Lion statue ခြင်္သေ့ရုပ်

လွန်ခဲ့တဲ့တနှစ်ကျော်က မုံရွာက (ဖရင်း) တယောက်တင်ထားတဲ့ ဖိုလ်ဝင်တောင်မှ မြန်မာမှု အနုလက်ရာများကို ဖတ်ရတယ်။ ဖိုလ်ဝင်တောင်က ခြင်္သေ့ရုပ်တုပုံနဲ့ပါ။

မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကိုကူးပြီး ပုလဲ-ဂန့်ဂေါကိုသွားချင်ရင် အရင်ဆုံး ဆားလင်းကြီးမြို့နယ်ထဲကိုဖြတ်ရတယ်။ ညာဖက်မှာ ကြေးစင်တောင်ကို လှမ်းမြင်ရတယ်။ ယင်းမာပင်မရောက်ခင် ဖိုလ်ဝင်တောင်ကို ဝင်ချင်သေးရင် လက်ဝဲဖက်ကို နည်းနည်းချိုးဝင်ရတယ်။ အရင်က ခဏခဏရောက်ပါတယ်။ လည်ချင်စရာလည်း ကောင်းတယ်။ ဖိုလ်ဝင်တောင်ကို ဖိုးဝင်းတောင်လို့ အသံထွက်ကြလေ့ရှိတယ်။ ဖိုလ်ဝင်တောင်မှာ ငှက်စွေ့မှို (မှိုအုန်းနက်) ကောင်းမှကောင်း။ မျောက်တွေလည်း ပေါမှပေါ။

(မဆလ) ခေတ်မှာ ဖိုလ်ဝင်တောင်ကို ဗိုလ်ချုပ်နေဝင်းလာတာကို မှတ်မိတယ်။ ကြေးစင်တောင်ရိပ်သာမှာ သူအိပ်စရာ ကြေးကုတင်ကြီးပါ သယ်ထားပေးခဲ့ရသတဲ့။ ကြေးစင်တောင်ဆိုတာ လက်ပတောင်းတောင်ထက်စောပြီး ကနေဒါ (အိုင်ဗင်ဟို) နဲ့ ကြေးနီထုတ်ခဲ့တဲ့တောင်။ အခုတော့ တောင်မဟုတ်တော့ပါ။ ပြောင်ပြီ။

ဖိုလ်ဝင်တောင်က ခြင်္သေ့တွေက နောက်ပေါ်ခြင်္သေ့တွေနဲ့ ယှဉ်စရာမဟုတ်ပါ။ နောက်ပေါက်ခြင်္သေ့တွေကို အမတ်ကြီး ဦးပေါ်ဦးသာမြင်ရင်တော့ မှန်လှပါ ခုန်ဆင်းတော့မယ့်ကောင်တွေလို့ ပြောမလားမသိ။ ဗိုလ်နေဝင်းမျိုးဆက် (မဆလ) ရော (ပြည်ခိုင်ဖြိုး) ပါ ဆင်းသွားကြရပြီ မဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၅
၂၃-၉-၂ဝ၁၆
Photo — Sein Win

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး