Lab-grown Liver အသည်းကို ဓါတ်ခွဲခန်းမှာမွေးယူဘို့ ကြိုးစားနေ

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ အသည်းအစားထိုးဘို့ တယောက် ရောက်နေတယ်။ အသည်းအစားထိုးပြီးသားတယောက်လဲ ထပ်ပြဘို့ ရောက်လာတယ်။ ကျောက်ကပ်အစားထိုးဘို့ တယောက်က ရောက်တော့မယ်။ ဒီလူနာတွေက ကိုယ်နဲ့ ရင်းနှီးသူတွေသာဖြစ်ပြီး၊ မသိဘဲရောက်နေသူတွေ၊ လာအုံးမဲ့သူတွေလဲ မနည်းမနောရှိမယ်။

ကနေ့ထုတ် သတင်းစာမှာ ဒေလီ ဆရာဝန်တွေကနေ အသည်းကို ဓါတ်ခွဲခန်းထဲမှာ မွေးယူဘို့ ကြိုးစားနေတဲ့အကြောင်း သတင်းဆောင်းပါးပါတယ်။ ကျောက်ကပ်မကောင်းလို့ ကျောက်ကပ်ကို စက်နဲ့စစ်ရတာကို လူအတော်များများ ကြားဘူးပါမယ်။ အလားတူ အသည်းကိုလဲ စစ်ပေးတာလုပ်နိုင်ပါတယ်ဆိုတဲ့အချက်နဲ့ အစချီပါတယ်။ ကျောက်ကပ်ကနေ အဆိပ်အတောက်တွေကို ကိုယ်ထဲကနေ ဖယ်ရှင်းပေးသလိုဘဲ အသည်းကလဲ အဆိပ်အတောက်တွေကို ချေဖျက်ပေးနေပါတယ်။

ရောဂါတခုခုကြောင့် ကျောက်ကပ်က သူ့အလုပ်ကိုသူ နိုင်အောင်မလုပ်နိုင်တော့ရင် အသက်ဆက်ရှင်ဘို့ ခက်ခဲလာမယ်။ ဒါကြောင့် Renal Dyalysis ကျောက်ကပ်စစ်ပေးရင် အသက်ဆက်နိုင်တယ်။ အလားတူ Liver dialysis အသည်းကိုလဲ စစ်တာ လုပ်ပေးနိုင်တယ်။ ဒီလို စက်-ဆေး အကူအညီနဲ့ စစ်ပေးတာဟာ ယာယီသဘောသာဖြစ်ပြီး Renal transplant ကျောက်ကပ်ဖြစ်ဖြစ် Liver transplant အသည်းဖြစ်ဖြစ် အစားထိုးဘို့လုပ်မှသာ အသက်ပိုရှည်နိုင်တယ်။ ကျောက်ကပ်လှူမဲ့ Kudney Donor အလှူရှင်နဲ့ Liver donor အသည်းလှူမဲ့ အလှူရှင်တွေက လိုသလောက်မရနိုင်တာက အခက်အခဲကြီး ဖြစ်ပါတယ်။

ကျွန်တော် အခုလေးတင် ရေးတင်လိုက်တဲ့ ‘သင်္ကြန် (လူမှုရေး) စာ’ စာထဲကလို မြန်မာပြည်မှာ စေတနာ ပေါကြွယ်သူ မရှားပါ။ အသည်းအစားထိုးပြီးလူနာက ပြန်ပြောပါတယ်။ သူ့ခင်ပွန်းကို အသည်းအစားထိုးဘို့ လှူမဲ့သူရှာတုံးက ဖေ့စ်ဘွတ်ကို သုံးခဲ့တယ်တဲ့ နာရီပိုင်းအတွင်း စေတနာနဲ့ လှူပါမယ်ဆိုသူတွေ ရောက်လာပါသတဲ့။ ဆက်စပ်လို့ ထပ်ပြောပါအုံးမယ်။ ဒီလူနာက တသက်လုံးမှတ်သားလာခဲ့တဲ့၊ မှတ်ပုံတင်ထဲမှာလဲ ရေးမှတ်ထားတဲ့၊ သွေးအုပ်စု (ဘီ) ဟာ မှားနေပြီး (အို) သာဖြစ်တာကို ဒေလီရောက်မှ သိရပါတော့တယ်။ ဒါကြောင့် လူအမှား၊ စက်အမှားဆိုတာရှိတတ်ကြောင်း စာတပုဒ် ရေးလိုက်ပါသေးတယ်။

ကျောက်ကပ်စစ်ပေးတာလုပ်တာမှာ အားနည်းချက် (လိုအပ်ချက်) တွေရှိတာကို စာတပုဒ်ရေးထားပါတယ်။
အသည်းစစ်ပေးနည်းမှာလဲ လိုအပ်ချက်တွေရှိတယ်။ အသည်းကနေ လုပ်ပေးတဲ့အလုပ်တွေက အများကြီးဘဲ။ သွေးခဲစနစ်အတွက် လိုတဲ့ဓါတ်ပစည်းတွေ ထုတ်လုပ်ပေးတယ်။ စားသမျှ၊ သောက်သမျှထဲက ကိုယ်နဲ့မသင့်တဲ့ အဆိပ်လို ဓါတ်တွေကို ဓါတ်ပျယ်အောင်လုပ်ပေးမယ်။ သွေးထဲမှာသကြားဓါတ်ကို မျှခြေညီနေအောင် ထိန်းညှိပေးတယ်။ (ကိုလက်စထော) ကို ချေဖျက်ဘို့လိုအပ်တဲ့ Bile acids (ဘိုင်းအက်စစ်) သည်းခြေရည်ထုတ်လုပ်ပေးတယ်။

လက်ရှိသုံးနေတဲ့ အသည်းစစ်ပေးနည်းထက်ကောင်းတာကို ရှာနေကြတယ်။ အသည်းကို ဓါတ်ခွဲခန်းထဲ မွေးယူနည်းကို တခြားနိုင်ငံတွေမှာလဲ ကြိုးစားပမ်းစား ရှာနေကြတယ်။ ခုထိတော့ အလားအလား မတွေ့ရသေးပါ။ ဒါကြောင့် အသည်းအစားထိုးနည်းကိုသာ အားကိုးနေကြရတုံးဘဲ ဒါပေမဲ့  အခက်အခဲက အသည်းအလှူရှင်နဲ့ ငွေကုန်ကြေးကျ များတာဘဲ။

အိန္ဒိယနိုင်ငံမှာ တနှစ်မယ် လူပေါင်းတစ်သိန်း အသည်းအလုပ်အလုပ်နိုင်တာနဲ့ သေဆုံးကြရတယ်။ Liver Transplant အသည်းအစားထိုးနိုင်လို့ လူ ၁၂ဝဝ လောက်ကိုတော့ ကယ်နိုင်တယ်။ မြန်မာပြည်ကကိန်းဂဏန်းလဲ နည်းမှာမဟုတ်ပါ။

အသည်းဘာကြောင့်လဲရသလည်း
• ကလေးတွေမှာဆိုရင် မွေးရာပါ Biliary atresia သည်းခြေလမ်းပိတ်နေတဲ့ရောဂါ။
• လူကြီးတွေမှာဆိုရင် အများဆုံးက Cirrhosis အသည်းခြောက်ရောဂါ။ အသည်းခြောက်ရောဂါကိုဖြစ်စေနိုင်တာတွေက နာတာရှည် Hepatitis B or Hepatitis C ဘီပိုးနဲ့ စီပိုး အသည်းရောင်ရောဂါတွေဖြစ်ကြတယ်။ နောက်တမျိုးက အရက်နာ Alcoholic liver disease ဖြစ်တယ်။
• တခြားအကြောင်းခံရောဂါတွေလဲရှိသေးတယ်။ Autoimmune hepatitis (အော်တိုအင်မြူး) အသည်းရောင်ရောဂါ၊ Hepatic vein thrombosis အသည်းသွားသွေးပြန်ကြောပိတ်ရောဂါ၊ Liver damage from poisoning or medications ဆေး-အဆိပ်တွေကနေ အသည်းပျက်စီးတာ၊ Primary biliary cirrhosis or primary sclerosing cholangitis ပင်မအစဖြစ် အသည်းခြောက်ရောဂါ၊ Metabolic disorders of copper or iron ကြေးနီဓါတ်နဲ့ သံဓါတ်ရောဂါ။

အသည်းကောင်းနေအောင် နေဘို့သာ အရေးကြီးဆုံးဖြစ်တယ်။ အရက်ဖြတ်ပါ၊ ဘီပိုး၊ စီပိုးကူးနိုင်တာမှန်သမျှကို ရှောင်ပါ။ ဆေးစစ်ပါ၊ ပိုးတွေ့ရင် စနစ်တကျ ဆေးကုပါ။ ကြိုတင်ကာကွယ်လို့ မရနိုင်တာတွေအတွက် ကံတရားအားကိုးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး