Saturday, September 24, 2016

ဒေါ်စု ကုလမှာ ဘာတွေပြောခဲ့သလဲ

By ဒီဗွီဘီ 24 September 2016

အမေရိကန်ပြည်ထောင်စု မာရီယန်တက္ကသိုလ်ကဖိတ်လို့ စကားသွားပြောရတယ်။ အမေး-အဖြေ တခုမှာ ဒေါ်စု ကုလသမဂ္ဂမှာ မိန့်ခွန်းပြောတဲ့အချက်ကိုပါ ထည့်ပြောဘို့လိုတာနဲ့ ပြောခဲ့ပါတယ်။ ကြော်ငြာဝင်သလိုပေါ့။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်သတင်းတိုင်းကို လိုက်မရေးပါ။ သူ့ပုံကိုလည်း အလွန်လိုအပ်မှသာ သုံးပါတယ်။ ကိုယ့်ခေါင်းဆောင်ဖြစ်လို့ ဆင်ခြင်ရတာတွေ ရှိတယ်။ အတိုက်အခံဖြစ်သူကိုလည်း ဆင်ခြင်ပြီးသာ ဝေဖန် တိုက်ခိုက်သင့်တဲ့စာလေး ရေးပါရစေ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ၂၁ ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အစိုးရတိုင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောခဲ့ကြပါတယ်။ မြန်မာပြည်က လူဦးရေအများစုအတွက်တော့ စစ်အစိုးရနဲ့ ပြည်ခိုင်ဖြိုးအစိုးရတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ပြောဆိုခဲ့တာကိုသာ ကြားဖူးကြမှာပါ။ အဲဒါတွေက သေချာနားထောင်လို့ ကြားသိရတာ မဟုတ်ဘဲ၊ သတင်းထဲမှာ သွားရင်းဟန်လွဲ ကြားမိတာသာဖြစ်မှာပါ။ စိတ်ဝင်တစား မရှိကြတာကို ငြင်းဆိုမယ့်သူ မရှိလောက်ပါ။ ကျွန်တော်တို့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်းမှာ အဲဒီ နိုင်ငံခြားရေးဝန်ကြီးတွေ ပြောတာကို အစအဆုံးဖတ်ခဲ့ကြရပါတယ်။ လူအခွင့်အရေးချိုးဖောက်မှုကို ဘယ်လိုခုခံသလဲ၊ ထမင်းရေပူ လျှာလွှဲလုပ်သလဲ ကြည့်ကြရတာပါ။

နိုင်ငံခြားရေးဝန်ကြီးတိုင်းဟာ သူ့အစိုးရကိုခုခံကာကွယ်ကြတာကတော့ ထုံးစံပါ။ မြန်မာပြည်မှာတော့ အဲတာမျိုးလုပ်တာ တချက်လောက်လိုသွားရင် နယူးယောက်ကနေ ရန်ကုန်အပြန်မှာ ဖြုတ်စာကစောင့်နေမယ်။

ဒေါ်စုရဲ့ မိန့်ခွန်းအပိုဒ် ၂ မှာ နိုဝင်ဘာလရွေးကောက်ပွဲတုန်းက ကျမတို့ ပြည်သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တခဲနက်မဲပေးခဲ့ကြပါတယ်။ အဲဒါဟာ နိုင်ငံရေးပါတီတခုကို ထောက်ခံတယ်ဆိုတာ ပြသခြင်းသာမက၊ သူတို့ရဲ့ အခွင့်အရေး၊ စွမ်းရည်နဲ့ သူတို့မျှော်မှန်းထားတဲ့ တိုင်းပြည်ရဲ့အနာဂတ်ပုံစံ စတဲ့ နိုင်ငံရေးပျိုးထောင်မှုတွေအတွက် မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဲဒါဟာ ကုလသမဂ္ဂကို စတင်ထူထောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ အယူအဆနဲ့လည်း ထပ်တူထပ်မျှဖြစ်ပါတယ်လို့ ဆက်စပ်ပြီးပြောပါတယ်။ အဲဒါ မြင်းထိန်းငတာလို ချီးကျူးတာ မဟုတ်ပါ။

ဒေါ်စု မကြာမကြာပြောတဲ့အချက်တခုဖြစ်တဲ့ ကနေ့ကြိုးပမ်းလုပ်ဆောင်နေတာတွေဟာ လုပ်ဆောင်နေကြသူတွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ၊ အနာဂတ်ထဲမှာနေကြမယ့်သူတွေ၊ တနည်းအားဖြင့် ကနေ့လူငယ်တွေ၊ ကလေးတွေအတွက် ဖြစ်တယ်ဆိုတဲ့အချက်ကိုပါ ကုလမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ သာမန် စဉ်းစားသူတွေကတော ရိုးစင်းတဲ့စကားလို့ ထင်ကြမှာပါ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်အတွင်းမှာ ကိုယ်ကောင်းစားရေး၊ ကိုယ့်ပါတီအသင်းအဖွဲ့တခုတည်း ကောင်းစားရေးသာ လုပ်ခဲ့သူတွေကို မမေ့သင့်ကြပါ။ တနည်းအားဖြင့် ကနေ့ လူကြီးတွေဟာ အနစ်နာခံကြဖို့ဖြစ်တယ်။ အဲဒီအချက်ကို မကြာခင်ကလည်း တိုင်းရင်းသား လူကြီးတွေ၊ ခေါင်းဆောင်တွေကိုပါ ရည်ညွှန်းပြောခဲ့ပါသေးတယ်။ အရင်ခေါင်းဆောင်တွေမှာ အဲလိုအနာဂတ်အတွက် တာဝန်သိစိတ်သာ ရှိခဲ့ကြမယ်ဆိုရင် ကနေ့ မြန်မာ့မျိုးဆက်ဟာ ဒီထက် အများကြီးကောင်းမွန်နေမှာ မလွဲပါ။ ငြိမ်းချမ်းရေးလည်း ဒီထက်မက နီးစပ်နေလောက်ပါပြီ။

ဒေါ်စုရွေးချယ်သွားတဲ့ နောက်ထပ်အရေးပါတဲ့အရေးအရာတခုက ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်။ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ခွင့်လို့ တိတိကျကျပြောသွားတာကို သတိပြုသင့်ကြပါတယ်။ တချို့က လုံခြုံရေးလို့ဆိုလိုက်တာနဲ့ စစ်တပ်နဲ့ ရဲတပ်နဲ့သာဆိုင်မယ် ထင်ကြတယ်။ စစ်တပ်ကျောထောက်နောက်ခံထားမှ လုံခြုံသလို တလွဲကောက်ယူကြတယ်။ အဲဒါနဲ့ ခြိမ်းခြောက်တယ်။ အဲဒါနဲ့ မဲဆွယ်တယ်။ မဲဝယ်တယ်။ အခုလည်း သည်အတိုင်း ပြောနေ၊ လုပ်နေ၊ နောက်လိုက်နေကြတုန်းပဲ။

နောက်တချက်ကတော့ ရခိုင်အခြေအနေဖြစ်ပါတယ်။ ဒီအရေးဟာ ထိလွယ်ရှလွယ်တာထက်ပိုပြီး အကဲဆတ်ပါတယ်။ ပယောဂပါလို့ ပိုပြီး ကားပြဲသွားရတာဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်လုပ်၊ ဖွံ့ဖြိုးရေးလုပ်လုပ်၊ ပဋိပက္ခဖြေရှင်းရေး ကြိုးစားကြိုးစား အပြစ်ချည်းသာ ပြောနေကြသူတွေက ဒီအရေးမှာ အဖျက်ဆက်လုပ်နေကြတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မရှုမလှရှုံးသွားကြတဲ့ နိုင်ငံရေးပါတီတွေက အကြံပေးကော်မရှင်ကို ကန့်ကွက်ခြင်းဟာ သာမန်ဖြစ်တတ်တဲ့ အယူအဆ မတူညီမှုမျိုး မဟုတ်ပါ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းတဦးအမည်ကို ဦးတည်ပြီးတိုက်ခိုက်တာကို ကုလမှာ ဒေါ်စုပြောတာက ကုလကို သူ့ဖက်ပါအောင်ပြောခဲ့တာ မဟုတ်ပါ။ ကုလမှာ အစွယ်မရှိပါ။ ကုလအတွင်းရေးမှူးဟောင်းမှာ အသွားမရှိပါ။ အဲတာကို (အစ်ရှူး) လုပ်နေကြတယ်။ အဖျားပဲရှူးသွားမှာပါ။

ရခိုင်ဒေသမှာ အခြေပြုတဲ့ဒီအရေးဟာ ပြည်တွင်းမှာထက် ပြည်ပမှာပိုပြီးပြောဆိုကြတယ်။ ဖိအားပေါင်းစုံပေးနေကြပါတယ်။ တိုင်းပြည်အချုပ်အခြာကို ထိပါးလာနိုင်တဲ့အထိ ဆိုးဝါးသွားခဲ့တယ်။ အချက်လက်မှန်ပါ။ ပုံကြီးချဲ့ပြောတာမဟုတ်ပါ။ ၂ဝ၁၅ ရွေးကောက်ပွဲသာ အဖြေတမျိုးဖြစ်ခဲ့ရင် တွေးရဲစရာမရှိပါ။ နိုင်ငံခြားကနေ နှစ်တရာလောက် ကျွန်ဖြစ်ခဲ့ရလို့ နိုင်ငံခြားနဲ့ ပတ်သက်ရမှာကြောက်တယ်လို့ပြောတဲ့ပါတီဟာ မြန်မာနိုင်ငံကို ၂၆ နှစ်ကြာ နိုင်ငံတကာနဲ့ တံခါးပိတ်ပြီးကြီးစိုးခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းရဲ့ပါတီကို နာမည်ပြောင်းထားတဲ့ပါတီ ဖြစ်ပါတယ်။ သူတို့နောက်တက်တဲ့ စစ်အစိုးရနဲ့ စစ်ယူနီဖေါင်းချွတ် အစိုးရလက်ထက်မှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာတခြမ်းကျော်ကျော်ကနေ တံခါးပိတ်တာခံခဲ့ရပါတယ်။ ပွင့်လာတော့ သူတို့ကပဲ လူပါဟစ်နေတယ်။

စကားပြောတာတိုင်းမှာ ပရိသတ်ကြည့်ရတယ်။ ဒီအရေးကိစ္စမှာ နိုင်ငံတကာပရိတ်သတ်ဖြစ်တယ်။ ဒေါ်စုက ၁၉၆ နိုင်ငံ ရှေ့မှာ သွားပြောတာဖြစ်ပါတယ်။ အနှစ်နှစ်ဆယ်ကျော် မရှိပါဘူးလို့ ဘူးခံခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ ကလေးစစ်သား၊ အဓမ္မစေခိုင်းမှု၊ လူကုန်ကူးမှု စတာတွေ ကနေ့အခြေအနေမှာ ဘူးခံရုံနဲ့ မရတော့တာကို သူတို့ကိုယ်တိုင် သိလာကြတယ်။ ရခိုင်မှာဖြစ်တဲ့အရေးကို ခုကတည်းက သိသင့်ကြပါတယ်။

တကယ်ကို ကြောက်စရာကောင်းလှတဲ့ အချုပ်အခြာအာဏာပိုင်မှုထိပါခြိမ်းခြောက်နေတဲ့ အရေးကို တာဝန်ယူမှုရှိတဲ့ အစိုးရကိုယ်စား ဒေါ်စုက ကိုင်တွယ်ဖြေရှင်းရမှာကို မကြောက်ပါလို့ ပြောသွား တယ်။ ကြောက်စရာကောင်းလောက်အောင် ရဲစွမ်းသတ္တိ ရှိပါပေတယ်။ စောစောက ပြောသူတွေကတော့ ကြောက်နေကြပါသတဲ့။

နားလည်မှုနဲ့ ယုံကြည်မှုရရှိရေးကို ဦးတည်တဲ့ ရေတို၊ ရေရှည်အစီအစဉ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံက ချဉ်းကပ်နေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့စင်မြင့်မှာ တက်ပြောသွားပါတယ်။ တကွက်ကလေးသာ ကွက်ကြည့်သူတွေ သတိပြုကြပါခင်ဗျား။ ရေတို၊ ရေရှည်တကွက်ဆိုတာက အာဏာပြန်ရရေးနဲ့ မဲရရရေးမဖြစ်သင့်ပါ။

တက်လာတဲ့အစိုးရမှာ ပေါ်လစီမရှိဘူးလို့ မီဒီယာမှာ ဆရာကြီးလုပ်နေကြသူတွေ အတော်ကို များလှတယ်။ ကုလမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ၂ဝ၁၆ အမျိုးသားစီးပွားရေးနဲ့ ဖွံ့ဖြိုးရေးမူဝါဒဟာ အခြေခံ အဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနဲ့အလတ်စား စီးပွားရေး လုပ်ငန်းတွေ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတာတွေပါဝင်တဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည်ဖော်ရေးနဲ့ ကိုက်ညီအောင်ရေးဆွဲထားတာ ဖြစ်ပါတယ်လို့ ပြောလိုက်ပါပြီ။ အသေးစိတ်မသိသေးလို့ဆိုပြီး ဆက်ရေးမယ့်သူတွေ ရှိပါဦးမယ်။ ပြောရတာ အင်မတန်လွယ်တာကိုး။ လုပ်နေကြသူတွေကို အားနာသင့်ပါတယ်။ ဒေါ်စုက လုပ်မှာကို ကြိုပြောလေ့မရှိ။ မလုပ်တာလည်း ထည့်ပြောလေ့မရှိပါ။

နောက်တချက်ကတော့ မြန်မာပြည်သား ၃-၄-၅ သန်းရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးပါ။ အရေးအကြီးတဲ့ အကြောင်းရင်း နှစ်ရပ်ကိုဖြေရှင်းဖို့ လိုအပ်တယ်လို့ မိန့်ခွန်းထဲမှာ ထောက်ပြခဲ့ပါတယ်။ ငြိမ်းချမ်းမှုမရှိခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့ခြင်းဟာ ကနေ့မြန်မာပြည်အခြေအနေပါ။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောကြတဲ့အခါမှာ လူအခွင့်အရေးကို လေးစားမှု၊ တရားမျှတမှု၊ မတူကွဲပြားမှု၊ သည်းခံခွင့်လွတ်မှုတို့ကို မြှင့်တင်ရေးနဲ့ ဘက်စုံစီးပွားရေးမူဝါဒ အကောင်အထည်ဖော်ရေးတို့ကို လျစ်လျူရှုထားလို့ မဖြစ်နိုင်ပါဘူးတဲ့။ တချို့က ထောင့်ကျဉ်းလေးတခုတည်းကနေ လော်စပီကာနဲ့ အော်ဟစ်နေကြတယ်။

နိဂုံးမှာ နျူကလီးယားကင်းမဲ့တဲ့ ကမ္ဘာကြီးဖြစ်မြောက်ရေးကို မြန်မာနိုင်ငံက ထောက်ခံပါတယ်တဲ့။ အရင်အစိုးရတွေက တိုင်းသူပြည်သားတွေနဲ့ ကမ္ဘာသူကမ္ဘာသားတွေမသိအောင် နျူကလီးယားကို သိပ္ပံနဲ့ဆေးပညာမှာ သုံးဖို့ထက် လွန်ကဲတဲ့ ရည်ရွယ်ချက်ရှိသလား အထင်ခံထားရတယ် မဟုတ်ပါလား။

နိုင်ငံတကာမှာ စကားပြောတာ၊ နိုင်ငံတကာသိအောင် ကြေညာချက်ထုတ်တာတွေထဲမှာ သံတမန်အသုံးကို သတိထား ရေးကြရ၊ ကြည့်ကြရပါတယ်။ ဝေါဟာရ အပြင်း-အပျော့ သတိပြုရတယ်။ နိုင်ငံခေါင်းဆောင်ဖြစ်သူတွေထဲက တချို့ ခေါင်းဆောင်တွေက သံတမန်အသုံးကို သိပ်ဂရုမစိုက်တာလည်းရှိတယ်။ ဥပမာ ၁၉၆ဝ ပြည့်နှစ် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောစဉ်က ဆိုဗီယက်ယူနီယံခေါင်းဆောင် (နီကီတာ ခရူးချက်) သူ့ရှူးဖိနပ်တဖက်ကို ချွတ်ပြီး စကားပြောခုံကို ထုရိုက်ခဲ့ပါတယ်။ ဒေါ်စု ကုလကိုမလာခင် ဗြိတိန်ရောက်စဉ်က ဝန်ကြီးချုပ် (ထရီဇာမေ) နဲ့အတူ လမ်းလျှောက်တော့ လေဒီရှူးနှစ်စုံပုံကို (အေပီ) က မူပိုင်ခွင့်နဲ့ အင်တာနက်မှာတင်ထားပါတယ်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများစာရင်း
၁။ ဦးတင်ထွတ် (၁၉၄၈) ဦးနုခန့်။ ဦးနုခန့်။
၂။ ဦးကျော်ငြိမ်း (၁၉၄၈-၁၉၄၉) ဦးနုခန့်။
၃။ ဦးအေးမောင် (၁၉၄၉-၁၉၅ဝ) ဦးနုခန့်။
၎။ စဝ်ခွန်ကိုင် (၁၉၅ဝ-၁၉၅၈) ဦးနုခန့်။
၅။ ဦးသိန်းမောင် (၁၉၅၈-၁၉၆ဝ) ဦးနုခန့်။
၆။ စဝ်ခွန်ကိုင် (၁၉၆ဝ-၁၉၆၂) ဦးနုခန့်။
၇။ ဦးသီဟန် (၁၉၆၂-၁၉၆၉) ဗိုလ်ချုပ်နေဝင်းခန့်။
၈။ ဦးမောင်လွင် (၁၉၆၉-၁၉၇ဝ) ဗိုလ်ချုပ်နေဝင်းခန့်။
၉။ ဦးလှဟန် (၁၉၇ဝ-၁၉၇၂) ဗိုလ်ချုပ်နေဝင်းခန့်။
၁ဝ။ ဦးကျော်စိုး (၁၉၇၂-၁၉၇၄) ဗိုလ်ချုပ်နေဝင်းခန့်။
၁၁။ ဦးလှဖုန်း (၁၉၇၄-၁၉၇၈) ဗိုလ်ချုပ်နေဝင်းခန့်။
၁၂။ ဦးမြင့်မောင် (၁၉၇၈-၁၉၈ဝ) ဗိုလ်ချုပ်နေဝင်းခန့်။
၁၃။ ဦးလေးမောင် (၁၉၈ဝ-၁၉၈၁) ဗိုလ်ချုပ်နေဝင်းခန့်။
၁၄။ ဦးချစ်လှိုင် (၁၉၈၁-၁၉၈၅) ဗိုလ်ချုပ်နေဝင်းခန့်။
၁၅။ ဦးရဲဂေါင် (၁၉၈၅-၁၉၈၈) ဗိုလ်ချုပ်နေဝင်းခန့်။
၁၆။ ဦးစောမောင် (ေ၉၈၈-၁၉၉၁) ကိုယ်တိုင်ခန့်။
၁၇။ ဦးအုန်းဂျော် (၁၉၉၁-၁၉၉၈) ဗမခမသန်းရွှေခန့်။
၁၈။ ဦးဝင်းအောင် (၁၉၉၈-၂ဝဝ၄) ဗမခမသန်းရွှေခန့်။
၁၉။ ဦးဥာဏ်ဝင်း (၂ဝဝ၄-၂ဝ၁၁) ဗမခမသန်းရွှေခန့်။
၂ဝ။ ဦးဝဏ္ဏမောင်လွင် (၂ဝ၁၁-၂ဝ၁၆ မတ်လ) ဗမခမသန်းရွှေခန့်။
၂၁။ ဒေါ်အောင်ဆန်းစုကြည် (၂ဝ၁၆ ဧပြီလမှ ယနေ့အထိ) ဦးထင်ကျော်ခန့်။

ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်အစွန်းရောက်ဝါဒပုံစံမှာ သာသာရေးသာမက ယဉ်ကျေးမှု၊ လူမှုရေးတွေနဲ့ပါ ဆက်နွယ်တယ်၊ အတူတကွ ရပ်တည်ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်လို့ ပြောခဲ့ပါတယ်။ တချို့က တို့လူမျိုး၊ တို့ဘာသာ၊ တို့ဒေသတဲ့။ သူတို့ပြောနေကြတာ သူတို့ပါတီနဲ့ သူတို့ပိုက်ဆံအိတ်၊ သူတို့ဆွမ်းဆန်အိတ်ဆိုတာ သိပါတယ်။ တချို့တွေက မိုးကြိုးပစ်တာကို ထန်းလက်နဲ့သာ ကာပါလို့ ပြောနေကြတယ်။ ဒေါ်စုက ကုလမှာ မိုးကြိုးလွှဲတပ်ဆင်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး (၂၁) ဦးထဲမှာ (၉) ဦးသာ အရပ်သားတွေဖြစ်ကြတယ်။
၁။ ဦးတင်ထွတ်
၂။ ဦးကျော်ငြိမ်း
၃။ ဦးအေးမောင်
၎။ စဝ်ခွန်ကိုင်
၅။ ဦးသိန်းမောင်
၆။ စဝ်ခွန်ကိုင်
၇။ ဦးသီဟန်
၈။ ဦးအုန်းဂျော်
၉။ ဒေါ်အောင်ဆန်းစုကြည်

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...