ကျောင်းတွေကောင်းမှ တိုင်းပြည်ကောင်းမယ်

စာသင်ကျောင်းတွေ ဘယ်မြို့မှာဖြစ်ဖြစ် အဆောက်အဦပုံစံ အတော်ကိုဆင်တူကြတယ်။ တခြားမြို့တွေက အထက်တန်းကျောင်းပုံတွေ့တိုင်း ကိုယ့်ကျောင်းနဲ့တူပါလားလို့ ထင်မိတယ်။

အဲဒီခေတ်က အင်ဂျင်နီယာတွေလက်ရာ။ တကယ်တော့ စောစောပိုင်းမှာ လက်သမားနဲ့ ပန်းရံဆရာတွေသာရှိတာ။ ကျောင်းတွေက အသွင်တူကြသလို ဆရာဆရာမတွေကလည်း ဆင်ဆင်တူကြမယ်ထင်ပါတယ်။ ကျောင်းသား ကျောင်းသူတွေက တူကြတာသေချာတယ်။ အထက်တန်းကနေ တက္ကသိုလ်တွေရောက်လာတော့ အနယ်နယ် အရပ်ရပ်က ကျောင်းသားတွေနဲ့ ဆုံတဲ့အခါ သူလိုကိုယ်လိုတွေသာ များတယ်။

ခေတ်တခုမှာ တိုင်းပြည်စီးပွားရေးခေါ် အစိုးရဘတ်ဂျက်၊ လူတွေရဲ့ အတတ်ပညာ၊ စိတ်ကူးအကြံအစည်တွေအရ စာသင်ကျောင်းတွေ တည်ဆောက်တယ်။ တိုင်းပြည်ကို တည်ဆောက်ကြတယ်။

ကျွန်တော်နေခဲ့တဲ့ မုံရွာ အထက (၂) ဆောက်ခဲ့တာ မှတ်မှတ်ရရ ကျွန်တော် ၅ တန်းတက်တဲ့နှစ်ကဆိုတော့ ၁၉၅၆ ဝန်းကျင်ကဖြစ်ပါမယ်။ အဲဒီကျောင်းတော်ကြီးကို ပြီးခဲ့တဲ့မေလထဲမှာ တခေါက် ပြန်ရောက်တယ်။ ကျောင်းကြီး အိုမင်း ရင့်ရော်နေပြီ။ အသစ်တိုးတက်မှုဆိုတာ အတော်ကိုနည်းလွန်းလှတယ်။

ကျွန်တော်တို့တိုင်းပြည် ၁၉၅၆ နောက်မှာ ဘယ်လောက်တိုးတက်ခဲ့သလဲကို မေးနေစရာမလိုတော့ပါ။

ကျောင်းတွေကောင်းမှ တိုင်းပြည်ကောင်းမယ်။ တိုင်းပြည်ကောင်းမှ ကျောင်းတွေကောင်းမယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂၀၁၈

အမှိုက်ကင်းစင် ကျောင်းတော်တခွင် ကျန်းမာပြုံးပျော်ရွှင်

ရောင်းတမ်းစာအုပ်တွေ၊ ဆုရစာအုပ်တွေ၊ အွန်လိုင်းစာတွေမှာ တစ်ခွင်ဆိုပြီး ရေးနေကြတယ်။ ဖတ်ရတာ အတော်ကို ကသိကအောင့်နိုင်တယ်။

ပြီးခဲ့တဲ့နွေရာသီ ကိုယ့်တိုင်းပြည် အလည်ပြန်တော့ ကျွန်တော့်ကို မြန်မာစာသင်ပေးလိုက်တဲ့ မုံရွာမြို့ အထက (၂) ကို မေလ ၁၅ ရက်နေ့မှာ ရောက်ခဲ့ပါတယ်။ ပို့စ်ခေါင်းစဉ်အတိုင်းရေးသားထားတဲ့ ဆောင်ပုဒ်ကိုလည်း တွေ့ခဲ့ရတယ်။

မြန်မာစာမှန်အောင်ရေးသူတွေ ကျန်းမာပြုံးပျော်ရွှင်နိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး