Nurse သူနာပြု

ချတ် လုပ်ရာကနေ ရေးဖြစ်တဲ့စာ။

သူနာပြုသင်တန်းကို စိတ်ဝင်စားတယ်။ မြန်မာပြည်မှာ ဘယ်လိုလည်းတော့ မသိပါ။ သူနာပြုတွေကို စာသင်မပေးဖူးပါ။ သင်တန်းကျောင်ထဲလည်း တခေါက်မှမရောက်ခဲ့ဖူးပါ။

ဟုတ်ကဲ့ဆရာ ဒီမှာ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းပေါင်း ၅ဝ ရှိပါတယ်။ တချို့က တွဲရက်ကျောင်းနဲ့ တချို့က သူနာပြုသင်တန်းကျောင်း သီးသန့်ပါ။ ဒီပလိုမာ ၃ နှစ်ကျောင်းသားတွေကို မွေးထုတ်ပါတယ်ဆရာ။ ဆယ်တန်းမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သုံးဘာသာပေါင်းအမှတ် အနည်းဆုံး ၁၉ဝ ရရပါမယ်ဆရာ။ အဲဒါက သူနာပြုပါ။ သားဖွား ဒီပလိုမာကတာ့ ၂ နှစ်တက်ရပါတယ်။ စုစုပေါင်း သုံးဘာသာရမှတ် ၁၈ဝ ရှိရပါမယ်ရှင့်။ ဒါပေမယ့် သင်တန်းကျောင်းရှိတဲ့ ပြည်နယ်နှင့် တိုင်းအလိုက် အမှတ်သတ်မှတ်ပုံ အနည်းအများကွာခြားချက်ရှိပါတယ်ရှင့်။ သင်တန်းကျောင်းတွေမှာ ကျောင်းအုပ် နည်းပြ ဒုနည်းပြဆိုပြီး သင်ကြားရေးပိုင်းမှာ ခန့်ထားပါတယ်ဆရာ။ ကျွန်မက သူနာပြုတက္ကသိုလ် မန္တလေးကဆင်းတဲ့ B.N.Sc (Generic) တယောက်ပါဆရာ။ ကျွန်မတို့ရဲ့ပညာသင်နှစ်က စုစုပေါင်း ၄ နှစ်ပါဆရာ။ ကိုယ့်စရိတ်ကိုယ်စားပြီး ကျောင်းလခ ပေးတက်ရတဲ့အပြင်အဆောင်မှာ နေခဲ့ရတဲ့ကျောင်းသူပါဆရာ။

မြန်မာပြည်မှာ သူနာပြုကိုပဲ အမျိုးမျိုးခွဲခြားပြီး ကွန်ဖလစ်ဖြစ်စေတဲ့အကြောင်းအရာတွေ အများကြီးပါဆရာ။ သူနာပြု တက္ကသိုလ် သူနာပြုသင်တန်းကျောင်း B.N.Sc (Generic), B.N.Sc (Bridge) ဆိုပြီး ကွဲထွက်ပါတယ်ဆရာ။
တက္ကသိုလ်ကဆင်းရင် Bechelor နဲ့ သင်တန်းကျောင်းကဆင်းရင် Diploma ဆိုပြီး ထပ်ကွဲတယ်ဆရာ။ တက္ကသိုလ် တက်တဲ့သူတွေက ဆယ်တန်းမှာ အမှတ်ပျမ်းမျှ တဘာသာ 80 ရမှ တက်လို့ရပါတယ်။ Diploma သင်တန်းသားတွေ ကတော့ အစိုးရထောက်ပံ့ကြေးလစဉ် ၁၅ဝဝဝ ကျပ်၊ သားဖွားသင်တန်းသူက လစဉ် ၁ဝဝဝဝ ကျပ် အစိုးရက ထောက်ပံ့ပါတယ်။ သူနာပြုတက္ကသိုလ် ကျောင်းသားတွေကတော့ ကျောင်းလခ ပြန်သွင်းပြီးတက်ကြရပါတယ်။
ဘယ်ကျောင်းကပဲဆင်းဆင်း အလုပ်ဝင်ရင် Trained Nurse အနေနဲ့ စပြီးအလုပ်လုပ်ရပါတယ်။ လစာကတော့ စာရေးလခ ပဲရပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

ဆရာ အခုပဲ ဆေးရုံတခုကနေပြန်လာတယ်။ သူနာပြုတွေအလုပ်လုပ်နေကြတာကို တွေ့ရတယ်။ နေရာတိုင်းမှာ သူတို့ပဲ။ လူနာတယောက်အခန်းမှာ စက်ကိရိယာ၊ မော်နီတာ၊ ကွန်ပြူတောတွေ အစုံအလင်နဲ့။ အလုပ်တွေ အတော်များများကို သူနာပြုတွေက လုပ်ကြတယ်။ သူနာပြုတယောက်က ဆက်သွယ်ဖုန်းနံပါတ်နဲ့ နာမည်ကို ကွန်ပြူတာထဲသွင်းယူတယ်။ နောက် ၂ ယောက်လောက်က လူနာအိပ်ယာခင်းစတာတွေလဲပေးတယ်။ ပြန်ကာနီး လူနာကရုန်းထလို့ သွားပြောတော့ ယောက်ျားသူနာပြုတယောက်ကလာကြည့်တယ်။ ICU မှာပေါ့။ လူနာစောင့် ထားစရာမလို၊ ဖုန်းဆက်ပြီး အချိန်မရွေး သွားကြည့်နိုင်ကြတယ်။

ဆက်ဆံရေးမှာ သဘောကောင်းသူ၊ မကောင်းသူမျိုး နှုတ်အာကြမ်းသူနဲ့ ချိုသာသူမျိုးမဟုတ်ပဲ သင်ကြားပေးတာအရရော တာဝန်အရကိုပါ စိတ်လိုလက်ရ လုပ်ပေးတတ်ကြတာ ဖြစ်တယ်။ လူကဲခတ်ရတာမခက်ပါ။ တခြားဆေရုံတွေ၊ ဆေးခန်းတွေကို ရောက်တော့လည်း သည်အတိုင်းချည်း တွေ့တယ်။ လုပ်ငန်းမှာကျွမ်းကျင်တဲ့အပြင် လူမှုဆက်ဆံရေးကို လိုလေးသေးမရှိပါ။ လူနာ့ဇနီးက Faint ရတာကို သူနာပြုတယောက်က ထိုင်စရာနေရာပေးတယ်။ Juice, tissue paper ယူလာပေးတယ်။ စကားပြောတယ်။

ဆေးရုံကတော့ ကြယ်ငါးပွင့်ဟော်တယ်လိုပေါ့။ ဒေလီမှာလည်း အဲလိုပျံနေအောင်လုပ်ထားတဲ့ ဆေးရုံတွေတိုင်းလိုလိုကို ဆရာရောက်ဖူးခဲ့တယ်။ တိုင်းပြည်အဆင့်အတန်းအလိုက် အနှစ်သာရမှာ ကွာခြားကြတယ်။

ယူအက်စ်မှာက သူနာပြုတွေမှာ လစာလည်းကောင်းကြတယ်။ ဝင်ငွေအရများလေ အခွန်ဖြတ်တာများလေမို့ တချို့ဆိုရင် ရိုးရိုးဆရာဝန်ထက် သူနာပြုကို ပိုလုပ်ချင်ကြသတဲ့။ တတ်လည်းတတ်ကြတယ်။ ဝတ်ကျေတန်းကျေသဘော မရှိပါ။ အထင်သေးခံရခြင်းလည်း မရှိပါ။ အဲတာကို အတော်သဘောကျတယ်။

ဟုတ်ကဲ့ပါဆရာ။ မြန်မာပြည် သူနာပြုလောကမှာ အဘက်ဘက်မှ လိုအပ်ချက်တွေကြားထဲကနေ ကျွန်မတော့ စွမ်းဆောင်နိုင်သလောက် ကျောင်းသားများကို knowledge, attitude, practice ရအောင် ကြိုးစားနေပါတယ်ရှင့်။ ဆရာ့ရဲ့ အသိပညာမျှဝေမှုနဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးအထူးတင်ပါတယ်ရှင့်။

ဆရာဖြစ်စေချင်နေတာက ဗမာပြည်မှာ (သူနာပြုအတတ်ပညာ + ဖြည့်စီးမှု + စိတ်ထားစေတနာ) ပိုကောင်းစေချင်တာပဲ။ သူနာပြုတွေကို ပညာသင်ပေးသူတွေက အတတ်ပညာ၊ ကျောင်းသူကျောင်းသားတွေက စိတ်ထားစေတနာနဲ့ ဖြည့်စီးမှုက တိုင်းပြည်အဆင့်အတန်း (လူတွေရဲ့အဆင့်အတန်း)၊ အားလုံးနဲ့ဆိုင်တဲ့ အရေးကြီးသာဖြစ်နေတယ်။

နောက်တယောက်

မင်္ဂလာပါဆရာ။ ကျွန်မ အသက် ၃၃ နှစ်၊ သူနာပြုသင်တန်းကျောင်းက နည်းပြ (tutor sister) ပါ။ ကျွန်မ ငယ်ငယ်တုန်းက စာများများ ဖတ်လေ့ရှိပါတယ်ဆရာ။ အမျိုးအစားအကုန်ပါ နိင်ငံရေး၊ ရသ၊ အတွေးအမြင်၊ ကာတွန်း၊ မဂ္ဂဇင်း၊ ဘာသာပြန်၊ ဝထ္ထု၊ စွယ်စုံကျမ်း၊ ဇာတ်နိပါတ်၊ တော်တော်များများ ရသစုံဖတ်ခဲ့ပါတယ်ဆရာ။ အချစ်ဝထ္ထုတော့ မဖတ်ရပါဘူးဆရာ။ အဖေခွင့်မပြုလို့ပါ။ ဆယ်ကျော်သက်အရွယ်မှာလည်း အဲဒီ အချစ်စာအုပ်တွေကို မကြိုက်ခဲ့ပါဘူး။ ပေါ့တိမ်တယ်လို့ ခံစားရလို့ပါ။ အခုပြောချင်တာကဆရာရယ် စိတ်ထဲမှာအသိပညာရစေနိုင်တဲ့ personality change သွားစေနိုင်လောက်တဲ့ စာပေမျိုး ဖတ်ချင်ပါတယ်ဆရာ။ ကူညီပြီး လမ်းညွှန်စေချင်ပါတယ်။ ဆရာ့ကို လေးစားလျက်ပါ။

ပြောပြတာတွေက မှန်တယ်။ ငယ်ဘဝစိတ်ဝင်စားမှုနဲ့ အရွယ်ရလာချိန်စိတ်ဝင်စားမှု မတူပါ။ ငါပြောင်းရမယ်လို့ စိတ်မှာ သဘောမထားပဲ စာဖတ်စေချင်တယ်။ စာရွေးတာကောင်းတယ်။ နာမည်ရစာရေးဆရာတွေ အများကြီးရှိတယ်။ နာမည်တွေတော့ မရေးလိုပါ။ ကျန်မှစိုးလို့။ ဖတ်လက်စစာတွေပဲ ဆက်ဖတ်စေချင်တယ်။ သမိုင်းမှန်ဖတ်သင့်တယ်။ နာမည်ကြီးတိုင်း၊ ထုတ်ဝေတာများတိုင်းတော့ မသင့်ပါ။ စာဖတ်ပြီး စဉ်းစာပါ။ ကောင်းမယ်လို့ထင်တာ လိုက်နာပါ။ စိတ်ကို ပေါ့ပေါ့ပါးပါးထားပါ။ တသမတ်တည်း စာတမျိုးကိုမဖတ်ပါနဲ့။ တည်တာဖတ်ပြီး၊ ရီစရာဖတ်လိုက်ကောင်းတယ်။ ဆရာက ဆရာလုပ်နိုင်အောင်အထိ တတ်သိသူတော့မဟုတ်ပါ။ တချို့စာတွေကို ဖတ်ပြီး ဖယ်ထုတ်လိုက်ရတတ်တယ်။ ဥပမာ အခုဆရာရေးတာမျိုးလည်း ကိုယ့်မလိုရင် ဖတ်ပြီးဖယ်ထားလိုက်ပေါ့။ ဆရာကတော့ စာဖတ်သူတွေကို အားပေးတယ်။

မြန်မာပြည်ကသူနာပြုတွေကို ဂုဏ်ပြုပါတယ်။

ဒေါက်တာတင့်တွေ
၇-၇-၂ဝ၁၅
၂၇-၁၂-၂ဝ၁၅
၂၇-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ