ဆူးဋီကာ

ပူပူနွေးနွေးသတင်းလေးတခုအတွက် ကာတွန်းတခုဖတ်ရတယ်။ အရိုးဆူးမယ် တဲ့။ အဓိပ္ပါယ်ကောင်းပါတယ်။ ဆူးနဲ့ စူး သတ်ပုံလွဲနေတယ်။

မေးခွန်းတွေမှာ စူးကို ဆူးလို့၊ ဆူးကို စူးလို့မှားရေးနေကြတယ်။

၁။ ဆရာရှင့် ကျွန်မကအသက်၂၄ ပါ အိမ်ထောင်ရှိပါတယ် အိမ်ထောင်ကျပြီးတည်းက တခါတလေကျရင် မိန်းမကိုယ်က ဆူးပြီးအောင့်ပါတယ် အိပ်နေတဲ့ချိန်ပဲဖြစ်တာပါရှင့် ဘာဖြစ်တတ်လဲဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်

၂။ ဆရာခင်ဗျ ငါးရိုးဆူးနေလို့ လမ်းညွှန်ပြပါခင်ဗျာ လေးစားစွာဖြင့်

၃။ ဆရာရှင့် သမီးလေးက တနှစ်နဲ့ ၇လပါ ငါးအရိုးဆူးနေလို့ပါဆရာ။ အရေးပေါ်ဖြစ်နေလို့ပါ။ ဘယ်လိုလုပ်ရမလဲရှင်။ တောမှာနေတာဆိုတော့ ဘယ်ကိုမှသွားလို့မရပါ။ အကူအညီတောင်းပါတယ်ရှင်။

၎။ ကျွန်တော် အခုတလော လျှာအောက်က အသားက ဆူးဆူးပြီး ယားနေပါတယ်ဆရာ။

၅။ ဆရာ သမီးက ၃၃နှစ်၊ ဘယ်ဘက်ရင်အုံနားက တခါတခါ ဆူးပြီးနာတယ်ဆရာ။

၆။ ဆရာမင်္ဂလာပါရှင့်။ သမီးအသက်က၂၆ နှစ်ပါရှင့်။ သမီးမိန်းမကိုယ်က ဆူးဆူးနေတယ်ဆရာ။

စူး
စူးစမ်းပါ
စူးစမ်းရှာဖွေသည်။
စူးစူးစိုက်စိုက်ကြည့်သည်
စူးစူးရားရား (ထက်မြက်)
စူးစူးဝါးဝါး (စူးစူးရွားရွား)
စူးထိုးစိုက်ပျိုးသည်
စူးရှသောအမြင်ရှိသည်
စူးရှတဲ့အရသာ
ဆူးစူးသည်
အမြင်စူးရှသည်။
တောင်စူးစူးသို့ သွားပါ
ရေစူးဘယ်လောက်လဲ
လက်သမားသုံးစူး

ဆူး
ငါးဆူးတောင်
ဆူးချုံ
ဆူးစူးနေသည်။
ဆူးဆူးရားရား(အမျက်ပြင်းစွာ)
ဆူးတပ်ကာရံထားသည်။
ဆူးပန်းပင်
ဆူးပန်းတောင်းပင်
ဆူးပုပ်ကြီးပင်
ဆူးပုပ်ရွက်
ဆူးပလွေပင်
ဆူးခြုံ (ဆူးချုံ) ထဲမှာ ငှက်ရှိသည်။
ဆူးရစ်ပင်
ဆူးလှည်းကြီးလိုပဲ ဟိုငြိ သည်ငြိနဲ့
ဆူးငြောင့်ခလုတ်တွေကို ကျော်လွှားသွားပါ။
ဆူးလေကုန်းရပ်
ကျောက်ဆူးချထားသည်။
နှင်းဆီပင်မှာ ဆူးပါ၏
ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။

ကျွန်တော်တို့ မုံရွာမှာ ငယ်ငယ်က ဆူးလေပေါတယ်။ ပုလဲမှာတော့ ကန္တာရဆူးပေါတယ်။ မြို့သာမှာ ရှားဆူးပေါတယ်။ တပြည်လုံးမှာတော့ ဆုပ်လည်းစူး စားလည်းရူးတွေပေါတယ်။ No Smile!

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး