Medical Prescription ဆေးစာရေးနည်း
၁။ ကျမ နယ်ကဆိုတော့ အင်္ဂလိပ်စာလုံး ပြပြီးဆေးဝယ်ရင် ဆိုင်တွေမသိကြဘူးဆရာ ကျေးဇူးပြုပြီး ဆေးပုံစံ ပြပေးပါအုံးရှင့်
ဆေးအမည် အင်္ဂလိပ်စာလုံးကို မဖတ်တတ်တဲ့ဆေးဆိုင်ကနေ ဆေး မဝယ်သင့်။ ဆရာဝန်ရေးတဲ့ ဆေးစာလက်ရေး ဖတ်မရတာက တမျိုး။ ဆေးညွှန်းကို ဗမာလိုရေးပေးတဲ့ဆရာဝန်တော့ မရှိလောက်လို့ထင်တယ်။ ကျွန်တော်က လူအိုလူဟောင်းဆိုတော့ ခေတ်ပေါ်တွေတော့ မသိပါ။ ဆောရီး။
၂။ ဆရာဝန်တယောက်ရဲ့ ဆေးစာရေးနည်းပုံစံ ဘယ်လိုလေးဆိုတာလည်း တင်ပြလို့ရနိုင်မလားဆရာ။
ကျွန်တော်တော့ ဆေးကျောင်းမှာရော ဆေးရုံမှာပါ ဆေးစာရေးနည်း မသင်ခဲ့ဘူးပါ။ မြင်ဆရာလို့ဘဲပြောရမှာဘဲ ဆရာ့ ဆရာတွေ ရေးကြတာကို အတုယူပါတယ်။ မြန်မာပြည်မှာနဲ့ တခြားနိုင်ငံတွေမှာ ဆေးစာရေးကြတာ သိပ်မကွာပါ။ သိတဲ့အတိုင်း အတိုကောက်တွေ အတော်သုံးကြတယ်။ တခြားဆရာဝန်တွေ၊ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်းကလူတွေ၊ ဆေးဆိုင်ကလူတွေ နားလည်မှာကိုသာ ရေးကြရတယ်။
ဆရာဝန်တွေရေးတဲ့ ဆေးစာဆိုတာ အစဉ်အလာအရ လက်နဲ့သာရေးရတယ်။ ဆရာဝန်လက်ရေးဆိုတာ မလှတာမှာ ကင်ပွန်းအတတ်ခံလောက်အောင် ဆိုးပါတယ်။ ဒါကြောင့်တော့ မဟုတ်လောက်ပါ။ နောက်ပိုင်းမှာ ကွန်ပြူတာ၊ ပရင်တာ သုံးတဲ့ ပုံစံတကျလုပ်တာမှာ ဖြည့်ရေးလာကြတယ်။
ဆေးစာကို Rx သင်္ကေတနဲ့ စရေးတာ အစဉ်အလာတရပ်ဖြစ်တယ်။ လက်တင်ကနေလာတာပါ။ Recipe, Recipere, To take, Take thus လို့ အဓိပ္ပါယ်ရတယ်။ တခြားအရပ်ပြောပြောကြတာတွေလဲရှိသေးတယ်။ တချို့က ℞ ဆိုတာ Eye of Horus တချို့က Zeus ဒါမှမဟုတ် Jupiter လို့မှတ်ယူကြတယ်။
ဘယ်သူ့အတွက် ရေးပေးတာဆိုတာလဲ ပါရမယ်။ ဆေးသောက်ပုံ သောက်နည်းကို တခါသောက်ဘယ်လောက်၊ ဘယ်အချိန်မှာသောက်၊ ဘယ်နှစ်ရက်ဆိုတာ ဆေးတခုချင်းအတွက် ပါရမယ်။ အပေါ်ပိုင်းမှာ နေ့စွဲ၊ ဘယ်သူ့အတွက်၊ လူနာမှတ်ပုံတင်နံပါတ် ပါမယ်။ အောက်ဆုံးမှာ ရေးတဲ့သူရဲ့ တရားဝင်တာဝန်တွေ ပါရမယ်။ နာမည်၊ ဘွဲ့၊ ဆရာဝန် မှတ်ပုံတင်အမှတ်၊ (မြန်မာပြည်မှာ ဆမ ခေါ်ပြီး အမေရိကားမှာ DEA လို့ ခေါ်တယ်။) ဆေးရုံ-ဆေးခန်းအမည်၊ လိပ်စာ။
ဆေးမှတ်တမ်းဆိုရင်တော့ စမ်းသပ်တွေ့ရှိချက်တွေ၊ ရောဂါနာမည်၊ ဓါတ်ခွဲစမ်းသပ်ဘို့ စာရင်းစတာတွေပါ ပါလိမ့်မယ်။ နောက်တခါက်ပြန်လာဘို့၊ ဒါမှမဟုတ် အထူးကုတွေ။ ဆေးရုံတွေဆက်ပြဘို့ ညွှန်ကြားချက်လဲ ပါမယ်။
ဆေးတွေကို ဆရာဝန်လက်မှတ်နဲ့သာရောင်းတာနဲ့ အလွယ်ဝယ်လို့ရတာဆိုပြီး ဥပဒေနဲ့သတ်မှတ်ထားတယ်။ ဒါကြောင့် ဆရာဝန်လက်မှတ်က အဲလိုနေရာဒေသတွေမှာ အလွန်အရေးပါတယ်။ ဥပဒေတင်းကြပ်မှုမရှိတဲ့နိုင်ငံတွေမှာတော့ ဆေးဆိုင်တွေဟာ ဆေးရောင်းရဘို့အတွက်ဘဲ ကြည့်ကြတာများတယ်။ ဆေးအရည်အသွေးလဲ စိတ်ချချင်မှချရနိုင်တယ်။
ဒီစာရေးပြီးနောက် ၅ နှစ်နေတော့ ယူအက်စ်အေကို ရောက်ပါတယ်။ ဆေးရုံတွေလည်း ရောက်တယ်။ ဒီမှာ ဆေးမှတ်တမ်း ရေးကြတာ မတူပါ။ အားလုံးကို ကွန်ပြူတာနစ်ထဲထည့်ထားတယ်။ အချက်အလက်တွေ၊ စစ်ဆေးချက်တွေ၊ ကုသမှုပေးတာတွေ အကုန်ထည့်ထားတယ်။ သူနာပြုက လူနာကို ဆေးထိုးတော့မယ်ဆိုရင်လည်း ဆေးပုလင်းပါ ဘားကုတ်ကို ဆင်ဇာနဲ့ တည့်တည့်ထားပြီး ကွန်ပြူတာစနစ်ထဲထည့်ရတယ်။ လူနာကိုလည်း ပဌမအမည်၊ ဒုတိယအမည်နဲ့ မွေးသက္ကရာဇ် (လ-ရက်-ခုနှစ်) သွင်းထားပြီးသား။ အဲတာတွေမပါဘဲ ဘာတခုမှ ဆက်မလုပ်ပါ။
ကျွန်တော်မှာတော့ လူနာအသက်-ကျား-မ မေးတာကို ကြီးကျယ်တယ်လို့ အပြောခံနေရတုန်းပဲ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment