစိုးရလက်ထက်မှာ ရွှေအတုချတယ်။ ရှေးမြန်မာပညာရှင်တွေရဲ့ သတ်ပုံကိုပါ ထုံးသုတ်တယ်။ အနန္တသူရိယအမတ်ရေးခဲတဲ့ အမျက်ဖြေလင်္ကာပါ တစာလုံးတွေကို တစ်တွေလုပ်မှ ထုတ်ဝေခွင့်ပေးတယ်။ အဲတာက အမှန်လို့ ထင်နေကြတယ်။ အဲလိုက မှန်တယ်လို့ပြောတဲ့ဆရာတွေက ရွှေကုလားထိုင်နေရာ ရနေကြတယ်။
ကမ္ဘာ့ရွှေကောင်စီစာရင်းဇယားတွေအရ အိန္ဒိယကနေ နှစ်စဉ် ရွှေတန်ချိန် ၁၀၀ ထွက်တယ်။ ၂၀၁၆ ခုနှစ်မှာတော့ ၂ တန် လောက်သာထွက်ပါသတဲ့။ ကာနာတာကာနဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်က အများဆုံးထွက်တယ်။ အန်ဒရာပရာဒက်ရှ် ပြည်နယ်တခုတည်းကနေ ရွှေအရိုင်း ၇့၀၆ သန်းတန်ချိန်ထွက်ပြီး သန့်ပြီးသားရွှေ ၃၇,၀၂၅ ကီလိုဂရမ်ရပါသတဲ့။
မြန်မာပြည်မှာ တချို့ကုသိုလ်လုပ်တာတွေက တကယ်ကုသိုလ်ဖြစ်မဖြစ် မေးခွန်းထုတ်စရာတွေရှိတယ်။ ကိုယ့်အကျိုးနဲ့ အများအကျိုးကို စိစစ်ပြီး ကောင်းမှုပြုစေချင်ပါတယ်။ တိုင်းပြည်အကျိုးကိုလည်း ကြည့်စေချင်တယ်။ ကန်တော့ပါ၊ သာသနာပြုနည်း လွဲတာတွေလည်းရှိတယ်။ အထက်လူကြီးကြည့်လုပ်သူတွေရှိတယ်။ အောက်ကလူတွေ သြဘာပေးအောင်လုပ်ကြတဲ့ လူကြီးတွေလည်း ရှိတယ်။ စေတနာဆိုတာ ရွှေချတာကိုသာ ခေါ်တာမဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၅
၂၃-၁-၂ဝ၁၉

Comments
Post a Comment