Misuse of Nationalism အမျိုးသားစိတ်ဓါတ်ကို တလွဲသုံးနေခြင်း

(မနှစ်ကရေးခဲ့တဲ့စာ)

အမျိုးသားစိတ်ဓါတ်ဆိုတာ နိုင်ငံရေးအယူအဆတခုဖြစ်တယ်။ တိုင်းပြည်ရဲ့သရုပ်လက္ခဏာကို ထင်ဟပ်စေတယ်။ အဲဒီတိုင်းပြည်ရဲ့ ဆုံးဖြတ်ချက် (ဦးတည်ချက်) နဲ့ လုပ်ဆောင်မှု (ပေါ်လစီ) တွေကို ပြဋ္ဌာန်းတယ်။

အမျိုးသားစိတ်ဓါတ် အခြေခံနှစ်ချက်ရှိတယ်။ ပဌမတမျိုးက ရှေးအစဉ်အလာကိုစွဲယူထားပြီး ပြောင်းလဲလာမှုတွေအရ မွေးဖွါးရာဒေသကို အစွဲပြုတာဖြစ်တယ်။ နောက်တမျိုးကတော့ ခေတ်ပေါ်အယူအဆဖြစ်ပြီး ဖြစ်တည်နေတဲ့ အခြေအနေတွေအရ တည်ဆောက်မှုပြောင်းစေတာဖြစ်ပါတယ်။ နှစ်မျိုးလုံးက အတိတ်ကိုအခြေခံပါတယ်။

လက်တွေ့မှာ တိုင်းပြည်တခုထဲမှာနေကြတဲ့ နိုင်ငံသားတွေဟာ (၁) တမျိုးတည်းသော ယဉ်ကျေးမှု၊ ကိုးကွယ်ရာ၊ နိုင်ငံရေးအယူအဆတွေသာရှိတာနဲ့ (၂) နောက်တမျိုးက အမျိုးအစုအများအပြားကို လက်ခံတာဖြစ်တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံဟာ ဒုတိယအမျိုးအစားဖြစ်တယ်။ ဦးရေများတဲ့အုပ်စုကနေ လွှမ်းမိုးထားတယ်။ နည်းတဲ့သူတွေကနေ မကျေနပ်တဲ့အခါ တောင်းဆိုမှုတွေဖြစ်တယ်။ ပြည်တွင်းစစ်အထိဖြစ်တယ်။ အမျိုးသားစိတ်ဓါတ်ဟာ တိုင်းတပါးအန္တရာယ် ကြုံတဲ့အခါနဲ့ ကိုလိုနီဆန့်ကျင်ရေးမှာ အသုံးချဘို့ အကောင်းဆုံးလက်နက်ဖြစ်တယ်။

မြန်မာနိုင်ငံမှာ ဦးရေများတဲ့အုပ်စုကနေ လွှမ်းမိုးထားတယ်ဆိုတာကို အခုပြန်ပြီးဆန်းစစ်သင့်ပြီ။ နှစ် ၅ဝ သမိုင်းကို ကြည့်လိုက်ရင် ဗမာလူမျိုးကကြီးစိုးတယ်ဆိုတာထက် စစ်တပ်အားပြုတဲ့အစုတခုက ကြီးစိုးတယ်ဆိုတာ သိမြင်နိုင်ကြပါပြီ။ ၂ဝဝ၈ ဖွဲ့စည်းပုံကနေ အဲလိုဖြစ်စေလိုက်တာဖြစ်တယ်။ တိတိကျကျပြောရရင် စစ်တပ်တခုတည်း မဟုတ်တော့ပါ။ စစ်ထွက်တွေချည်းလည်းမကပါ။ အပေါင်းပါဆိုတာ ရာဇဝတ်မှုမှာလည်းရှိတယ်။ နိုင်ငံရေးမှာ အုံနဲ့ကျင်းနဲ့ရှိတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားစိတ်ဓါတ်ကို ပြည်ခိုင်ဖြိုးကနေ လက်နက်အဖြစ်သုံးခဲ့တယ်။ ဒါပေမယ့် ကိုလိုနီ ဆန့်ကျင်ရေးကာလလို အမျိုးသားစိတ်ဓါတ်နိုးကြားမှုရယ်လို့တော့ ဖြစ်မလာပဲ ဝါးအစည်းပြေသလိုဖြစ်စေခဲ့တယ်။ အမျိုးသားစိတ်ဓါတ်ကို အဲလို တလွဲအသုံးချခြင်းဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းကို အဟန့်အတား ဖြစ်စေတယ်။ အဲတာကို တိုင်းရင်းသားအင်အားစုတွေဖက်က စိုးရိမ်မှုရှိမှာမှန်ပေမဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာကို မပျက်စေချင်လို့ အသံထွက်တာ သိပ်မကြားမိခဲ့ပါ။

ဗမာလူမျိုးတစုတည်းကိုသာ ကိုယ်စားပြုတာမဟုတ်တဲ့ (မဟုတ်တဲ့) NLD ဖက်ကတော့ ထောက်ပြနေပါကြောင်း သိစေလိုပါတယ်။ ကျွန်တော် ရွေးကောက်ပွဲကာလအတွက် ရေးနေတာတွေဟာ နိုဝင်္ဘာ (၈) ရက်တခုတည်းအတွက် မဟုတ်ပါ။ မဲတခုတည်းအတွက်လည်း သည်းသည်းမည်းမည်းရေးနေတာ မဟုတ်ပါ။ ဈေးကောင်းရမှန်းသိပေမဲ့ အမျိုးသားရေးကို ရောင်းမစားပါ။

အမျိုးသားရေးဆိုတာ မှန်မှန်ကန်ကန်သုံးတတ်ရင် လွတ်လပ်ရေးရေစေနိုင်တယ်။ မဟုတ်ရင် လွတ်လပ်မှုတွေဆုံးရှုံးမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ