Philosophy ဖီလော်ဆော်ဖီ

ကျွန်တော်က အဲလိုဘာသာရပ်မျိုးတွေကို မသင်ခဲ့ရပါ။ ဖတ်တာလည်း အတော်ကိုနည်းတယ်။ စိတ်ဝင်စားမှုရှိတဲ့ အကြောင်းအရာတွေကိုတော့ ဖတ်တယ်၊ ကြိုးစားရေးပါတယ်။

တနေ့က ဘောလုံးပွဲသတင်းတွေထဲက ပရီမီယာလိခ်မှာ အခြေမလှတဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဆရာ အပြောင်းအလဲ။ ဘောလုံးပွဲအကြောင်းလည်း နည်းနည်းသာ သိပါတယ်။ သတင်းရေးသားချက်တခုကို စိတ်ဝင်စားလို့။ ထွက်သွားသူနေရာကို ယာယီအစားထိုးတာဝန်ယူတဲ့ အရင်က မန်ချက်စတာယူနိုက်တက်ရှေ့တန်းကစားသမား ဆိုရှား။ သတင်းထွက်ထွက်ချင်း အပြုသဘောမျှော်လင့်ချက်တွေ ရေးကြတာဖတ်ရတယ်။ ၂-၃ ရက်နေတော့ ဆန်းလာတယ်။ သူ့ဘောလုံးသမားတွေကို စိတ်ဝင်တစား ပျော်စရာကောင်းအောင် ကစားစေမယ်ဆိုတာကတော့ ဟုတ်ပါပြီ၊ ဖီလော်ဆော်ဖီက ဘာလဲတဲ့။

ဘောလုံးနဲ့ ဒဿနိကဗေဒ

ဖီလော်ဆော်ဖီဆိုတာ လူမှုအသိုင်းအဝိုင်းထဲ၊ ကမ္ဘာပေါ်မှာနဲ့ စကြဝဠာကြီးအကြောင်း စဉ်းစားတွေးခေါ်မှုလို့ ဘာသာပြန်ပါတယ်။ လူတွေရဲ့ စဉ်းစားခြင်းသဘောသဘာဝနဲ့ စကြဝဠာကြီးရဲ့သဘောသဘာဝတွေကြားက ဆက်စပ်မှုကို အခြေခံကျလှတဲ့ မေးခွန်းထုတ်ခြင်းဖြစ်ပါသတဲ့။ ဖီလော်ဆော်ဖီရဲ့ အိုင်ဒီယာ ခေါ် သဘောတရားဆိုတာ ယေဘုယျကျတယ်။ စိတ္တဇဆန်တယ်။

အဲလိုလုပ်ဆောင်ရာမှာ လောဂျစ် ခေါ် ယုတ္တိဗေဒရဲ့ တန်းဆာပလာတွေကို အသုံးပြုရမယ်။ ကမ္ဘာကြီးကို လူတွေ တွေ့ကြုံ ရင်ဆိုင်ခြင်းနည်းလမ်းတွေအပေါ် ဆန်းစစ်ချက်လုပ်ရာမှာ ကျိုးကြောင်းဆီလျော်မှုကို အသုံးပြုရမယ်။

ခရစ်တစ်ကယ် သင်းကင်း ခေါ်တဲ့ ဓမ္မဒိဋ္ဌာန်ကျကျဆန်းစစ်ခြင်းကိုအခြေပြုတဲ့ ဆုံးဖြတ်ချက်ချခြင်း လိုအပ်တယ်။ စာဖတ်ရာမှာလည်း စူးစူးစိုက်စိုက်ရှိရတယ်။ စာရေးရာမှာလည်း ရှင်းလင်းရမယ်။

ဖီလော်ဆော်ဖီပညာကိုစတင်ခဲ့သူကတော့ ဆိုကရေးတီးစ်ဖြစ်ပါတယ်။ ပလေတိုက သူ့ရဲ့အထင်ရှားဆုံး ကျောင်းသား။ မဟာအလက်ဇန္ဒားဧကရာဇ်ကို ဆရာလုပ်နိုင်သူ။

ဖီလော်ဆော်ဖီပညာအတိုင်းဆောင်ရွက်မှသာ စဉ်းစားချက်တွေ မှန်မယ်။ ဆုံးဖြတ်ချက်တွေ မှန်မယ်။ ပညာရယ်လို့ တတ်တာမဟုတ်လည်း အဓိပ္ပါယ်ဖွင့်ဆိုချက်ပါအတိုင်း လိုက်နာလုပ်ဆောင်ရင် မှန်ပါမယ်။

စာနိဒါန်းကို ဆက်ပါမယ်။ ဘောလုံးသတင်းဝေဘန်ရေးသူသူက ဖီလောဆော်ဖီစာလုံးသုံးတာ နေရာမကျလို့ ထင်ပါတယ်။ စထွယ်တဂျီ ခေါ် မဟာဗျူဟာစာလုံးကသာ မှန်မယ်ထင်ပါတယ်။

မီဒီယာမှာ ဖတ်တဲ့သူတွေကို ဖမ်းစားရေးကိုသာ အဓိကထားတတ်ကြတာ တခါတခါ မမှန်လို့ထင်ပါတယ်။ အဲဒီသတင်း ရေးတာက ဘီဘီစီအင်္ဂလိပ်ဝဘ်ဆိုဒ်မှာပါ။

စာဖတ်ရာမှာ စူးစူးစိုက်စိုက်ရှိရမယ်။ စာရေးရာမှာလည်း ရှင်းလင်းရမယ်။ မြန်မာလိုရေးရင် သတ်ပုံပါမှန်ရမယ်။ Smile!

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး