Ectopic Pregnancy (1) ထူးဆန်းသည့်ကိုယ်ဝန် (၁)


မေးခွန်းတွေကို ကျော်ပြီးဖတ်လိုက ဖတ်ပါရန်။

1. ဆရာ သားအိမ်ပြင်ပကိုယ်ဝန်ဆောင်ရင်ဖြစ်တဲ့ လက္ခဏာအကြောင်းသိချင်လို့ပါ။

2. ထူးဆန်းသည့်ကိုယ်ဝန် Ectopic Pregnancy ဘာကြောင့် အဲလို ဖြစ်ရတာပါလဲဆရာ သိချင်ပါတယ်။

3. ကျွန်မ အိမ်ထောင်သည်တယောက်တော့ မဟုတ်ပါ။ သို့ပေမဲ့ အမျိုးသမီးတယောက်အနေနဲ့ သိထားသင့်တယ် ထင်မိပါတယ်။ သားအိမ်ပြင်ပသန္ဓေတည်ရင် အစောဆုံးအချိန် ဘယ်လိုလက္ခာဏာပြပါသလဲ။ ဘယ်လိုအကြောင်းကြောင့် ဖြစ်ပေါ်တတ်ပါသလဲဆရာ။ ကျွန်မ ဗဟုသုတအနေနဲ့ အခြားအမျိုးသမီးများကိုလည်း အခြေအနေကြုံရင် ပြန်လည် မျှဝေချင်လို့ပါဆရာ။ တဆက်တည်းပြောပါရစေ။ ကျွန်မ မြန်မာစာအရေးအသား စာလုံးပေါင်းသတ်ပုံမှားလျှင်လည်း နားလည်အမှန်သင်ပြပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။

4. ကိုယ်ဝန်က သားအိမ်ထဲမှာမဟုတ်ပဲ အပြင်မှာတည်ရတာဘာကြောင့်လဲရှင့်။ သားအိမ်ပြင်ပမှာတည်တာကို ဘယ်လို ခံစားရတာမျိုးနဲ့များသိရှိနိုင်ပါမလဲ။ ဥပမာဆရာ့ကိုသမီးဗိုက်အောင့်အောင့်နေတယ်လို့ ပြောတာနဲ့များ သက်ဆိုင်နေမလားလို့ပါ။ တကယ်လို့ အဲလိုဖြစ်ခဲ့တယ်ဆိုရင် ကိုယ်ဝန်ဆက်ဆောင်လို့ ရနိုင်ပါသလားရှင့်။ ကိုယ်ဝန်နုစဉ်မှာ အစပ်စားလို့ရပါသလား။ အစပ်ပါမှ အစာစားလို့ဝင်နေလို့ပါ။

5. ဒေါက်တာ ကျွန်မအသက်က၂၁ပါ ။ အရင်ကလည်းမေးဖူးပါတယ်။ သားအိမ်ရောင်ပြီး ကလေးနှလုံးမခုန်တာ မနေ့ကသွေးဆင်းလို့ ultrasound ရိုက်ကြည့်တော့ ကလေးကသားအိမ်အပြင်မှာ တည်နေတာတဲ့ အဲ့ဒါ ဗိုက်ခွဲရပါတယ်။ ဘာလို့အဲ့လိုဖြစ်ရတာလဲ။ ဆိုးကျိုးတွေပြောပြပါ။ နောက်ပြီး ဘယ်လောက်ကြာမှ ကလေး ထပ်ယူရမလဲ ထပ်ယူရင် ဘယ်လိုလုပ်သင့်လဲ။ ဆောင်ရန်ရှောင်ရန် ပြောပြပေးပါဒေါက်တာ။ ကျေးဇူးတင်ပါတယ်။

6. ဆရာရှင့် သမီးက အသက် ၃၃ ပါ။ အိမ်ထောင်သက် ၂နှစ်အတွင်းမှာ ပထမဦးဆုံး ကိုယ်ဝန်လွယ်ရတော့ ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ မနက်ခင်းတိုင်းဟာ သမီးတွက် မျော်လင့်ခြင်းရောင်ခြည်အပြည့်နဲ့ ပါ။ ဒါပေမဲ့ ဆရာရယ် ကိုယ်ဝန် ၇ ပတ်မှာ ectopic pregnancy ဆိုတာသိလိုက်ရတယ်။ မခံမရပ်နိုင်အောင် အောင့်လွန်းလို့  ဆေးရုံရောက်ပြီး ဘယ်ဘက်သားဥပြွန်ရော သမီးကလေးလေးကို ဆုံးရှုံးခံလိုက်ရတယ်။ ဒီနေ့ဆို သမီးခွဲပြီးတာ ၁ လတိတိ ပြည့်တဲ့နေပါ။ သမီးမှာ ကလေးပြန်ရနိုင်ခြေ ဘယ်လောက်ရာခိုင်နှုန်းလောက်ရှိမလဲ။ နောက်ကိုယ်ဝန်ဆောင်ဖို့  အချိန်စောင့်ရန်လိုပါသလား။ စောင့်ရမယ်ဆိုရင် ဘယ်လောက်စောင့်ပြီး ကလေး ယူသင့်ပါသလဲ။ သမီးအတွက် နောက်ကိုယ်ဝန်ရမှသာ အသက်ဆက်ရှင်ချင်စိတ် ပြန်ပေါ်လာမယ် ထင်လို့ပါ။ အကြာကြီးမစောင့်ချင်ဘူး။ ဘယ်လို ဆေးမျိုးသောက်ရပါ့မလဲ နည်းလမ်းတွေပေးပါဦး။

7. မင်္ဂလာပါဆရာ။ သမီးနာမည့့် ပါ။ သမီးအိမ်ထောင်ကျတာငါးလရှိပါပြီ။ အိမ်ထောင်သက်တမ်း လေးလ အကြာမှာ ကိုယ်ဝန်ရခဲ့ပါတယ်။ ကိုယ်ဝန်ရှိတာသိသိချင်း အိုဂျီနဲ့ပြပါတယ် အိုဂျီက ကိုယ်ဝန် ၂ လ ပြည့်တဲ့နေ့ အာထရာဆောင်း ရိုက်ကြည့်မယ်ဆိုလို့သွားရိုက်ပါတယ်၊ သန္ဓေသားကို သားအိမ်ထဲမှာမတွေ့ဘူး။ tvs ရိုက်တော့ ညာဖက်သားဥပြွန်မှာ ကိုယ်ဝန်နေရာလွဲပြီးတည်နေတာကို တွေ့သိခဲ့ရပါတယ်။ အဲ့နေ့ချက်ချင်းပဲ ဗဟိုအမျိုးသမီး ဆေးရုံကြီးကိုတက်ခဲ့ပါတယ်။ သမီးမှာ နာကျင်ကိုက်ခဲ ဘာဝေဒနာမှမရှိလို လူကောင်းပကတိ အတိုင်း ဖြစ်နေလို့ ဆရာဝန်တွေက သမီးအခြေအနေကို ခု ၁၁ ရက် ၁ လ ၂ဝ၁၆ မနက်ထိ စောင့်ကြည့်ပြီး အာထရာဆောင်း ပြန်ရိုက်ပါတယ်။ သွေးလဲစစ်ပါတယ်။ အဖြေက ectopic pregnancy ပဲ ထွက်လာလို့ ၁၁ ရက်နေ့ညနေ 6:45 မှာခွဲပြီး ညာဖက်သားဥပြွန်ပါဖြတ်လိုက်ရပါတယ်။ သမီးလိုပဲ အမျိုးသမီး အတော်များများ ခွဲစိတ်ပြီး ဆေးရုံလာတက်တာကိုတွေ့ရပါတယ်။ သမီးသိချင်တာက ပိန်တဲ့သူရော ဝတဲ့သူရော ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာပါဆရာ။ တခါဖြစ်ဖူးရင် နောက်ကောဖြစ်နိုင်သလား။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။

8. နေရာလွဲသန္ဓေတည်ခြင်း Ectopic ရဲ့ ဖြစ်တည်ခြင်းနှင့် လက္ခဏာအကြောင်းကို သိချင်ပါတယ်ဆရာ။ ရှင်းရှင်း လင်းလင်းနဲ့ နားလည်အောင်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

9. ဆရာ သားအိမ်ပြင်ပကိုယ်ဝန်ဆောင်ရင်ဖြစ်တဲ့ လက္ခဏာအကြောင်းသိချင်လို့ပါ။

10. ထူးဆန်းသည့်ကိုယ်ဝန် Ectopic Pregnancy ဘာကြောင့် အဲလို ဖြစ်ရတာပါလဲဆရာ သိချင်ပါတယ်။

11. သမီးအသက်က ၃၂နှစ်ပါ။ UCG Positive ဖြစ်ပြီးသွေးဆင်းနေတာလဲ ၁ လနီးပါရှိနေလို့ TVS ထပ်ရိုက်ခဲ့ပါတယ်။ Suggestive of blood around posterior wall of uterus - etopic pregnancy လို့ပြောထားပါတယ်ဆရာ။ ခွဲထုတ်လိုက်မှ အဆင်ပြေမယ်လို့ပြောပါတယ်ဆရာ။ လောလောဆယ် ဆိုးဆိုးဝါးဝါးတော့ မခံစားရပါဘူးဆရာ။ ဆီးစပ်မှကိုက်ပြီး သွေးနည်းနည်းတော့ဆင်းပါတယ်။ OG ကတော့ စောင့်ကြည့်ချင်လဲ စောင့်ကြည့်အုံးလို့ ပြောပါတယ်။ စောင့်ကြည့်ရင်ရော ကိုယ်ဝန်ကတည်ပါ့မလားဆရာ။ ဒါမှမပာုတ် အမြန်ပဲခွဲထုတ်လိုက်ရမလား ဆရာ။ ခွဲပြီးလို့ရှိရင် ကလေးယူဖို့ ဘယ်လောက်လောက်စောင့်ရပါသေးလဲဆရာ။ ပြီးတော့ နောက်ထပ် ကိုယ်ဝန်ရှိခဲ့ရင် Ectopic မဖြစ်အောင် ဘယ်လိုကာကွယ်ထားလို့ရမလဲဆရာ။

12. ဒေါက်တာရှင့် သမီးကကိုယ်ဝန် ၇ ပတ်ပါ။ အာထရာဆောင်းမရိုက်ရသေးပါဘူး။ သားဦးပါ။ ပြင်ပမှာ သန္ဓေတည်တာ ဘယ်လိုမျိုးဖြစ်တာလဲ၊ ဘယ်လိုခံစားရလဲဆိုတာ သိချင်လို့ပါဆရာ။

13. ကိုယ်ဝန်က သားအိမ်ထဲမှာမဟုတ်ပဲ အပြင်မှာတည်ရတာဘာကြောင့်လဲရှင့်။ သားအိမ်ပြင်ပမှာတည်တာကို ဘယ်လိုခံစားရတာမျိုးနဲ့များသိရှိနိုင်ပါမလဲ။ ဥပမာဆရာ့ကိုသမီးဗိုက်အောင့်အောင့်နေတယ်လို့ ပြောတာနဲ့များ သက်ဆိုင်နေမလားလို့ပါ။ တကယ်လို့ အဲလိုဖြစ်ခဲ့တယ်ဆိုရင် ကိုယ်ဝန်ဆက်ဆောင်လို့ ရနိုင်ပါသလားရှင့်။ ကိုယ်ဝန်နုစဉ်မှာ အစပ်စားလို့ရပါသလား။ အစပ်ပါမှ အစာစားလို့ဝင်နေလို့ပါ။

14. ဆရာရေးထားတဲ့ သားအိမ်ပြင်မသန္ဓေတည်ခြင်းအကြောင်းခုဘဲတွေ့လို့ဖတ်ပြီးပါပြီဆရာ။ ဆိုင်ကယ်စီးရင် သန္ဓေသားထိခိုက်သလား။ ကိုယ်ဝန်ဘယ်နှစ်လထိ စီးနိုင်လဲဆိုတာလေးတော့ ပြောပြပေးပါဆရာ။

သိချင်လို့ မေးတာကို မသိတာနဲ့ စရတော့မှာဘဲ။ သားအိမ်အပြင်မှာသန္ဓေတည်တာ အများဆုံးကတော့ ဘာ့ကြောင့်မှန်း မသိပါ။ ဖြစ်စေနိုင်တဲ့ အခြေအနေတွေက အမျိုးရှိတယ်။ သားအိမ်ပြွန်မှာ ပြဿနာရှိသူ၊ ဆေးဝါးရဲ့မကောင်းကျိုးဆက်နဲ့ ဆေးလိပ် စွဲသူတွေမှာ ဖြစ်ကြပါတယ်။ ဒါမျိုးကို တခုကမှ ဆရာဝန်တွေ ရှာမရသူကလည်း သုံးပုံတပုံကနေ တဝက်အထိ ရှိတယ်။

သားအိမ်ပြွန်ဆိုတာ သားအိမ်ရဲ့ထိပ်မှာ ချိုနှစ်ချောင်းလို ဘေးကားထွက်နေတယ်။ မျိုးဥအိမ်ကနေ တလတခါ ထွက်နေကျ မျိုးဥကို ကောက်ယူ၊ စုပ်ယူ၊ ဆွဲယူ လုပ်ပေးတယ်။ သု့အထဲမှာ ပေါင်းစပ်စရာလဲ နေရာပေးတယ်။

ကလေးမရနိုင်တာကိုလဲ ထည့်ပြောတယ်။ အမှန်က ကလေးမရတာက အကြောင်းမဟုတ်ဘူး။ အကျိုးပါ။ ကလေးမရအောင် ပြွန်ကို ဖြတ်ချည်ထားတာလည်းပါတယ်။ သားအိမ်ပြွန်ကို မီးသုံးပိတ်တဲ့နည်း လုပ်ပေးထားသူတွေရဲ့ ၇ဝ%၊ ပြွန်ကိုချည်နှောင်နည်းဆိုရင် ၃ဝ% တို့က သားအိမ်ပြင်ပ ကိုယ်ဝန် ရစေနိုင်တယ်။ ကလေးမရအောင် ပြွန်ကို တနည်းနည်းနဲ့ လုပ်ထားပြီးခါမှ ကလေး ပြန်ရချင်သူကို ကြိုးစားခွဲစိတ် ပြုပြင်နည်းကြောင့်လည်း ကိုယ်ဝန်က သားအိမ်ပြင်ပမှာ တည်နိုင်သေးတယ်။ သဘာဝမဟုတ်ရင် ဘာမှမကောင်းပါ။

သားအိမ်ထဲ IUCD ပစ္စည်း ထည့်တာ အဆင်မသင့်ရင် သားအိမ်ပြင်ပ ကိုယ်ဝန် ဖြစ်နိုင်တယ်။ အဆင်မသင့်တာသာ မကဘဲ၊ ဒါလုပ်ပေးရာမှာ ပိုးမသန့်ရင်လဲ PID ဖြစ်စေတတ်တယ်။ PID ခေါ် တင်ပဆုံကွင်းထဲက အင်္ဂါတွေ ရောင်တာက လက်ညှိုးထိုး အခံရဆုံးဘဲ။ ဒီရောဂါထဲမှာ Gonorrhea နဲ့ Chlamydia ဆိုတဲ့ လိင်ကကူးစက်ရောဂါတွေက အများဆုံးဘဲ။ ရောဂါ စဖြစ်တာက မွေးလမ်း ကြောင်းမှာပေမဲ့ အထက်တက်ပြီး၊ သားအိမ်၊ သာအိမ်ပြွန်၊ မျိုးဥအိမ် စတာတွေဆီ ပြန့်နိုင်တယ်။ ရောဂါရရင် ပြွန်ထဲက လက်ချောင်းငယ်လေးတွေလိုရှိတဲ့ အလွှာကဆဲလ်တွေ ပျက်စီးစေတယ်။ ဆေးကုလို့ ပိုးသေ၊ ရောဂါပျောက်ရင်တောင် အနာရွတ် ဖြစ်သွားလို့ မျက်နှာပြင် ပုံပြောင်းသွားပြီး၊ လမ်းကျဉ်းသွားစေတယ်။ ဒီတော့ မ-မျိုးဥနဲ့ ကျားသုတ်ပိုးတို့ ဝင်ကြထွက်ကြ လုပ်ရမှာကို တားဆီးတာမို့ ကိုယ်ဝန်က သားအိမ်အထဲ ဝင်မဆောင်နိုင်တော့ဘဲ၊ တခြားသွားတည်စေနိုင်တယ်။

အမေရိကားမှာ နှစ်တိုင်း အမျိုးသမီးတသန်းမှာ PID တွေ့နေရပြီး၊ တသိန်းမက ဒါ့ကြောင့် ကလေးမရ ဖြစ်နေကြရတယ်။ ထောင်နဲ့ချီပြီး အမျိုးသမီးတွေမှာ  သားအိမ်ပြင်ပ သန္ဓေတည်ကြတယ်။ ဗိုက်အောက်နားက နာတာ၊ ရာသီရက် မမှန်တာ၊ အဖြူ-အဝါဆင်းတာ၊ ဆီးအောင့်တာ၊ အိမ်ထောင်နဲ့ အတူနေရင် နာကျင်တာစတဲ့ လက္ခဏာတွေက PID ရှိတာကို ပြတယ်။ ဒါပေမဲ့ ဘာ လက္ခဏာမှ မပြဘဲလဲ၊ PID ရှိနေတတ်တယ်။ အပျိုရွယ်ကတည်းက PID ရှိနေတာကို အိမ်ထောင်ကျမှ၊ ကိုယ်ဝန်ရမှ သိကြရတာလဲ မနည်းဘူး။ ဆက်ဆံဘက် များသူတွေမှာ ဒုက္ခ မလှမပ တွေ့ရလိမ့်မယ်။ အကာကွယ်မဲ့ ဆက်ဆံသူတွေလဲ ပါတယ်။ ဒါ့ကြောင့် ကွန်ဒွမ်သုံးသင့်ကြတယ်။

Clomiphene citrate နဲ့ Pergonal ဆိုတဲ့ ကိုယ်ဝန်ရှိအောင်လုပ်ပေးစေမဲ့ ဆေးတွေ၊ Progesterone နဲ့တူတဲ့ဆေး၊ Diethylstilbestrol ဆိုတဲ့ မ-ဟော်မုန်းဆေးကြောင့်လဲ ပြောကြသေးတယ်။ Endometriosis ဆိုတဲ့ သားအိမ်က တစ်ရှူးတွေ အပြင်ထွက်ပြီး ပေါက်ပွါးတဲ့ရောဂါကြောင့်လဲ ပြွန်ကို ကျဉ်းစေတယ်။ ဆေးလိပ်သောက်သူတွေမှာ ၅ ဆ ပိုတယ်။ Nicotine က ပြွန်ကို ဆွပေးလို့ပါ။ အသက် ကြီးလာသူတွေမှာ ငယ်သူတွေထက် ပိုဖြစ်နိုင်တယ်။

ကိုယ်ဝန်ဆောင်ရင် စိတ်ကို အပြုသဘောသာဆင်ခြင်ပါ။ ငါ့မှာ ဒါတွေများဖြစ်နေမလားမတွေးပါနဲ့။ ကိုယ်ဝန်အပ်ပြီး စစ်ဆေးမှုတွေလုပ်ပြီးမှသာ ဘာဖြစ်နေသလည်းသိပါမယ်။ သားအိမ်ပြင်ပသန္ဓေတည်နေရင် ပုံမှန်ကိုယ်ဝန်လိုနဲ့သာစတယ်။ ကိုယ်ဝန်ရှိစလက္ခဏာတွေသူများတွေလိုပဲခံစားရမယ်။ ရာသီမလာတော့ဘူး။ ရင်သားတင်းနာမယ်။ အားယုတ်နေမယ်။ ပျို့အန်ချင်မယ်။ ဆီးပိုသွားချင်မယ်။ အစားပျက်မယ်။ တခုခုကို ပိုပြီးစားချင်စိတ်ဖြစ်နေမယ်။

သားအိမ်ပြင်ပသန္ဓေတည်နေရင်ထူခြားမှာတွေက ရိုးရိုးကိုယ်ဝန်ပျက်တာနဲ့လည်း အတော်တူတယ်။ မွေးလမ်းကနေ သွေးနည်းနည်းဆင်းမယ်။ အဲတာလည်း ပုံမှန်ကိုယ်ဝန်မှာ သန္ဓေကပ်ချိန်မှာဖြစ်တတ်တယ်။ ဗိုက်အောင့်နာမယ်။ ကိုယ်ဝန် ၆ ပတ်ကနေ ၈ ပတ်လောက်မှာ အဖြစ်များတယ်။ နာတာကလှုတ်ရှားရင်ပိုသိသာမယ်။ တဖက်ဖက်မှာ စူးရှပြီးနာမယ်။ သွေးဆင်းတာများလာမယ်။ အတူနေရင်လည်း မနာသင့်ပဲနာမယ်။ ဆရာဝန်စမ်းရင်လည်း နာမယ်။ ခေါင်းမူးမယ်။ ခေါင်းထဲပေါ့နေမယ်။ သိလက်လွတ်ချင်သလို ဖြစ်နိုင်တယ်။ ရှော့ခ်ဖြစ်လာနိုင်တယ်။ ဖြစ်တဲ့ဖက်က ပခုံးဆီမှာနာမယ်။

- Pregnancy after Ectopic Pregnancy သားအိမ်ပြင်ပသန္ဓေတည်ပြီးနောက် http://doctortintswe.blogspot.com/2017/02/pregnancy-after-ectopic-pregnancy.html
- Ectopic Pregnancy (1) ထူးဆန်းသည့်ကိုယ်ဝန် (၁) http://doctortintswe.blogspot.com/2014/11/ectopic-pregnancy-causes.html
- Ectopic Pregnancy (2) ထူးဆန်းသည့် ကိုယ်ဝန် (၂) http://doctortintswe.blogspot.com/2015/09/ectopic-pregnancy.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး