ပန်းချီ

ကျွန်တော်တို့ အလယ်တန်းမှာ ပန်းချီဘာသာရပ်လည်း သင်ခဲ့ရတယ်။ ၅ တန်းကနေ ၇ တန်းအထိ။ ၉ တန်းရောက်တော့ ပန်းချီဘာသာရပ်ကို ဖြေမလို့စဉ်းစာမိတော့ ဆရာတယောက်က ဘယ်လိုသိသွားလည်း မပြောတတ်၊ ပထဝီနဲ့ သမိုင်းသာ ဖြေဘို့ ဆုံးမတယ်။ ဆရာဆရာမတွေက သူတို့ကျောင်းသူကျောင်းသားတွေကို ကောင်းရာကောင်းကြောင်း သွန်သင် တည့်မတ်ပေးကြပါတယ်။

အထက်တန်းရောက်တော့ ပုလဲသွယ်လို့ အမည်ပေးထားတဲ့ ကျောင်းနံရံကပ်စာစောင်တခုထုတ်တော့ ကျွန်တော်က ပန်းချီဆွဲပါတယ်။

ဆေးကျောင်းရောက်တော့ ပဌမဆုံအကြိမ် ကျောင်းမဂ္ဂဇင်းထုတ်တော့လည်း ကျွန်တော်က မျက်နှာဖုံးပန်းချီနဲ့ သရုပ်ဖေါ်ပုံ တချို့ဆွဲပေးရပါတယ်။ မန္တလေးဆေးကျောင်းရှေ့က ပလက်ဖောင်းပေါ်မှာရပ်ပြီး ကျောင်းအဆောက်အဦပုံကို ကြည့်ဆွဲခဲ့ပါတယ်။ ကျောင်းပုံက ခပ်စောင်းစောင်း။ နီးတဲ့နေရာကကြီးပြီး ရှူးသွားတဲ့ပုံ။ အထက်ကို တက်သွားတဲ့ပုံ။ ခဲကြောင်းနဲ့သာဆွဲခဲ့ပြီးမှ ဆေးရောင်တွေထည့်တယ်။

ကျွန်တော်က ဟောက်ဆာဂျင်ဖြစ်နေပြီ။ ခုနှစ်ကို မမေ့ပါ ၁၉၇၃ ခုနှစ်။ မဆလ ပါတီ ပဌမအကြိမ်ညီလာခံလုပ်တဲ့နှစ်။ ပုံပြီးမှ မဂ္ဂဇင်းတာဝန်ခံဆရာက မဆလ လိုဂိုပါ ထည့်ခိုင်းလို့ ထည့်ပေးရသေးတယ်။ ဆရာလည်း ထုတ်ဝေခွင့်ရအောင် ခိုင်းရပုံကျတယ်။ အဲဒီမဂ္ဂဇင်းအခုဘယ်မှာမှ ရှာမရတော့ပါ။

ပန်းချီမဖြစ်ဖြစ်တာ နှစ်တွေကြာပြီ။ ကျောင်းမဂ္ဂဇင်းထုတ်ပြီး အလုပ်ထဲရောက်သွားပြီ။ ဆေးကျောင်းသားတုန်းကတော့ သူငယ်ချင်းတွေခိုင်းတဲ့ ပုံတူခဲပန်းချီလေးတွေ ဆွဲပေးရဘူးသေးတယ်။ သူတို့ရည်းစာပုံတွေပေါ့။

အထက်တန်းကျောင်းသားမှာ ပုံဆွဲဖြစ်တာ အများဆုံး။ ကျွန်တော်က ခဲရေးပုံတူနဲ့ ရေဆေးသာ ဆွဲတတ်တယ်။ ကောက်ရိုးပန်းချီလည်း နည်းနည်းတော့ရတယ်။ ရုပ်ရှင်မင်းသမီးတယောက်ပုံတူတခုသာ ပြန်ရှာတွေ့တော့တယ်။

အခုပဲ စုတ်တံပြန်ကိုင်ကြည့်လိုက်တာ လက်ကျန်လည်း မရှိ၊ လက်မှန်လည်း မရှိတော့ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး