ပဌမ နှင့် ပထမ
၁။ ဆရာ ပထမ နေ့ပါ ပဌမ မဟုတ်ဘူး စလုံးပေါင်းသတ်ပုံ မှန်အောင်ရေးပေးပါ
ကွန်မင့်ရေးသူအမည်ကို မထည့်တော့ပါ။ ၁၅-၅-၂ဝ၁၆ နေ့ကရတာ။
၂။ ပဌမ နဲ့ ပထမ ဘယ်ဟာမှန်လဲဆရာ။ ဆရာရေးတာ ပဌမလို့ ရေးထားလို့ပါ
၃။ ပဌမက ပါဠိမူရင်း ဖြစ်ပြီး၊ ပထမက မွေးစားစကားလုံးအဖြစ် သုံးတယ်ထင်ပါတယ်ဗျာ။ ကျောင်းသုံးတွေမှာလည်း ပထမလို့ပဲ ရေးပါတော့တယ်။
၎။ ဆရာ ပထမ နဲ့ ပဌမ အတူတူဘဲလားဗျ။
၅။ ပဌမ နဲ့ ပထမ ဘယ်ဟာကိုယူရမလဲဆရာ။ အရင်အသုံးက ပဌမ၊ နောက်အသုံးက ပထမဖြစ်နေလို့ပါ ဆရာရေ။
နောက်ထုတ်တဲ့ သတ်ပုံစာအုပ်တွေ၊ အဘိဓာန်တွေမှာ ပထမလို့သာပေါင်းတယ်။ မြန်မာ့စွယ်စုံကျမ်းတွေမှာတော့ ပဌမလို့သာ ရိုက်နှိပ်ထားတယ်။
ပဌမ = ပါဠိ = တခုမြောက်
ပထမ = သင်သကရိုက် (သက္ကတ၊ ဆန်းစ်ခရစ်) သက် = တခုမြောက်
ကျွန်တော့်ကို ပဌမတန်းကတည်းက စာသင်ပေးကြတဲ့ ဆရာ၊ ဆရာမတွေအားလုံးစကားကို လိုက်နာလို့ စစ်အစိုးရခေတ်မှာခိုင်းသလို လိုက်မပြင်ပါ။ ခုခေတ်မှာ ပထမချည်းသာ ရေးကြတယ်။
မေးခွန်းတွေဖြေရင်း၊ ဖေ့စ်ဘွတ်မှာရေးတာတွေဖတ်ရင်း နှစ်တွေကြာ အကြိမ်အရေတွက်ပါများလာတော့ ကောက်ချက်ချနိုင်လာပါတယ်။ လူအတော်များများက ကနေ့သက်ရှိလူတွေက သင်ပေးတာ ရေးနေတာ ပြောဟောတာကိုသာ အမှန်လို့ တထစ်ချမှတ်ယူနေကြတယ်။
ပျံလွန်တော်မူသွားကြတဲ့ ဆရာတော်တွေ။ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ပညာရှင်တွေကို အလေးမထားကြတော့ပါ။
ကနေ့ မြန်မာစာသတ်ပုံကို ပြောင်းရေးနေကြတဲ့ မြန်မာစာဆရာတွေ စာရေးဆရာတွေ ကဗျာဆရာတွေဟာလည်း သတ်ပုံမှန်နဲ့ရေးတဲ့စာအုပ်တွေကို ဖတ်ခဲ့ကြမှာပါ။ ကာပြန်ရာမကျပါလား။
သက်ရှိ ပညာရှင်လုပ်နေသူတွေထဲမှာ ကိုယ်ထင်ရာသာ ဇွတ်မှန်တယ်ပြောနေကြသူ မနည်းလှပါ။ ပြန်ငြင်းခွင့်မရတော့တဲ့ ကွယ်လွန်သူတွေအပေါ် နိုင့်ထက်စီးနင်းလုပ်ရာကျတယ်။
ကျွန်တော့်က ပဌမလို့ရေးသူဖြစ်လို့ ဘိတ်ဆုံးလို့ထင်ရင်လည်း သဘောပါပဲ။
ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၇
၂၁-၁၂-၂ဝ၁၈

Comments
Post a Comment