Wheelchair ဘီးတပ်ကုလားထိုင်

ဒေါ်စုသတင်းကို စိတ်မကောင်းကြီးစွာနဲ့ တင်တာ၊ ရှယ်တာတွေဖတ်ရတယ်။ ကျွန်တော်လည်း အားကျမခံရေးပါဦးမယ်။ တော်တတ်၊ ထူးချွန်၊ အောင်မြင်မှုသတင်းမျိုးကို လိုက်ပြီးတုပတာမဟုတ်လို့ အပြစ်မမြင်လောက်လို့ ထင်ပါတယ်။

ကျွန်တော်လည်း ခြေကျိုးလို့ ဘီးတပ်ကုလားထိုင်နဲ့ ခရီးသွားရဘူးတယ်။ ဒေလီမှာ ကျွန်တော်က ဆိုင်ကယ်လေးနဲ့ ကလေးနှစ်ယောက်ရဲ့ စက်ဘီးတစီးနဲ့ လမ်းဆုံတခုမှာ ရှောင်ကြရင်း ဘယ်ဖက်ဒူးအောက် အရိုးတချောင်းကျိုးသွားတယ်။ ခွဲစိတ်ပြုပြင်ပြီး၊ သတ္တုချောင်းထည့်ရတယ်။ သက်သာတော့ ချိုင်းထောက်နှစ်ချောင်းနဲ့ သွားလာရတယ်။

အဲဒီကာလမှာပဲ ဆွီဒင်နိုင်ငံမှာ ပြည်ပရောက်အမတ်တွေအစည်းအဝေးရှိတော့ ဘီးတပ်ကုလားထိုင်နဲ့ ရောက်အောင် သွားပါတယ်။ အဆင်ပြေပါတယ်။ တခြားအမတ်တွေက ဟိုနေရာသည်နေရာရွှေ့တိုင်း ဝိုင်းကူတွန်းပေးကြတယ်။ ပုံထဲမှာ မန္တလေးက အမတ်-ဝန်ကြီး ဦးသိန်းဦး။

ကျွန်တော် ခြေထောက်ကျိုးတော့ အိန္ဒိယ အထက်လွှတ်တော် အမျိုးသမီးအမတ် (နင်မလာ ဒက်ရှ် ပန်ဒေး) က အားပေးတယ်။ ကျမလည်း ခြေကျိုးပြီးတော့ အမတ်ဖြစ်တယ်တဲ့။ သူက ဂန္ဒီရဲ့အကြမ်းမဖက်လမ်းစဉ်မှာ နံပတ်တစ်။ သမတကရွေးခန့်တဲ့ အထက်လွှတ်တော်အမတ်ဖြစ်ပါတယ်။ သူပြောတော့ အားတက်တယ်။ ရာထူးတိုးတာတော့ မဟုတ်ပါ။ နိုင်ငံရေးထဲမှာ ထုံးစံအတိုင်း အသရေဖျက်ခံရတာမျိုး နည်းသွားတာပါ။

ကျွန်တော် ဆွီဒင်ကပြန်လာပြီး ချိုင်းထောက်တဖက်နဲ့နေရတုန်း၊ ဝါရှင်တန်၊ ဒီစီမှာ အဝေးရောက်အစိုးရအဖွဲ့ အစည်းအဝေး ရှိပြန်တာနဲ့ ဘီးတပ်ကုလားထိုင် ထပ်စီးရပြန်ပါရော။ အသွားရော အပြန်ပါ လန်ဒန် ဟိသရိုးလေဆိပ်ကသွားရတယ်။ ဘီးတပ်ကုလားထိုင် ကူညီတွန်းပို့တဲ့ ဘိလပ်သား ဂျင်းတဲလ်မင်းနဲ့ အသွားရော အပြန်ပါ ဆုံရတယ်။

ယူအက်စ်အေက အပြန်မှာ တချောင်းတည်းသောချိုင်းထောက်ကို တည်းခိုတဲ့အိမ်မှာပဲ ထားရစ်ပါတော့တယ်။ ချိုင်းထောက်က လူရဲ့အရင် ယူအက်အေကို ရောက်နေနှင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ