Merit Culture ကောင်းတာပြုတဲ့ ယဉ်ကျေးမှု

ကျွန်တော်က ပစ္စည်းဥစ္စာ မချမ်းသာ၊ လှူဒါန်းပေးကမ်းနိုင်တာလည်း ခပ်သေးသေးသာ။ တတ်နိုင်တာလေးတွေတော့ ရှိတယ်။ တတ်တဲ့ပညာကို ပြောတာပါ။

မနေ့က ပြည်တွင်းထဲမှာနေကြတဲ့ အသိမိတ်ဆွေနှစ်ယောက်ရဲ့ ကျန်းမာရေးသတင်းသိရလို့ အပတ်တကုတ်ရေးထားတဲ့ ဆေးပညာစာလေးတွေကို သိသိချင်း ချတ်ဘောက်စ်ကနေ လှမ်းပို့ပေးနိုင်ခဲ့တယ်။ တယောက်က ဟိုဟိုသည်သည် မြို့ကြီးတွေကို သွားလာ ပြောဟော သင်ကြားနေတဲ့သူ။ သူ့မှာ သွေးတိုးတာ အခုမှသာသိသတဲ့။ သွေးတိုးစာ သုံးပုဒ်ပို့လိုက်တယ်။ နောက်တယောက်က အညာတခွင်မှာ ဟိုဟိုသည်သည် တောရွာဇနပုဒ်လေးတွေမှာ လူမှုရေးတွေ လိုက်လုပ်နေတဲ့သူ။ သူ့မှာ ကျောက်ကပ် မကောင်းတာသိရလို့တဲ့။ ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်းစာ ပို့ပေးလိုက်ပါတယ်။

မိတ်ဆွေတွေသာမကပါ ဒေါ်စုကျန်းမာရေးသတင်းနဲ့ဆက်ပြီး အရိုးကျီးပေါင်းတက်ခြင်းစာလည်း တင်ဖြစ်ပါတယ်။

ကိုယ့်အတွက်လည်း မ, စမဲ့သူတွေရှိတယ်။ တမြန်နေ့လောက်က ဆရာ့လိပ်စာပြောင်းသေးလား၊ စားစရာလေးတွေနဲ့ လက်ဖက်ခြောက် ထပ်ပို့ချင်လို့တဲ့။ သူလိုပို့ပေးသူတွေဆီကရတဲ့ လက်ဖက်ခြောက်ရေနွေးကြမ်းသောက်ရင်း အခုစာလေး ရေးနေတာပါ။

လူတိုင်းကိုယ်စီမှာ ကိုယ်ကပေးနိုင်တာ ရှိကြတယ်။ ရလာတာလည်း ရှိကြတယ်။ သင့်ထိုက်မှသာ ပေးခွင့်နဲ့ ရခွင့် ဖြစ်မြောက်ပါတယ်။ အယူဘာသာမတူလို့ ကံလို့မပြောလည်း မှန်တယ်။ စေတနာလို့မပြောလဲ မလွဲပါ။

Merit making ကို လှူဒါန်းပေးကမ်းခြင်းလို့ အဓိပ္ပါယ်ဖွင့်တယ်။
Merit award ဆိုရင် အကောင်းဆုံးစွမ်းဆောင်ဆုလို့ ခေါ်ကြတယ်။

မြန်မာပြည်သားတွေက နှစ်မျိုးလုံးလုပ်နိုင်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ