စက္ကန့် ၄ဝ အကြောင်း
ဗမာ့အကြိုသမိုင်းကိုပြောယင် ဗမာနိုင်ငံရဲ့ ဘူမိဗေဒအခြေခံကစပြီး ပြောရပါလိမ့်မယ်။ ကမ်ဗြိယံ ယုဂ် (Cambrian Period 600-500 million years ago) မှာ ဒီဗမာနိုင်ငံလို့ခေါ်တဲ့ မြေနေရာဟာ ပင်လယ်အတိပါဘဲ။ ကုန်းရယ်လို့ မရှိပါဘူး။ အောက်ကာဘောနိဖေရပ် ယုဂ် (Lower Carboniferous Period 350-305 million years ago) ရောက်တဲ့အခါ အခုသံလွင်မြစ်ဟာ အရှေ့ဖက်ပင်လယ်ကမ်းခြေသဘောမျိုးရှိပီး ကုန်းဖြစ်နေပြန်တယ်။ ဒီနောက် ဂျူရပ်ဆစ် ယုဂ် (Jurassic Period 180-135 million years ago) မှာတော့ အခုဘင်္ဂလားပင်လယ်အော်ပါ ကုန်းပိုင်း ကျယ်ကျယ်ကြီး ဖြစ်နေတယ်လို့ ယူဆကြတယ်။ ဧသြဆင်း (Eocene Period 70-40 million years ago) ယုဂ်ငယ်ပိုင်းမှာ အခု ဧရာဝတီမြစ်ဝကျွန်းပေါ်နေရာကလွဲရင် အားလုံး အခုပင်လယ်ကမ်းရိုးတန်းအတိုင်း ကုန်းဖြစ်နေပါတယ်။ ဆိုလိုဒါက အခုကုန်းတန်းချိုင့်ဝှမ်းမျိုးလောက်နီးနီးအခြေအနေကို အယင် အနှစ်လေးဆယ်ကုဋေကဘဲ ရောက်မယ်လို့ မှန်းရဒါဘဲ ဖြစ်ပါတယ်။
ဗမာ့အကြိုသမိုင်းဟာ အခုမှလေ့လာစဖြစ်လို့ သိထားသမျှဟာလဲ အင်မတန်မှနဲပါသေးတယ်။ အခုမှစသိတယ်ဆိုတဲ့ စကားကို ထင်ရှားအောင် နဲနဲရှင်းပြပါရစေ။ ကမ္ဘာ့သက်တမ်းတခုလုံးကို ၂၄ နာရီပဲရှိသေးတယ်လို့ထားရင် လူပေါ်ဒါ စက္ကန့် ၄ဝ ဘဲရှိအုံးမယ်လို့ နှိုင်းယှဉ်ပြဒါကို တွေ့ဘူးပါတယ်။ အဲဒီ စက္ကန့် ၄ဝ ရဲ့ အဖြစ်အပျက်ကိုတောင် ဘယ်နေရာမှ စုံအောင် မသိကြသေးဒါမို့ ဗမာ့မြေပေါ်က စက္ကန့် ၄ဝ အကြောင်းကိုလဲ များများကြီးမသိဒါ ဘယ်မှာဆန်းတော့မလဲ။ တစတစ ဖော်ထုတ်လို့ တော်တော်လေးသိလာဒါကိုဘဲ အားရှိစရာကောင်းလှဘီလို့ ယူဆရမှာဖြစ်ပါတယ်။
ဒေါက်တာသန်းထွန်းရေးသားတဲ့ အသစ်မြင်ဗမာသမိုင်း စာအုပ် စာမျက်နှာ ၁၇-၁၈ ပါ စာပိုဒ်နှစ်ခုကို ရေးသားထားတဲ့အတိုင်း ကူးယူတင်ပြတာသာ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၈

Comments
Post a Comment