Neocolonialism နီိယိုကိုလိုနီဝါဒ

အခုတလော ပြန်ကြားလာရတဲ့ နိုင်ငံရေးဝေါဟာရ။  အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အင်အားကြီးတဲ့နိုင်ငံတွေကနေ အင်အားချိနဲ့တဲ့ နိုင်ငံတွေအပေါ် လွှမ်းမိုးချုပ်ကိုင်တာကို ခေါ်ပါတယ်။ တကယ့်ကိုလိုနီဝါဒလို တခြားနိုင်ငံတခုအပေါ်မှာ တိုက်ရိုက် သို့မဟုတ် ကိုယ်ထိလက်ရောက် စွက်ဖက်သိမ်းပိုက်တာမျိုး မဟုတ်ပါ။ နောက်နည်းသစ်မှာ စီးပွါးရေးနဲ့ ယဉ်ကျးမှုနယ်ပယ်တွေမှာ ကြီးစိုးနိုင်တယ်။

အဲဒီစနစ်ကို Neo-imperialism နယ်ချဲ့ဝါဒလက်သစ်လို့လည်းခေါ်တယ်။ အရင်းရှင်စနစ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ယဉ်ကျေးမှုနယ်ချဲ့ခြင်းတွေပါတယ်။ ယဉ်ကျေးမှုဆိုတာ နည်းနည်းရှုတ်တယ်။ ကျယ်ပြန့်တယ်။ ကတာခုန်တာကိုပြောတာ မဟုတ်ပါ။ အနုပညာအပြင် ဘာသာရေးလည်းပါတယ်။ အစားအသောက်နဲ့ ဝတ်တာစားတာတွေလည်းပါမယ်။ ဓလေ့စရိုက်တွေလည်းပါတယ်။

အဲဒီနိုင်ငံရေးဝေါဟာရသစ်ကို ၁၉၆၀ ကျော်မှာ အာဖရိကတိုက်ထဲကနိုင်ငံတွေ ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေး ရလာချိန်မှာ ဂါနာသမတ (၁၉၆၀-၁၉၆၆) နက်ခရူးမားကနေ စတင်သုံးစွဲခဲ့ပါသတဲ့။ အဲဒီကာလမှာ ဥရောပ ကိုလိုနီပြု နိုင်ငံတွေက သူတို့အောက်ကနေ လွတ်လပ်ရေးရသွားကြတဲ့ အာဖရိကနိုင်ငံတွေအပေါ်မှာ စီးပွါးရေးနဲ့ ယဉ်ကျေးမှု ဆက်ဆံရေးတွေ ဆက်ထားကြတယ်။ အဲဒီကနေစတယ်။

မြန်မာနိုင်ငံနဲ့ဆိုင်တဲ့အပိုင်းကတော့ ၁၉၅၅ ခုနှစ်တုန်းက အာဖရိကနဲ့ အာရှတိုက်ကနိုင်ငံတွေပါတဲ့ ဘန်ဒေါင်းညီလာခံ ဖြစ်တယ်။ အဲဒီမှာ တွင်တွင်ပြောကြတယ်။ ၁၉၆၁ ခုမှာ ဘက်မလိုက်လှုပ်ရှားမှုအသင်းကြီး ဖြစ်လာတယ်။

နောက်ပိုင်းမှာ (၁၉၄၆-၁၉၉၁) စစ်အေးကာလအတွင်းမှာ ဒီဝေါဟာရက လက်ယာဆန့်ကျင်ရေးဖြစ်လာတယ်။

စစ်အေးပြီးတော့ မာလ်တီနေရှင်နယ်ကော်ပိုရေးရှင်းကြီးတွေက လွှမ်းမိုးလာတယ်။ အဲတာလည်း အကြီးစားအရင်းရှင်ပဲ။ မဖွံဖြိုးသေးတဲ့တိုင်းပြည်တွေဟာ ချမ်းသာတဲ့နိုင်ငံတွေဆီကနေ ငွေချေးယူကြရတယ်။ ကြွေးရှင်မျက်နှာ ကြည့်နေရတယ်။ ညံ့တဲ့အစိုးရမျိုးကို အတိုးများများနဲ့ ချေးတယ်။

အခုနောက်ပိုင်းမှာ အမေရိကန်လို နိုင်ငံကပါ ငွေချေးယူတာအများကြီးရှိတယ်။ တရုပ်ဆီကနေချေးယူထားတာ ဒေါ်လာ ၁့၁၃၈ ထရီလီယန်။ ယူအက်စ်အေရဲ့စီးပွါးရေးဟာ အကြွေးယူစနစ်က ကြီးမားလွန်းလှတယ်။ ဘွန်းတွေ လုပ်ရောင်းနည်းလည်း ပါတယ်။ အမေရိကန်အစိုးရမှာ ၂၀၁၈ ခုနှစ်စာရင်းအရ အကြွေး ၂၁ ထရီလီယန်ရှိတယ်။

နောက် တရုပ်နိုင်ငံရဲ့ ခါးပတ်လမ်းမကြီးမဟာစီမံကိန်းဖြစ်လာတယ်။ ကမ္ဘာကိုပတ်တာ။ တကယ်တော့ ပင့်ကူအိမ်ကြီးပါ။ ယင်ကောင်လေးတွေ ခြင်ကောင်လေးတွေ ရုံးမထွက်နိုင်ကြပါ။

ဇီးပင်ကြီးမှာ ဟောပြောနေသလို ဘာသာရေးဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။ ဆောဒီအာရေးဗီးယားနိုင်ငံဟာ အမေရိန်ကန်နဲ့ မဟာမိတ်ဖြစ်တယ်။ ဘင်လာဒင်ကိုလည်း ကူခဲ့တာတွေရှိခဲ့တယ်။ လက်ကြီးသမားဖြစ်တယ်။ ပေါ့သေးသေးပါမွှားကို လှည့်မကြည့်ပါ။ သူ့အကျိုးစီးပွါးအတွက်သာ ဖြစ်တယ်။

ဒီစာမှာ ဒီလောက်သာရေးပါမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး