မျက်နှာ

ကိုယ့်မျက်နှာကို
တရွာမှတ်ထင်၊ ကိုယ့်ကိုခင်သည့်
ချစ်ကြင်သူလေးရေ
တရက်တရွာ၊ တမျက်နှာ
ဆက်ကာ ဆက်ကာ ပြောင်းခဲ့ပြီ။

အသက် ၂၀
အမှန်မျက်နှာ၊ ငါကြည့်မှာပေါ့
ဘာမျှကိုယ်ကျိုး မကြည့်နိုင်။

အသက် ၃၀
မှန်တိုင်း မဟုတ်၊ အလုပ်မျက်နှာ
ငါကြည့်မှာပေါ့
ဒါမှ အလုပ်ဖြစ်မယ်။

အသက် ၄၀
မှန်သည်ကိုသိ၊ ကြည့်မနေနိုင်
အလုပ်ကိုသိ၊ ကြည့်မနေနိုင်
မယား၏မျက်နှာ
သား၏မျက်နှာ၊ ကြည့်ရပါပြီ
မှန်ရာ မလုပ်ဝံ့တော့ပြီ
မှန်ရာမလုပ်၊ ရန်ငါရှုပ်
ကုပ်ကုပ်ကလေး ကွေးရပြီ။

အသက် ၅၀
၆၀
၇၀့
အရွယ်ကြီးမှ၊ လူမုန်းမခံမခံပါရစေနှင့်
လောကဆိုတာ သည်လိုပေါ့ကွယ်။

ဆရာတင်မိုး ချင်းတိုင်းရင်းသားယဉ်ကျေးမှုမဂ္ဂဇင်းမှာ ရေးခဲ့တဲ့ကဗျာ။ ပုဂံကျောင်းက ခေါင်းလောင်းသံစာအုပ်မှာ ပါတဲ့အတိုင်း ကူးယူတင်ပြပါတယ်။ ဆရာရေးတဲ့ မြန်မာစာသတ်ပုံကို လေ့လာကြစေလိုပါတယ်။

ဆရာတင်မိုးကဗျာပေါင်းချုပ်စာအုပ်အထူကြီးထဲမှာ ဆရာ့ကဗျာတွေကို တစ်တွေနဲ့သာရိုက်နှိပ်ထားတယ်။ ကျွန်တော်တို့နဲ့ ဒေလီမှာတွေ့ကြတော့ ဆရာက တကို တစ်လုပ်နေကြတာကို ပြောမသွားပါ။ အရွယ်ကြီးမှ၊ လူမုန်းမခံမခံပါရစေနှင့် လောကဆိုတာ သည်လိုပေါ့ကွယ်လို့ သူ့ကဗျာမှာ ဖြေထားပြီးသားကိုးလို့ နားလည်ရပါတော့တယ်။

ကျွန်ုပ်သည်ကား အသက်ကြီးပြီး လူမုန်းခံနေဆဲဖြစ်ပါသည်။ ဒေါက်တာသန်းထွန်းလောက် သတ္တိမကောင်း။ ဆရာတင်မိုးလို မနူးညံ့ပါတကား။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ