အညာက စားစရာတွေ

မုံ့ပေါင်းအကြောင်းတင်တော့ ကွန်မင့်တချို့ရပါတယ်။ ကျေးဇူး။

ကျွန်တော်က ဘုတလင်သားဆိုတော့ ဆရာရဲ့အိမ်ရှင်မပြောတဲ့ မုန့်ပေါင်းအကြောင်းသိချင်လိုက်တာ တဲ့။

အခု မေးကြည့်လိုက်တယ်။ တရုပ်မကြီး ဒေါ်ရာထို မုံ့ပေါင်းတဲ့။ ကောင်းသတဲ့။ ကျွန်တော်တော့ မစားဖူးပါ။

နောက်တယောက်က မုန့်ပေါင်းနဲ့ ဖြူးကြော်တဲ့ ကျနော်မုံရွာ ရောက်တော့စားခဲ့ရပါတယ်။ တော်တော် လိုက်တဲ့အတွဲ။ မုန့်ပေါင်းကို ဆီနဲ့နယ် ဘူးသီကြော် လက်သန်းလောက်နဲ့ တော်တော်စားကောင်းတာ တဲ့။

ဖြူးကြော်ဆိုတာ မုံရွာမှာသာ ခေါ်ပုံရတယ်။ ကျွန်တော်ရောက်တဲ့ တခြားအရပ်တွေမှာ မကြားဖူးခဲ့ပါ။ မုံရွာမြို့ မြောက်ဘုရားကြီးနဲ့ မျက်နှာချင်းဆိုင် လမ်းအနောက်ဘက်ဒေါင့်မှာ ဒေါ်ထွေးအကြော်ဆိုင်ရှိခဲ့တယ်။ ကျွန်တော်တို့ ကျောင်းသားဘဝမှာ သွားသွားစားကြတယ်။ ဘူးသီးကို လက်ညှိုးလောက် တချောင်းစာကိုသာ ကြော်ထားတာ။ တပွဲကို တမတ်ပေးရတယ်။ ပုံထဲကလို ပြင်ပြင်ဆင်ဆင်တော့ ဘယ်ဟုတ်မလဲ။

နွေတုန်းက အလည်ပြန်တော့ အဲဒီနေရာမှာဖွင့်ထားတဲ့ ကော်ဖီဆိုင်မှာ မိတ်ဆွေရင်းတွေနဲ့ အိတ်စ်ပရက်ဇို ကော်ဖီ သောက်ခဲ့ရတယ်။ ကိုယ်ကပေးရတာမဟုတ်လို့ လက်တဆစ်စာကော်ဖီက ဘယ်နှစ်ထောင် ဘယ်နှစ်သောင်း ပေးရလဲ မသိခဲ့ပါ။

ဘူးသီးကြော်စားသူတွေ နေကောင်းကြပါစေ။ ကော်ဖီတိုက်သူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂၀၁၈

Poor Reader စာဖတ်လည်းညံ့၏

ကျွန်နောအမျိုးသမီပါ အိမ်ထောက်ကျဒါ၃နှစ် ရှိဘီသွေးမှန်မှန်မလာဘူအမျိုးသမီ အသက် ၂၃ ကျွန်နောအသက်၃၀ ယူထဲရဆေးမစားဘူအလိုလိုမရတေဒါကူညီပေးလိုရမလာ သွေးမှန်အောင်ဘယ်လိုလုပ်ရမလဲ ခလေးမရတေဒါဘာလိုလဲ

မေးခွန်းကို ၂ ခါဖတ်တယ်။ သိပ်နားမလည်ပါ။

တချို့က ကျွန်တော်ရေးတာကို နားမလည်ပါလို့လာတယ်။ အဲတာက နမူနာ။ မကြာခဏ နားမလည်တာတွေလာတယ်။

ကျွန်ုပ်သည် စာရေးညံ့၏။ စာဖတ်လည်းညံ့၏။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၇
၃-၁၂-၂ဝ၁၈

Films အတုမြင် အတတ်သင် ရုပ်ရှင်

မြေးအကြီးဆုံးမိန်းကလေးက ဒေလီမှာ ပညာသင့်ခဲ့တော့ ဒီရောက်လည်း အိန္ဒိယရုပ်ရှင်တွေကြည့်တယ်။ ပြန်ပြောတယ်။ အိန္ဒိယရုပ်ရှင်တွေမှာ ကောလိပ်ကျောင်းသားနဲ့ကျောင်းသူ စကားပြောနေရင်း စားကြတာက ပြောင်းဖူးဖုတ်တဲ့။ လူဆိုးတွေ တိုင်ပင်ကြတာကလည်း အရက်ဆိုင်မှာမဟုတ်၊ ဘီယာသောက်ရင်းမဟုတ်၊ မိုးတိုးမတ်တတ် စားရတဲ့ဆိုင်မျိုးမှာတဲ့။ တကယ့်အရှိတွေတဲ့။ အားမကျသင့်တာတွေကို အားမကျအောင်လည်း ဖြစ်မယ်ထင်တယ်တဲ့။

မြန်မာပြည်ကရုပ်ရှင်တွေ မကြည့်ဖြစ်တာ နှစ်တွေ ၄-၅ဝ လောက်ရှိပြီ။ ကျွန်တော်တို့ငယ်ငယ်က လူဆိုးလုပ်ရတဲ့ ချီးဘူးက ဗက်စစ်စတီနိုင်း အရက်သောက်တာပြတယ်။ အခုနေမှာတော့ အားကျစရာတွေ ပြကြတာ ဘယ်လောက် များမလားမသိ။

ဟောလီဝုဒ်ရော ဘောလီဝုဒ်ရောမှာပါ ပြောစရာတွေတော့ ရှိပါတယ်။ ဗမာပြည်က မောလီဝုဒ်ပဲ ပြောချင်တယ်။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၇
၃-၁၂-၂ဝ၁၈

ဆေးရုံ

တရက်ခန့်ရှိသောအခါကား မှတ်မိသမျှဆေးများကို ဝယ်၍သုံးသည်။ သက်သာရာမရ။ ၂ ရက်ခန့်ရှိသောအခါ ငါဖျားနေပါတကားဟု အသိအမှတ်ပြုရတော့သည်။

ဆရာမင်းသုဝဏ် လန်ဒန်မှာနေရစဉ်က ရေးတဲ့စာဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်ကပါ။

အခုခေတ်မှာတော့ တစ်ရက်ခန့်ရှိသောအခါလို့သာ ရေးကြတယ်။ မကြာမီမှာ ငါဖျားနေပါတစ်ကားဟု ရေးကြပါတော့မယ်။

လန်ဒန်မှာနေတဲ့သူငယ်ချင်းကို မေးကြည့်ရဦးမယ်။ သူငယ်ချင်းလုပ်နေတာ ဆေးရုံတရုံမှာလား၊ ဆေးရုံတစ်ရုံမှာလားလို့။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၇
၃-၁၂-၂ဝ၁၈

ဗြောသံ

လှောင်ချက်ကယ်နာ
မောင် မျက်နှာ တရွာမှတ်ပေမဲ့
သာသနာ ဝါဝါဝတ်မှာမို
မယ် လွတ်ရာ ဘယ်ဆီခိုရပ
တလ ဆို ရက်တို ချဉ်းပါ့ဖျာ့
ဘွာ ခတ်ကာ ခမျာ ငြင်းလေတော့
ရောင်ကြီးရှင် ဆံပင်တင်းပြီကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။ (၁၉၄၈)

တိုင်းပြည် လွတ်လပ်ရေးရတဲ့နှစ်က ဆရာမင်းသုဝဏ်ရေးခဲ့တဲ့ကဗျာ။ မြန်မာစာ မြန်မာမှုမှာပါ။ မြန်မာစာ မလွတ်မလပ်တဲ့ခေတ်ကစပြီး တစ်ရွာတွေ တစ်လတွေဖြစ်လာတော့တယ်။ အခုလည်း မလွတ်လပ်တာကိုသာ ကြိုက်နှစ်သက်သူတွေက အလွန့်အလွန်များတယ်။ မောင်ဘိုကေ နှာတော်မတင်းနိုင်ဘု၊ ညှဉ်းတဲ့ တုတ်ဗြုန်း။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၇
၃-၁၂-၂ဝ၁၈

Pleasant Present လက်ဆောင်

ပန်းပေး မွှေးပါမှ၊ ခူးတဲ့သပြေပင် ခါချဉ်ကောင်ကင်းပါမှ
အင်္ကျီ ခေတ်မီ၊ ပုဆိုး ပိုးမဟုတ်၊ ချည်ထည် ပသျှူးချုပ်
ပင်ထက်မှည့် သဘောင်္ာသီး အစေးတွေ ပေပါစေ၊ ငှက်ပျောဖီး အသီးအရေအတွက် နည်းပါစေ
စာအုပ် အဖုံးစုတ်၊ နောက်ထုတ် မဟုတ်၊ ပြင်ထုတ် မဟုတ်။

အော်ဂဲနစ် မြန်မာစာခေတ်သို့ ပြန်ရောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၇
၃-၁၂-၂ဝ၁၈

Mediterranean Food မြေထဲပင်လယ်စာ

၁။ မြေထဲပင်လယ်အရပ်ဒေသအစားအစာဆိုတော့ အများအားဖြင့် အာရပ်တွေရဲ့အစားအသောက်တွေထင်ပါတယ်။
မဟုတ်ပါ။

၂။ သံလွင်ဆီကို ဘယ်လိုစားသုံးသင့်ပါသလဲဆရာ။

သူတို့က ဆီတမျိုးတည်းလိုလိုသုံးတယ်။ သူတို့အစားအစာမှာ ဆီပါတာ နည်းတယ်။

၃။ ပင်လယ်စာမဟုတ်ဘဲ၊ မြေထဲပင်လယ်စာဆိုတော့ ရွာလည်သွားပြီဆရာရေ။

ဒီစာရေးလိုက်မယ်။

အလယ်တန်းကတည်းကသင်ရတဲ့ မြေထဲပင်လယ်ကို စွဲနေတယ်။ နာမည်အရဆန်းနေလို့။ ကမ္ဘာမှာ သမုဒ္ဒရာတွေနဲ့ ပင်လယ်တွေရှိတယ်။ သမုဒ္ဒရာကြီးငါးခု သတ်မှတ်ထားတယ်။ အကြီးဆုံးက ပစိဖိတ်သမုဒ္ဒရာ 168,723,000 စကွဲယား ကီလိုမီတာ၊ အန္တလန်တိတ်သမုဒ္ဒရာ 85,133,000 စကွဲယားကီလိုမီတာ၊ အိန္ဒိယသမုဒ္ဒရာ 70,560,000 စကွဲယား ကီလိုမီတာ၊ တောင်ပိုင်း (အန္တာတိက) သမုဒ္ဒရာ 21,960,000 စကွဲယားကီလိုမီတာနဲ့ အာတိတ်သမုဒ္ဒရာ 15,558,000 စကွဲယားကီလိုမီတာ ကျယ်ဝန်းကြတယ်။ ပစိဖိတ်သမုဒ္ဒရာကို တောင်နဲ့မြောက်၊ အန္တလန်တိတ်သမုဒ္ဒရာကိုလည်း တောင်နဲ့မြောက် ပိုင်းခြားလေ့လာတာလည်းရှိတယ်။

ပင်လယ်တွေက ပိုများတယ်။ ဒုက္ခပင်လယ်လို့ တင်စားပြောဆိုလေ့ရှိတယ်။ မြေထဲပင်လယ်ကအကြီးဆုံး။ ကစ်စပီယန်ပင်လယ်၊ အေဒရီယားတစ်ပင်လယ်၊ ပင်လယ်နီ၊ ပင်လယ်နက်၊ ပါရှားပင်လယ်ကွေ့နဲ့ မက်ဆီကိုပင်လယ်ကွေ့။

မြေထဲပင်လယ်ဆိုတာ အန္တလန်တိတ်သမုဒ္ဒရာနဲ့ဆက်နေတယ်။ သူ့ကို မက်ဒီတာရေးနီးယန်းချိုင့်ဝှမ်းက အပြည့်နီးပါး ဝန်းရံနေတယ်။ မြောက်ဖက်မှာ ဥရောပတိုက်နဲ့ အနာတိုးလီယာ၊ တောင်ဘက်မှာ အာဖရိကတိုက် မြောက်ပိုင်းနဲ့ အရှေ့ဘက်မှာ လေဗက်ခေါ်တဲ့နေရာရှိတယ်။ ဆိုက်ပရပ်စ်၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ ပါလစ်စတိုင်း၊ ဆီးရီးယားနဲ့ တာကီ ခေါ် တူရကီဒေသတွေရှိတဲ့နေရာအစုအဝေးဖြစ်တယ်။

မြေထဲပင်လယ်နဲ့ အန္တလန်တိတ်သမုဒ္ဒရာနဲ့ အဆက်ဖြတ်ခဲ့တဲ့ ပထဝီသမိုင်းက နှစ်ပေါင်း ၅့၉ သန်းရှိတယ်လို့ ဆိုပါတယ်။ နာမည်အရ ဂရိကနေလာတယ်။ မြေထဲလို့အဓိပ္ပါယ်ရတယ်။ ဧရိယအကျယ်အဝန်း 2.5 million km2 (965,000 sq mi) ရှိတယ်။ အန္တလန်တိတ်သမုဒ္ဒရာနဲ့ ဆက်နေတဲ့နေရာလေးက 14 km (8.7 mi) သာကျယ်တယ်။ အဲဒီနေရာကို ဂျီဘရော်လတာရေလက်ကြားလို့ခေါ်တယ်။ မြောက်ဘက်မှာ စပိန်နဲ့ တောင်ဘက်မှာ မော်ရိုကိုနိုင်ငံတွေ ရှိကြတယ်။

မြေထဲပင်လယ်ဘေးမှာ နိုင်ငံတွေကအများကြီးရှိတယ်။ ကျူနီးရှား၊ ခရိုယေးရှား၊ ဂရိစ်၊ စပိန်၊ ဆိုက်ပရပ်၊ ဆိုလ်ဗေးနီးယား၊ ဆီးရီးယား၊ တူရကီ၊ မွန်တီနီဂရိုး၊ မိုနာကို၊ ပြင်သစ်၊ လက်ဘနွန်၊ လစ်ဗျား၊ အစ်ဇရေးလ်၊ အယ်လ်ဂျီရီးယား၊ အယ်လ်ဘေးနီးယား၊ အီဂျစ်၊ အီတလီ၊ ဘော့စနီးယားဟက်ဇာဂိုဗီးနား၊ မောလ်တာ၊ မော်ရိုကိုနိုင်ငံတွေဖြစ်ကြတယ်။ ဂါဇာကမ်းမြှောင်ဒေသနဲ့ ဗြိတိသျှပိုင်ကမ်းခြေနေရာလေးတွေပါရှိတယ်။

မြေထဲပင်လယ်အစားအသောက်ဆိုတာ ပထဝီနဲ့တော့ သိပ်မဆိုင်လှပါ။ ဂရိ၊ ခရိနဲ့ ပြင်သစ်တောင်ပိုင်းနဲ့ အီတလီ တစိတ်တပိုင်းတို့နဲ့သာဆိုင်တယ်။ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အခြေခံတဲ့အစားအစာမျိုးဖြစ်တယ်။ အစေ့အဆံတွေနဲ့ သံလွင်ဆီပါတယ်။ ကြက်သားနဲ့ ပင်လယ်စာတွေကို ကင်တယ်။ ထောပတ်မသုံးပါ။ အမဲသား၊ ဆိတ်သားနဲ့ ဝက်သားမပါ။ ဂျုံ၊ ပြောင်းနဲ့ ဆန်ကို ဖြူဖွေးနေအောင်မချွတ်ပါ။ သက်သတ်လွတ်တော့ မဟုတ်ပါ။ မီးလွတ်လည်း မဟုတ်ပါ။

မြေထဲပင်လယ်ဝန်းကျင်မှာ ဂရိမြို့ပြနိုင်ငံများနဲ့ ဖီနီရှန်ယဉ်ကျေးမှုကြီးတွေထွန်းကားခဲ့ပါတယ်။ သြဂတ်စ်တပ်က ရောမအင်ပါယာကြီးကို ထူထောင်ခဲ့တယ်။ တောက်ဘက်မှာ အီဂျစ်ယဉ်ကျေးမှုကြီးထွန်းကားခဲ့တယ်။ အရှေ့ဘက်မှာ အော်တိုမန်အင်ပါယာကြီး ထူထောင်ခဲ့တယ်။ ဂရိယဉ်ကျေးမှုမှာ မက်ဆိုပိုတေးမီးယားရှိတယ်။ မြစ်ကြီးနှစ်ခုကြားလို့ ဆိုလိုတယ်။ ကာသေ့တိုင်းပြည်ကြီးထွန်းကားခဲ့စဉ်က ဆီးရီယားပင်လယ်လို့ ခေါ်ခဲ့တယ်။ ရောမအင်ပါယာခေတ်မှာ ကျွန်ုပ်တို့၏ပင်လယ်လို့ခေါ်တယ်။ ဖီနီရှန်းအီပစ်လင်္ကာကြီးထဲနဲ့ ဟီဘရူးကျမ်းစာထဲမှာ မဟာပင်လယ်လို့ ခေါ်တယ်။ အာရတ်တွေကခေါ်ကြတဲ့အမည်တွေလည်းရှိသေးတယ်။ အော်တိုမန်တာကီတွေက သန့်စင်သောပင်လယ်ဖြူတဲ့။

မြေထဲပင်လယ်အစားအသောက်တွေဟာ ရောဂါတွေရစေနိုင်တဲ့ မကောင်းတဲ့ကိုလက်စထော နည်းတယ်။ နှလုံးသွေးကြောရောဂါနည်းတယ်။ လူဝတာနည်းတယ်။ ဆီးချိုနည်းစေတယ်။ သွေးတိုးနည်းစေတယ်။ ကင်ဆာနည်းစေတယ်။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၇
၃-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး