Health Education မဖြေချင်တဲ့ မေးခွန်းမျိုး

ကျန်းမာပါစေ။ ရောဂါ အကြောင်း မဟုတ်ပါဘူးဆရာ စိတ်ထဲမှာ ဘဝင်မကျလို့ ပါဆရာ ဈေးကွက်ထဲမှာ ရောင်းနေတဲ့ စားသောက်ကုန်တွေ အားလုံး (ဆန် အပါအဝင်) ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုရင် ဘယ်လို လုပ်ရမလဲ ဆရာ ဘယ်လို ဖြစ်သွားမလဲ ဆရာ

Arsenic လျှော့ပါး သွား အောင် ထမင်း ချက် နည်းဆိုတာနဲ့စတယ်။ အတော်ရှည်တယ်။ အင်္ဂလိပ်စာလုံးတွေလည်းပါတယ်။ အချက်အလက် အကိုးအကားတွေလည်းပါတယ်။

ပို့ပေးတာကို အချိန်နည်းတဲ့အထဲက ကြိုးစားဖတ်ပါတယ်။ ရေ မှာ ပြော် နိုင် တယ် ဆိုတာနဲ့ လန်သွားတယ်။ ပျော် နဲ့ ပြော်ကို ခွဲခြားမရေးတတ်တဲ့ပညာရှင်ကရေးတာကို တန်ဖိုးမထားချင်တော့ပါ။

ဒုတိယအချက်က Autoimmune ရောဂါတွေနဲ့ အစားအသောက်တွေကို ပေးစားထားခြင်း။ အော်တိုအင်မြူးရောဂါတွေ တကယ်ရှိတယ်။ စုစုပေါင်း (၁၅၉) မျိုး ပါတယ်။ အော်တိုအင်မြူးရောဂါဆိုတာ ခုခံအားစနစ်ကမောက်မ ဖြစ်ရာကနေ ကိုယ့်ဟာကို ရန်သူသတ်မှတ်ပြီး ချေမှုန်းဖျက်ဆီးနေတဲ့ရောဂါတွေကို ခေါ်ပါတယ်။ အကုရခက်ပါတယ်။ ကိုယ်ပိုင်အရာကို ရန်သူလိုသဘောထားပြီး ခုခံတိုက်ထုတ်နေတဲ့ရောဂါကို အဲလိုခေါ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ ဆရာဝန်တွေက သေချာ မသိကြပါ။ အမျိုးသမီးတွေ ယောက်ျားတွေထက် ၂ ဆပိုဖြစ်တယ်။ ယောက်ျားရော မိန်းမတွေပါ ဆန်နဲ့ချက်တဲ့ ထမင်းသာအတူတူစားကြပါတယ်။ တချို့ရောဂါတွေက လူမျိုးစုလိုက်တယ်။ အသားရောင်မည်းသူတွေက အသားဖြူတွေထက် လူးပတ်စ်ရောဂါပိုဖြစ်တယ်။ အမေရိကားမှာ အသားရောင်မတူလည်း အစားအသောက်တူကြတယ်။ တချို့ရောဂါတွေက မိသားစုလိုက်တယ်။ ထမင်းဟင်းချက်နည်းလိုက်တာ မဟုတ်ပါ။ သုတေသနစာတမ်းတခုမှာ Western diet ခေါ် အနောက်နိုင်ငံတွေအစားအစာကို လက်ညှိုးထိုးထားတယ်။ သူတို့က ဆန်စားတာမဟုတ်ပါ။ အဆီဓါတ်၊ အချိုဓါတ်များတဲ့အစားအစာတွေနဲ့ ပြုပြင်စီမံထားတဲ့အစေားအသောက်တွေစားကြလို့ပါ။

ကျွန်တော်က အဲလို သူများတွေရေးထားတာကို လာမေးရင် မဖြေချင်ပါ။ ရေးတဲ့သူ၊ တင်တဲ့နေရာကိုသာ မေးသင့်ကြပါတယ်။ မဖြေချင်တဲ့အကြောင်း နောက်တခုက ရေးသူတင်သူတွေကလည်း ကိုယ့်လူမျိုးတွေ။ မဟုတ်ဘူးပြောရတာ အားနာရတယ်။

ကျွန်တော် အော်တိုအင်မြူးရောဂါတွေအကြောင်း ရေးထားတယ်။ ဆန်နဲ့ဂျုံအကြောင်း၊ ထမင်းချက်နည်း၊ ပိုးသတ်ဆေး၊ အာဆင်းနစ်၊ ခဲဓါတ် စတာတွေလည်း ရေးထားပါတယ်။

ကျန်းမာရေးပညာပေးတာမှာ ဖတ်တဲ့သူတွေ မျက်လုံးပြူးသွာအောင်၊ ဖိန့်ဖိန့်တုန်ကြောက်သွားအောင်၊ မဟုတ်ကဟုတ်ကကို အတင်းကြိုက်သွာအောင်၊ မပျောက်နိုင်တာကို လေနဲ့မှုတ်လိုက်သလိုပျောက်စေမယ်လို့ ရေးတာမျိုးကို သဘောမတူကြောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး