New Year Habit နှစ်သစ်ကူးရောဂါ

နှစ်ကူးမှာဖြစ်ရင် ထူးတယ်လို့ယူလေ့ရှိတာ ထုံးစံပါ။ နှစ်ကူးတိုင်းမှာ ပျော်ကြပြုံးကြတာ အစဉ်အလာ။ ပျော်စရာတွေ ဖန်တီး။ စုဝေးပြီး စားကြသောက်ကြ။ တနေရာရာသွားပြီး လည်ကြပတ်ကြ။ မိသားစုတွေလည်း ပြန်ဆုံနိုင်အောင် တင်ကြိုစီစဉ်ပြီး၊ စုစုဝေးဝေး၊ နွေးနွေးထွေးထွေး၊ အဆိုးကို မေ့ထားပြီး၊ အကောင်းကိုမျှော်ကြတယ်။ နှစ်ဦးမှာ မင်္ဂလာယူစရာမှန်သမျှ ဆောင်ရွက်ကြတယ်။ ဒီအထိတော့ ကောင်းပါတယ်။

ပြက္ခဒိန်နှစ်ကူး၊ မြန်မာနှစ်ကူးမှ မဟုတ်ပါ၊ နှုတ်ဆက်ပွဲတို့၊ ကောက်သစ်ပွဲတို့၊ အောင်ပွဲတို့၊ မင်္ဂလာဆောင်၊ မွေးနေ့ကအစ အသုဘ၊ သောက်ကြစားကြတာ ကျွန်တော်တို့လူမျိုး ပိုဆိုးသလားပဲ။ အပျော်လွန်ရင် ငိုရတတ်တယ်။ ဒါ့ကြောင့် ဒီလိုရက်တွေရောက်ရင် ဆရာဝန်တွေ မျက်ခုံးလှုပ်ကြရတယ်။ ဘယ်နှစ်ယောက် ချုပ်ပေးရမလဲ ပြင်ထားရတယ်။

ကျန်းမာရေးမှာ အလုပ်လုပ်သူတွေကလည်း အယူသည်းကြတာပါပဲ။ ဆေးရုံကစားပွဲကို လက်နဲ့မခေါက်လေနဲ့၊ ဆရာဝန် မျက်မှောင်ကုတ်လိမ့်မယ်။ သားဖွါးခန်းမှာ ပစ္စည်းတခုခု လွတ်မကျလေနဲ့ ဆရာမတွေက မျက်စောင်းခုတ်လိမ့်မယ်။ အဲလိုလုပ်ရင် လူနာကျတတ်တယ်။ ကိုယ်တွေ့ပြောရရင် မြို့သာတိုက်နယ်ဆေးရုံမှာ တာဝန်ကျစဉ်ကပါ။ နှစ်ဆန်းတရက်နေ့မှာ သုံးလောင်းရောက်ခဲ့တဲ့နှစ်ကဆို တနှစ်ပတ်လုံး ရဲမှုခင်းလူနာတွေ လာလိုက်တာ မပြောပါနဲ့တော့။

နှစ်ကူးမှာ မူးကြတာ မုံရွာဆေးရုံကို ပြန်သတိရတယ်။ ဆေးရုံဝန်ထမ်းတယောက် ရှိတယ်။ အရက်ကို သောက်သလား မမေးနဲ့။ ဝင်ငွေကနည်းပေမဲ့ ပြင်းပေ့ဆိုတာမှ။ ဆရာဝန်တွေက ပိုက်ဆံပေးရင် သိပ်ကျေးဇူးမတင်။ ဆရာမတွေက အရက်ပြန်နည်းနည်းပေးရတယ်။ အရက်ပြန်ဆိုတာ မီသိုင်းလ်ဓါတ်ပါတယ်။ ဒီအတိုင်း မသောက်ရဘူး။ ပါရမီဖြည့်ချင်တဲ့ ဆရာဝန်တယောက်က မနေသာလို့ နည်းပေးလမ်းပြတာ၊ ဆားခပ်သောက်တဲ့။ ကျွန်တော် မုံရွာဆေးရုံကနေ ပြောင်းပြီးနောက် မကြာပါ။

ခေတ်တခု ရှိခဲ့ပါတယ်။ မရှိမဖြစ်တဲ့ဆေးရုံသုံးပစ္စည်း အရက်ပြန်ဟာ ဗမာပြည်မှာ ရှားတယ်။ အရက်ဦးရေ ရှာသုံးရတယ်။ ပြင်းမှပြင်း။ တောဆေးရံအတွက် တောအရက်၊ နံမှနံ။ အရက်မှန်သမျှ ပိုးတွေကို သေစေတာတော့ အမှန်ပါ။ ပိုးသာမက လူကိုလည်း မျှဉ်းသတ်သလို သတ်တဲ့အစွမ်းပါ ရှိတယ်။ ဦးရေသောက်သူတွေ အသက်တိုတယ်။ မီးတောက်ကြိုက်သူများ မုဆိုးမထားခဲ့ရတတ်တယ်။ ဈေးပေါပေါအရက် ပက်ချင့်သောက်သူများ ဖတဆိုးကလေးများ ပထွေးရပါလိမ့်မည်။

အရက်သမားရဲ့နှလုံး၊ အဆုပ်၊ ဦးနှောက်နဲ့ အသည်းအလုပ်တွေကို လိုရင်လိုသလို စစ်ပေးရတယ်။ အသည်းဆိုတာ ကိုယ်ထဲဝင်တဲ့ မကောင်းတာမှန်သမျှကို ခြေရဖျက်ရတဲ့တာဝန် ထမ်းပါတယ်။

အရက်စွဲတာဟာ ကုလို့ရတဲ့ ရောဂါပါ။ ကုချင်တယ်လို့ကိုယ်တိုင်က ရိုးရိုးသားသားချတဲ့ အဆုံးအဖြတ်ဖြစ်မှ။ ဖြတ်ခန်းစတာနဲ့ အနည်းနဲ့အများ ခံစားရပါလိမ့်မယ်။ ခြေတုံလက်တုံကနေ စိတ်ဂယောက်ဂယက် ဖြစ်နိုင်တယ်။ ဒါတွေအားလုံး ဆေးရုံတက်တက် မတက်တက် ကုလို့ရတာတွေဖြစ်တယ်။ အရက်ဆိပ်ကို ဖြေတဲ့အဆင့်က အလွန်ဆုံး တပတ်သာကြာတာပါ။ ဒီခေတ်မှာ အရက်ဖြတ်နည်းနဲ့ ကုစရာနေရာတွေက အရက်ဆိုင်ပေါသလို ပေါနေပါပြီ။

နှစ်သစ်မှာ စိတ်ကောင်းနှလုံးကောင်းထားကြသူများ အသည်းလည်းကောင်းပါမှ ဆုတောင်းတွေ ပြည့်ပါလိမ့်မည်။ စိတ်ကောင်း၊ အသည်းကောင်းပြီး၊ ဦးနှောက်ကောင်းဆိုရင်တော့ လိုရာမှန်သမျှ တလုံးတဝ ပြည့်ဝပါလိမ့်မည်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး