ကျွန်တော်တို့က သာတယ်
ဇီးပင်ကြီးသတင်းတွေ ဖတ်ရမှ ဖောင်ကြီး အတော်ကိုခေတ်နောက်ကျခဲ့မှန်းသိရတယ်။ ဖောင်ကြီးကို ထောက်ပြသူ မတွေ့ဖူးသေးပါ။ အခုမှသာ အင်္ဂလိပ်လိုရေးတာလေးတခု ဖတ်ရတယ်။ ကျေးဇူး။
ကျွန်တော်တို့က ဇေယျ (၁၉) တက်ရတာ။ ၁၉၇၃-၇၄ ကပေါ့။ ဖောင်ကြီးမတက်ရင် အစိုးရခန့်ဆရာဝန် လုပ်မရ၊ ဘွဲ့လွန် တက်မရ၊ တိုင်းတပါးသွား စာသင်မရ။ အလုပ်သွား လုပ်မရ။
အဲဒီခေတ်က မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်ခေတ်။ လူသုံးများတာဆိုရင် သုံးမဖြစ်တဲ့ပြည်သူပိုင်စက်ရုံထုတ်ပစ္စည်းတွေနဲ့ တွဲရောင်းတယ်။ ဖောင်ကြီး ပုလဲဖြူသွားတိုက်ဆေးနဲ့ ဆရာဝန်အလုပ် ရွှေဝါဆပ်ပြာ တွဲထားသလို။
မဆလ ခေတ်မှာ ရွေးစရာ တခြားမရှိ။ အခုကော၊ အညမည ပဲလား။ ဇီးသီး ချိုချို ချဉ်ချဉ် ဒါပဲလား။
ရာထူးဝန်အဖွဲ့ဆိုတာ အတော်ကို ဘဝင်မကျခဲ့ပါ။ ဆရာဝန်အလုပ်လျှောက်ပါတယ်၊ မေးတော့ မုံရွာနဲ့ မန္တလေးကြားက ဘူတာရုံအမည်တွေတဲ့။ တက်လာခဲတဲ့လှေကား ဘယ်နှစ်ထစ်ရှိလဲတဲ့။
ဇီးပင်ကြီးသမားတွေထက်တော့ ဖောင်ကြီးသမားတွေက သာတာတခုရှိတယ်။ အတူတက်ခဲ့တဲ့ဆရာဝန် ၃ ယောက်စလုံး ကြက်ခြေနီအောင်လက်မှတ်ကိုယ်စီ ရခဲ့ကြပါတယ်။
ပုံ - ၁၉၇၄ ဇေယျ ၁၉ က သက်တင်၊ တင့်ဆွေနဲ့ ကံလှိုင်။
ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၈

Comments
Post a Comment