အမေရိကားရောက်မြန်မာများ ပြန်ချင်လျှင် ပြန်လို့ရအောင်လုပ်ပေးဟု ဒေါ်စု ညွှန်ကြား

DVB ရွှေအောင် 15 September 2016

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်က မြန်မာတွေ မြန်မာပြည် ပြန်ချင်ရင် ပြန်လို့ရအောင် လုပ်ပေးဖို့ ဝါရှင်တန် မြန်မာသံရုံးကို မှာကြားခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝါရှင်တန် မြန်မာသံရုံးမိသားစု တွေ့ဆုံပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့တာလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

“အမေရိကန်ပြည်ထောင်စုတွင် မြန်မာနိုင်ငံသား များစွာရှိပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအကျိုးကို ဆောင်ရွက်ရန် လိုလား စိတ်အားထက်သန်သူ များစွာရှိကြောင်း၊ မြန်မာသံရုံးနှင့် သံရုံးဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံသားများနှင့် ရင်းနှီးခင်မင်မှု ရရှိစေရန်နှင့် မိခင်မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် ဆန္ဒရှိသူများအား မိမိနိုင်ငံသို့ ပြန်လာနိုင်ရန်အတွက် ဆောင်ရွက်စေလိုကြောင်း။”

ဒေါ်စုဟာ ဗြိတိန်က မြန်မာတွေနဲ့ တွေ့တုန်းကလည်း မြန်မာသံရုံးနဲ့ တည့်အောင်ပေါင်းဖို့၊ သူလည်း သံရုံးကို မှာခဲ့မယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာနေတဲ့ ၁၉၉ဝ ပုလဲလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေကတော့ ဒေါ်စုက မူအရ ကောင်းစေချင်လို့ ပြောနေပေမယ့် လက်တွေ့ဖြစ်ဖို့တော့ မလွယ်သေးဘူးလို့ မှတ်ချက်ပေးပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ရုံးတွင်း (ဌာနတွင်း) ရုံးသဘောအရ ညွှန်ကြားချက်တွေက ဟိုအရင်ကတည်းကရှိတယ်။ ပြည်ပရောက် မြန်မာလူမျိုးတွေက ဆိုရှယ်ဗီဇာသာ လျှောက်လို့ရတယ်။ ဆိုရှယ်ဆိုတဲ့အတိုင်း နိုင်ငံရေးမပါရလို့ ဆိုလိုတယ်။ ဗီဇာလျှောက်လွှာပုံစံ + သံအမတ်ကြီးဆီ တောင်းပန် (အသနားခံ) စာတစောင် + နိုင်ငံရေးထဲ ဝင်မလုပ်ပါ ဆိုတာပါတင်ရတယ်။ အဲဒီညွှန်ကြားချက်ကို မပြင်ရသေးဘူး။ ခက်တာက ဗီဇာမှာ ပြည်ထဲရေးနဲ့လည်း ဆိုင်တယ်။ ထောက်လှမ်းရေးလည်း ပါသေးတယ်။ အဲဒါကတော့ နိုင်ငံတိုင်းလိုလိုမှာ ရှိတာပါ။ အစိုးရသစ်က ကြိုးစားနေတာ သိတယ်။ ဗျူရိုကရေစီနဲ့ အစိုးရအပြင်က ဝန်ကြီးဌာနကြောင့် ခက်နေသေးတယ်လို့ ယူဆတယ်။ ဝါရှင်တန် မြန်မာသံရုံးက ဝက်ဘ်ဆိုက်မှာ ဖောင်တွေ ဒေါင်းလုတ် လုပ်ထားပါတယ်။ ဆရာရေးတဲ့အတိုင်းပဲ။ ဒေါ်စုကတော့ မူအရ ကောင်းစေချင်တာကို ပြောနေတာ။ လက်တွေ့မှာ မလွယ်သေးပါ။”

တလောကပဲ မြန်မာသံရုံးက အမေရိကန်မှာနေတဲ့ အဝေးရောက် အစိုးရအဖွဲ့ခေါင်းဆောင် ဒေါက်တာစိန်ဝင်းကို ဗီဇာထုတ်ပေးဖို့ နိုင်ငံရေးမလုပ်ပါဘူးဆိုတဲ့ ဝန်ခံကတိ ထိုးခိုင်းတဲ့သတင်း ထွက်ပေါ်ခဲ့ပါသေးတယ်။

မှတ်ချက်။ DVB (ဦး) ရွှေအောင်က ချတ်ဘောက်စ်ကနေမေးလို့ အဲသည်အတိုင်းဖြေခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး