Terrible Books Written by Dictators အာဏာရှင်တို့၏ ကြောက်စရာကောင်းသောစာအုပ်များ

သုတေသနစာတမ်းတခုကို ကိုးကားရေးပါရစေ။ Stalin စတာလင်ရေးခဲ့တာ The Foundations of Leninism စာအုပ်။ Hitler ဟစ်တလာရေးတာ Mein Kampf စာအုပ်၊ Mussolini မူဆိုလီနီရေးတာ My Life စာအုပ်နဲ့ Mao မော်စီတုန်းရေးတာ Little Red Book စာအုပ်တွေဖြစ်ပါတယ်။

ဟစ်တလာဟာ သူ့ကိုယ်သူ စာရေးကောင်းသူမဟုတ်မှန်းသိပါသတဲ့။ Mein Kampf စာအုပ် ၂ တွဲရေးခဲ့ပါတယ်။

စတာလင်ဟာ ငယ်စဉ်က Iveria ဂျာနယ်မှာ ကဗျာတွေရေးခဲ့သူဖြစ်တယ်။

မူဆိုလီနီရေးတဲ့ စစ်တွင်းဒိုင်ယာရီကတော့ ကောင်းတယ်လို့ဆိုပါတယ်။ ပဌမကမ္ဘာစစ်နောက်ခံဖြစ်တယ်။

Saddam Hussein ဆဒမ်ဟူစိန်ကလည်း Zabiba and the King အချစ်ဝတ္ထုရေးခဲ့ပါသေးတယ်။

ကျူးဘားအာဏာရှင် Fidel Castro ဖီဒယ်ကက်စထရိုက Ernest Hemingway ဟယ်မင်ဝေးရဲ့စာဖတ်ပရိတ်သတ်ပါတဲ့။ အဲဒီနိုဗယ်ဆုရှင်နဲ့ ၂ ကြိမ်တွေ့ပြီး၊ သူ့စားပွဲမှာ လက်မှတ်ထိုးထားတဲ့ပုံထားတယ်။ သူက အရေးသမားမဟုတ်။ အပြောသမား။ ၁၉၆၀ ခုနှစ်တုန်းက ကုလသမဂ္ဂမှာ ၄ နာရီနဲ့ ၂၉ မိနစ်ကြာမိန့်ခွန်းပြောခဲ့တယ်။ သူ့တိုင်းပြည်က လူတွေဆိုရင် ဒိထက်ပိုကြာအောင် မိန့်ခွန်းချွေပါတယ်။

Chairman Mao ဥက္ကဌကြီးမော်က ၁၉၆၀ ကျော်တွေမှာ chart-topping pop ပေါ့ပ်သီချင်းတွေ ကြိုက်ခဲ့သူဖြစ်တယ်။ သူကလူငယ်သာရှိသေးတာ။ ကွန်မြူနစ်ပါတီကိုဦးဆောင်ချိန်မှာ ချီတက်ပွဲကြီးလုပ်တော့လည်း တေးဂီတနဲ့ စာပေကို လက်နက်အဖြစ်သုံးစေခဲ့ပါတယ်။ ၁၉၅၆ ကစပြီး သူ့ရဲ့ Little Red Book စာအုပ်နီလေးဟာ လက်စွဲဖြစ်လာတယ်။ မြန်မာပြည်အထိရောက်ခဲ့တယ်။

မြောက်ကိုရီးယား အာဏာရှင် Kim Jong-il ကင်မဂျုံအီးလ်ကလည်း ရုပ်ရှင်ဝေဘန်ရေးသမားဖြစ်ပါသတဲ့။ On the Art of the Cinema စာအုပ်ရေးခဲ့တယ်။

လစ်ဗျားအာဏာရှင် Muammar Gaddafi မော်မာကဒါဖီက The Green Book စာအုပ်ရေးပါတယ်။ သူ့စာအုပ်ထဲမှာ သားဖွားမီးယပ်ပညာပါတယ်။ မိန်းမတွေ လစဉ်ရာသီဆင်းတယ်။ ရာသီမလာတော့ရင် ကိုယ်ဝန်။ ယောက်ျားတွေက အဲလို မဟုတ်ဘူး။ ကိုယ်ဝန်ရှိတဲ့မိန်းမတွေ တနှစ်လောက် အက်တစ်မဖြစ်ကြတော့ဘူးတဲ့။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး