တပွင့်ပြီးတပွင့် တရွက်ပြီးတရွက် တပင်ပြီးတပင်

နိုင်ငံရေးထဲကလူတွေ၊ အနုပညာလောကထဲကလူတွေ၊ စာပေနယ်ထဲကလူတွေ၊ တပွင့်ပြီးတပွင့်၊ တရွက်ပြီးတရွက်၊ တပင်ပြီးတပင် မရှိကြတော့ပါ။ ခင်မင်ရင်းနှီးသူတွေလည်း မဟုတ်ပေမဲ့ စိတ်မကောင်းကြီးစွာ ဖြစ်ပါတယ်။ သူတို့တတွေ ထားရစ်တဲ့အမွေ၊ ကျန်ခဲ့တဲ့ လက်ရာတွေကို မဖျက်ဆီးကောင်းပါ။ နောက်လူတွက ကိုယ်လိုသလိုလည်း မပြင်ကောင်းပါ။

ဆရာတင်မိုးရေးတဲ့ မျက်နှာအမည်ပေးထားတဲ့ကဗျာလေး ရှိတယ်။

ကိုယ့်မျက်နှာကို
တရွာမှတ်ထင်၊ ကိုယ့်ကိုခင်သည့်
ချစ်ကြင်သူလေးရေ
တရက်တရွာ၊ တမျက်နှာ
ဆက်ကာ ဆက်ကာ ပြောင်းခဲ့ပြီ။

အသက် ၂၀
အမှန်မျက်နှာ၊ ငါကြည့်မှာပေါ့
ဘာမျှကိုယ်ကျိုး မကြည့်နိုင်။

အသက် ၃၀
မှန်တိုင်း မဟုတ်၊ အလုပ်မျက်နှာ
ငါကြည့်မှာပေါ့

ဒါမှ အလုပ်ဖြစ်မယ်။

အသက် ၄၀
မှန်သည်ကိုသိ၊ ကြည့်မနေနိုင်
အလုပ်ကိုသိ၊ ကြည့်မနေနိုင်
မယား၏မျက်နှာ
သား၏မျက်နှာ၊ ကြည့်ရပါပြီ
မှန်ရာ မလုပ်ဝံ့တော့ပြီ
မှန်ရာမလုပ်၊ ရန်ငါရှုပ်
ကုပ်ကုပ်ကလေး ကွေးရပြီ။

အသက် ၅၀
၆၀
၇၀့
အရွယ်ကြီးမှ၊ လူမုန်းမခံမခံပါရစေနှင့်
လောကဆိုတာ သည်လိုပေါ့ကွယ်။

ဆရာတင်မိုးဟာ မြန်မာစာဆရာလည်းဖြစ်ပါတယ်။ သတ်ပုံဂိုဏ်းကွဲတော့ တစ်ဘက်မှာမပါ။ ဒါပေမဲ့ သူသက်ရှိစဉ်က ထုတ်ဝေတဲ့ကဗျာတွေမှာ တစ်တွေနဲ့သာ။ အဲတာကို ဆရာ့ကဗျာရဲ့ အသက် ၃၀-၄၀ အပိုဒ်တွေက ဆိုလိုခဲ့တယ်လို့ ကျွန်တော်က ထင်ပါတယ်။ မှန်တိုင်း မဟုတ်၊ အလုပ်မျက်နှာ ငါကြည့်မှာပေါ့။ မှန်ရာ မလုပ်ဝံ့တော့ပြီ၊ မှန်ရာမလုပ်၊ ရန်ငါရှုပ်၊ ကုပ်ကုပ်ကလေး ကွေးရပြီ။

ပညာရှင်တွေမှာ သက်ရှိထင်ရှားစဉ်မှာလည်း မှန်ရာကို ရေးမရပါ။ အသက်ဆုံးပါးသွားရင်တော့ သူတို့အနုပညာ ပစ္စည်းတွေဟာ ရစရာမရှိ ဖြစ်သွားနိုင်တာ ကျွန်တော်တို့နိုင်ငံရဲ့ ကနေ့ ပညာ၊ အနုပညာနဲ့ စာပေဘဝဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး