အရည်းကြီး

မင်္ဂလာပါဆရာ ယခုနက ဒေါက်တာသန်းထွန်းရဲ့ သမိုင်းသစ်စာအုပ်အကြောင်း ပို့တင်လာလို့ မေးချင်တာလေး ပေါ်လာလို့ပါ။ ယခုတလောကြားခဲ့ရတာ ပုဂံသမိုင်းမှာ အရေးကြီးတွေဆိုတာ မရှိဘူးတဲ့ တချို့ကလည်းရှိတယ်။ မေးချင်တာက အဲ့ပုဂံသမိုင်းက အရေးကြီးဂိုဏ်းအကြောင်း တကယ်မရှိ ရှိ။ ရှိခဲ့ရင် ဘယ်လို ဖြစ်လာတယ် သမိုင်းကြောင်းကို ပို့တခုအဖြစ် တင်ပြပြီး ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မေးခွန်းကို အရင်ပြင်ပါရစေ။ အရေးကြီးဂိုဏ်း မဟုတ်ပါ။ အရည်းကြီး ဖြစ်ပါတယ်။

၁။ ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်ရေးတဲ့ သာသနာကို ထိန်းသိမ်းပါ
အချိန်ကား သက္ကရာဇ် ၄၀၆ ခုနှစ် ပုဂံပြည်၌ အနော်ရထာမင်းကြီး နန်းတက်စကာလဖြစ်၏။ ပုဂံပြည်၌ မင်းအဆက်ဆက် အဓမ္မ၀ါဒ ပြန့်ခဲ့သော မဟာယာန အရည်းကြီးများအား မင်းကြီးစိတ်နှင့်မတွေ့၍ ဒွိဟဖြစ်နေချိန်လည်းဖြစ်သည်။ သီလဗုဒ္ဓိ ရဟန္တာမြတ်ကြီးကား ပုဂံပြည်၏ သတင်းများကို ကြားသိတော်မူသဖြင့် ရှင်အရဟံအား အကျိုးအကြောင်း မိန့်တော်မူကာ ပုဂံသို့သွား၍ သာသနာပြုရန် တာဝန်ချလေတော့သည်။ မင်းကြီးကား ရှင်အရဟံ၏ ဣနြေ္ဒကို မြင်လိုက်ရုံမျှဖြင့် ဤသူကား လူရိုင်းမဟုတ်၊ တရားရှိသော သူတော်မြတ်ပင်ဖြစ်သည်ဟု ပါရမီဓါတ်ခံကြောင့် အမှန်ကိုသိတော်မူ၏။ အရှင်ကား ဘယ်အမျိုးအနွယ်နည်း။ အဘယ်မှ ကြွလာသနည်း။ အဘယ်သူ၏ တရားအဆုံးအမကို ယူသနည်း။ ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော် ၉ ပါး နှင့် ပြည့်စုံတော်မူသော အစိန္တေယျ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ အမျိုးအနွယ်ဖြစ်ပေသည်။ ငါ၏ဆရာနှင့် သီတင်းသုံးဖော်များရှိရာ သထုံပြည်မှလာခဲ့၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဟောကြေားသော အဆုံးအမကို ခံယူသည်။့ အရည်းကြီး ၆ သောင်းကိုလည်း လူဝတ်လဲကာ အဲမောင်းလှံကိုင် ဆင်ချေး၊ မြင်းချေးကျုံးထားတော်မူ၏။

၂။ အရှင်ဝိမလဝံသ နာလန္ဒာတက္ကသိုလ်ရေးသားတဲ့ မြတ်ဗုဒ္ဓသာသနာတော်၂၅၀၀ ခရီးထဲမှာ သာသနာနှစ် (၁၅) ရာစု ပုဂံပြည်တွင် ညောင်ဦးစောရဟန်း တောင်သူကြီးမင်းဖြစ်၍ ရှင်မထီးအရည်းကြီးဂိုဏ်းကို ချီးမြှောက်ထောက်ပံသည် ။ အိန္ဒိယပြည် မထုရာမြို့  ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက တည်ထောင်ခဲ့သော ဝလဘိတက္ကသိုလ်၊ မဂဓတိုင်း မဟာယာနဂိုဏ်းကတည်ထောင်ခဲ့သော နာလန္ဒတက္ကသိုလ်၊ ဘင်္ဂေါနယ်ရှိ သြဒန္တပူရီတက္ကသိုလ် ကျောင်းတိုက်ကြီးများကို ၀ိဇ္ဇာဂိုဏ်းဝင်ရဟန်းများလွှမ်းမိုးလေသည်။

၃။ ဘလော့တခုမှာ အရည်းကြီးသာသနာနှင့် ရှေးခေတ်ဗမာများကိုဖတ်ရတယ်။ တကယ်မရှက်တမ်းပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မိရိုးဖလာ ကိုးကွယ်မှုဆိုတာ အရည်းကြီးကိုးကွယ်မှုဖြစ်ပါတယ်။ ဗမာတွေ ဖန်ခုန်၊ မီးနင်း အရည်းကြီးများ ကိုးကွယ်နေတဲ့အချိန်မှာ့ အဲ့ဒီမှာတော့ ပန်းဦးလွှတ်ပွဲဆိုတာကို စတင်တော့တာဘဲ။

၎။ နောက်ဘလော့တခုမှာ သမီးပျိုတိုင်းကို ပန်းဦးဆက်ရတဲ့ အရည်းကြီးများအကြောင်းတွေ့တယ်။ အရည်းကြီးများ တကယ်ရှိသလား၊ မရှိဘူးလား သေချာပေါက် ပြောပြရန်မှာပင် ခက်ခဲနေပြန်သည်။ တကယ်မရှိခဲ့လျှင် ရှင်းစရာ မလိုသော်လည်း ၁၈ ရာစု မြန်မာစာပေအလွန်ထွန်းကားသော ညောင်ရမ်းခေတ်ရောက်သော် ဦးကုလားသည် တကောင်းရာဇဝင်၊ သရေခေတ္တရာရာဇဝင်၊ ပုဂံရာဇဝင် တောင်ငူရာဇဝင်များ စသော ရာဇဝင်များအားလုံး စုစည်းကာ မြန်မာတနိုင်ငံလုံးနှင့်ဆိုင်သော မဟာရာဇဝင်ကို ရေးသားခဲ့ရာတွင် အရည်းကြီးများအကြောင်းကို ထည့်သွင်း ရေးသား ဖော်ပြထားသဖြင့် အရည်းကြီးအကြောင်းကို စဉ်းစားရတော့ပါမည်။့ ပုပ္ပါးတောင်အနီးရှိ သမထီးအရပ်သည် အရည်းကြီးတို့၏ ဗဟိုဌာနချုပ်ဖြစ်သည်။ သစ်မထီးဟုလည်းရေးသည်။ ကျောက်စာများ တွင် သစ်မတည်ဟုရေးသည်။ စလေဦးပုံညက ရှေးအထီတေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ် မွေးဗလပြစ်၊ မဲညစ်သည့်စီဝရံနှင့်၊ တာတေလံအကျင့်ဆိုးသော ရှင်သိုးတကာ့ ခေါင်ကြီး၊ ရှင်မတီးဟု လင်္ကာစပ်ဆိုသည်။ ထိုသမထီးမှ တဖြည်း ဖြည်း လွမ်းမိုးလာကာ သက္ကရာဇ် ၉၃၁ ခုနှစ်တွင် ပုဂံတွင်နန်းတက်သော စောရဟန်းဘွဲ့ခံ တောင်သူကြီးမင်း လက်ထက်တွင် အရည်းကြီးများကို တပြည်လုံးကိုးကွယ်သည့်အထိ သြဇာလွမ်းမိုးလာခဲ့သည်။ တောင်သူကြီးမင်းကိုယ်တိုင် ဘုရားတည်ရာတွင် အရည်းကြီးများထံမှ အကြံဥာဏ်တောင်းခံရသည်။့ အရည်းကြီးများ တကယ်ရှိသည် မရှိသည်ကို သက်သေပြနိုင်ရန် ပြည်တွင်းပြည်ပပညာရှင်များ ရှာဖွေကြသည်။ သက္ကရာဇ် ၁၁၉၈ နှင့် ၁၂၉၈ ခန့်ကရေးထိုးခဲ့သော ကျောက်စာတခုတွင် ထမင်းအပြည့်နှင့်သပိတ်တထောင်ကို အရည်းကြီး ရဟန်းတို့အား ကပ်လှူ၏ဟုရေးထိုးသည်။ ချားလ်ဒူရွယ်ဆယ်သည် မင်းနန်သူရွာအနီး ဘုရားသုံးဆူနှင့် နန္ဒပညာဂူနံရံ ဆေးရေးပန်းချီများမှ အမျိုးသမီးများအား အရည်းကြီးများထံ ပန်းဦးလွတ်နေသောပုံဟုထင်ရသော ဆေးရေးများကိုတွေ့ရှိခဲ့သည်။့ (သုခုမအလင်းတန်းများ)

အခုတင်ပြလိုက်တဲ့ အကိုးအကားလေးခုမှာ ပဌမသုံးခုက ဘာသာရေးသန့်သန့်ဖြစ်ပြီး နောက်ဆုံးတခုက သမိုင်းနဲ့ ဆိုင်တယ်။ အားလုံးကို အင်တာနက်ကနေ ခပ်လွယ်လွယ်ရှာလိုက်တာသာဖြစ်ပါတယ်။ မေးတာက သမိုင်း။ ကျွန်တော် များများစားစား မသိပါ။ ငါးတန်းကတည်းကကျောင်းစာထဲမှာ ပုဂံခေတ်အစောပိုင်းမှာ အရည်ကြီးတွေရှိကြောင်း၊ အနော်ရထာမင်းလက်ထက်ကစပြီး နှိမ်နင်းကြောင်းပါတယ်။ ကြီးလာတော့ တခြားစာတွေပါ ဖတ်ရတယ်။ အဲလောက် မဆိုးပါဘူးလို့ ရေးတာလည်း ဖတ်ရတယ်။ မရှိခဲ့လို့ထင်တာတော့ မဟုတ်လောက်။

ကျွန်တော်ကတော့ မဟာယာနနဲ့ အရည်းကြီး မတူကြလို့ထင်ပါတယ်။ ကျွန်တော်က ဒလိုင်းလားမားအပါအဝင် မဟာယာနတွေနဲ့ နှစ်ပေါင်း ၂ဝ လောက် ရင်းရင်းနှီးနှီးနေခဲ့ပါတယ်။ ရေငုပ်၊ မီးလှုံ၊ တုံးခုန်၊ ဇယ်ခတ်၊ ပန်းဦးလွှတ်ဆိုတာ မကြားဘူးခဲ့ပါ။

ကျွန်တော်က မြန်မာစာသတ်ပုံအပါအဝင် ဘယ်စာရေးရေး ဆေးပညာစာကလွဲရင် ဒိုင်လူကြီးလုပ်လေ့မရှိပါ။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုလို့သာ အကိုးအကားနဲ့သာ တင်ပြပါတယ်။ သတ်ပုံကို အမိန်နဲ့ပြင်တာ၊ သမိုင်းကို အမိန့်နဲ့ ပြင်တာတွေကို မကြိုက်ပါ။ အကျင့်ဆိုး စနစ်ဆိုးကိုပြင်တာ ကြိုက်တယ်။ ပညာအစစ် စာအစစ် သိမြင် လေ့လာနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၇
၂-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး