Salt အရေးပါတဲ့ဆား

ဆရာ ခုတစ်လော facebook မှာဖတ်မိတာလေးပါဆရာ။ တနှစ်အောက်ကလေးတွေကို အစာကျွေးရာမှာ ဆားမထည့်သင့်ဘူးဆိုတာ ဟုတ်ပါသလားဆရာ။ အဲအကြောင်းလေး မိခင်များသိအောင် ရေးပေးပါအုန်းဆရာ။ ခုသမီးလေးကို အစာကျွေးနေရင်း ဝေခွဲမရဖြစ်နေလို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

လူကြီးတွေအတွက် သတိပေးချက်ကို အရင်ရေးပြီးနောက် ကလေးတွေအတွက်လိုအပ်ချက် ဆက်ရေးပါရစေ။ 

ဆားမပါတဲ့ဟင်းဆိုပြီး ပေါ့ပျက်ပျက်နိုင်တာကို တင်စားပြောကြပါတယ်။ ပြည်ပန်းညို ချိုချင်ပါလျှက် ဆားတပွင့်ကြောင့်ပျက်လို့လဲ စကားရှိပါသေးတယ်။

ဆားကို ဆရာဝန်တွေက သတိအတန်တန်ပေးနေရပါတယ်။ BP သွေးဖိအားတိုင်းရင် အထက်ဂဏန်း ၁၄ဝ ကျော်နေပါသလား။ အောက်ဂဏန်း ၉ဝ ကျော်နေပါသလား။ ကျော်နေသူတိုင်း ဆားကိုဂရုစိုက်နေရပါတော့မယ်။ တသက်လုံး။ 

အသက် ၄၅ နှစ်ကျော်ပါပြီလား။ ဟုတ်ဆိုရင် ဆားလျှော့စားပါ။ ဆိုင်စာတွေမစားပါနဲ့။ အိမ်မှာတင် ဆားကို အတိုင်းအဆနဲ့သာ ထည့်ချက်ပြုတ်စားသောက်ပါ။ သွေးဖိအားကို မှန်မှန်တိုင်းပါ။ လိုအပ်လို့ သွေးကျဆေး သောက်ရရင် စနစ်တကျသောက်ပါ။ ဆေးပြောင်းဘို့လိုရင် ဆရာဝန်ကပြောင်းပေးမယ်။ တသက်လုံး အစားအသောက်ဆင်ခြင်ပြီး ဆေးနဲ့နေရင် အသက် ၁၂ဝ ရှည်နိုင်သူတွေထဲမှာပါပါမယ်။ လမ်းလျှောက်ပါ။ အရက်သေစာ မသောက်ပါနဲ့ (လျှော့ပါ၊ ဖြတ်ပါ)။ ဆေးလိပ်မသောက်ပါနဲ့ (လျှော့ပါ၊ ဖြတ်ပါ)။ စိတ်ဖိအား များနေရင်လဲ လျှော့ချပါ။ ကိုယ်အလေးချိန်လဲ နည်းစေပါ။ 

ဆားဘယ်လောက်နည်းရမလဲ။ ဆိုဒီယမ် တနေ့မှာ ၁၅ဝဝ မီလီဂရမ်ထက် မများပါစေနဲ့။ ဆိုဒီယမ်က ငန်တာမှန်သမျှမှာပါတယ်။ သူများနိုင်ငံတွေမှာ ပြုပြင်ပြီးအထားခံအောင်လုပ်တဲ့ အေးခဲထားတာနဲ့ စည်သွပ်ထားတဲ့ အစားအသောက်တွေ အစားများကြတယ်။ ကျွန်တော်တို့လူမျိုးက အထားခံအောင် အချဉ်တည်ထားတာနဲ့ အခြောက်လှမ်းထားတဲ့ အစားအသောက်တွေများတယ်။ အတူတူလို့ ယူဆနိုင်တယ်။

မုန့်လုပ်ဆော်ဒါဆိုတာထဲမှာလဲ ဆိုဒီယမ်ပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်။ အကြော်ကြော်တဲ့အခါ ရွရွလေးဖြစ်အောင် ဆော်ဒါထည့်တယ်။ ဆိုဒီယမ်ပါတယ်။ ဟင်းချိုမှုန့်မှာ ဆိုဒီယမ်ပါတယ်။ အသားမှုန့်ထဲမှာလဲ အတူပါတယ်။ 

ကလေးတွေနဲ့ ဆား
ထမင်းဆီဆမ်းဆားဖြူးကို ကလေးတွေကျွေးလေ့ရှိတယ်။ ဆန်ကနေရတာ။ ဆီကနေရတာနဲ့ ဆားကနေရတဲ့ အာဟာရဓါတ်တွေရပါမယ်။ အဲတာသာကျွေးရင်တော့ ပရိုတင်းမရပါ။ အသီးအရွက်တွေကရမဲ့ ဗီတာမင်နဲ့ တခြားဓါတ်ဆားတွေ မရပါ။ ဆားမပါရင် ဆားမရနိုင်ပါ။ 

လူတွေရေသောက်ရတယ်။ ရေတမျိုးတည်းနဲ့ သွေးထဲမဝင်နိုင်ပါ။ ဆဲလ်တွေ၊ တစ်ရှူးတွေထဲမဝင်နိုင်ပါ။ ရေနဲ့အတူ အလွန်တိကျတဲ့အချိုးအဆနဲ့ ဆိုဒီယမ်ကလိုရိုက်ခေါ် ဆားကိုပါ စုပ်ယူနိုင်ပါတယ်။ (ဝ့၉%) ပါရတယ်။ ဆေးထိုးတဲ့မိုးရေထဲမှာ ဆားမပါလို့ များများထိုးမရ သွင်းမရပါ။ သွင်းမိရင် ဒုက္ခရောက်ပါမယ်။ 

တိရစ္ဆာန်တွေဟာ ရေကြည်ရာ မြက်နုရာရှာတယ်လို့သာပြောလေ့ရှိတယ်။ မပြည့်စုံသေးပါ။ ဆားရှိရာကိုပါ ရှာပါတယ်။ ဆားဟာ သက်ရှိတွေအားလုံးအတွက် မရှိမဖြစ်ပါ။ များလို့လည်း မကောင်းပါ။

Salt lick (Mineral lick) ဆိုတာ တိရစ္ဆာန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ဆား (ဓါတ်ဆား) တွေလိုက်ရှာပြီး လျှာနဲ့ လျှက်ကြရတဲ့နေရာကို ခေါ်ပါတယ်။ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ သံဓါတ်၊ ဖေါ့စ်ဖါးရပ်စ်၊ သွပ်ဓါတ် စတဲ့ ဓါတ်ဆားတွေ လိုအပ်ပါတယ်။ အရိုးတွေ၊ ကြွက်သားတွေနဲ့ ဖွံ့ထွားမှုအတွက် အဲတာတွေကမရှိမဖြစ်ပါ။ တိရစ္ဆာန်တွေဟာ အဲတာတွေဘယ်မှာရမလဲ သိကြတယ်။ ခြံမွေးတိရစ္ဆာန်တွေအတွက်တော့ ခြံပိုင်ရှင်က တမင်တကာ ထည့်ကျွေးကြရတယ်။ လူသားကလေးအမေတွေက သိကြပါ။

ဒေါက်တာတင့်ဆွေ
၁ဝ-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး