Wrestling နပမ်းပွဲ

ကနေ့မနက်တော့ ကြိုးဝိုင်းတခြားစီမှာ နပမ်းနှစ်ခါလုံးရတယ်။ တခုက သတ်ပုံ၊ တခုက ဗိုလ်ချုပ်အောင်ဆန်း။

ညမအိပ်ခင်တုန်းကလည်း မြန်မာစာနဲ့ နိုင်ငံရေးခွဲမြင်ပါ၊ သတ်ပုံတွေပြင်ခိုင်းတာ ဦးနေဝင်းနဲ့ဆိုင်သလိုလိုဆိုပြီးလာတယ်။ အဲတာနဲ့ မြန်မာစာကော်မရှင်ရဲ့ တစ် တွေသုံးဘို့ပြောင်းရတဲ့အကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးရဲ့ လမ်းညွှန်ချက်ပါ သတ်ပုံစာအုပ်အမှာစာပုံကို ထောက်ပြလိုက်ပါတယ်။ အဲတာရပြန်တော့ ဆိုင်ဆိုင်မဆိုင်ဆိုင် ဘာညာဆိုပြီး လာပြန်ပါရော။

အခုကော်ဖီမသောက်ခင် ကြိုးဝိုင်းကွန်မင့်တခုက မြန်မာစာမှာ အရင်ကအဟာင်းကိုလိုက်တဲ့ကျွန်တော် မှားယွင်းကြောင်း ပြောပါတယ်။

အရင်ဆိုတာက အကန့်အသတ်မရှိပါ။ အဟောင်းတိုင်းမကောင်းတာမဟုတ်၊ သစ်တိုင်းမမှန်တတ်ပါလို့ မကြာမကြာ ရေးပါတယ်။ အဟောင်းထဲက အမှန်တွေဆက်ပြီး လိုက်နာပါတယ်။ အသစ်ထဲက လွယ်ကူရှင်းလင်းတာတွေကိုယူပါတယ်။ လွယ်ပြီးသားကိုခက်အောင်လုပ်တာ မသင့်ပါ။ နမူနာတွေလည်း ပေးထားပါတယ်။ ကိုယ့်ရဲ့ သင်-မြင်-ကြားဆရာသုံးမျိုးကို ကာမပြန်ရတဲ့ အဆုံးအမအောက်မှာ နေပါတယ်။ ကျွန်တော် သူငယ်တန်းကနေ ဆေးကျောင်းဒုတိယနှစ်အထိ သင်ပေးခဲ့ကြတဲ့ မြန်မာစာ ဆရာ-ဆရာမတွေကို ဘယ်တော့မှ မလေးမစားမလုပ်ပါ။ ဖတ်ခဲ့ရတာတွေ၊ နားထောင်ခဲ့ရတဲ့ ဟောပြောချက်တွေကိုလည်း သည်အတိုင်းသဘောထားပါတယ်။

နောက်ကြိုးဝိုင်းကွန်မင့်တခုကတော့ ဗိုလ်ချုပ်အောင်ဆန်း ဆိုးသွမ်းကြောင်း၊ ကရင်လူမျိုးနဲ့ဆိုင်တာဆိုပြီး လာတယ်။ ဒေါ်ခင်ကြည် ခရစ်ယန်ဖြစ်တာ၊ ဗိုလ်ချုပ်အောင်ဆန်း ကွန်မြူနစ်ဖြစ်တာလည်းပါတယ်။ ဦးစောလည်းပါသေးတယ်။

ကျွန်တော် တခါက ဘယ်လ်ဂျီယမ်၊ ဘရပ်ဆဲလ်မြို့မှာ အိမ်ရှင်အင်္ဂလိပ်လင်မယားအိမ်မှာတည်းခိုခဲ့စဉ်က အဲဒီမြို့မှာနေတဲ့ ကရင်လူကြီးတဦးကိုပါ ညစာဖိတ်ကျွေးတယ်။ စားသောက်ပြီး စကားပြောကြရင်း ကရင်လူကြီးက ဗမာတွေ မကောင်းကြောင်း အင်္ဂလိပ်တွေကောင်းကြောင်းတွေ စီကာပတ်ကုံးပြောပါတယ်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ပြုံးပြုံးလေးသာ နားထောင်နေတယ်။ မချေပပါ။ မေးခွန်းလည်းမထုတ်ပါ။ ကရင်ဂျင်းတဲလ်မင်းက ကျွန်တော့်ထက် အသက်ဝါကြီးတယ်။ သုတတိုးတာလို့ အောက်မေ့ပါတယ်။ သူပြန်သွားတော့ အိမ်ရှင်လင်မယားက ကျွန်တော့်ကို အတော်အားနာပြီး ခင်ဗျား အဲလို အပြုံးမပျက်နားထောင်နိုင်တာကို တကယ်ချီးကျူးတယ်တဲ့။

သူတို့ရေးတာတွေကို မထည့်လိုပါ။ ခံထားရလို့ပါ။ ကြော်ငြာဆေးလို့တင်ရင် ဘယ်မှာဝယ်ရမလဲ မေးသူတွေက လာပြီ။ ဆေးအတုပါပြောရင် ဘယ်လိုသောက်ရမလဲမေးသူမျိုးက လာကြတယ်။

ကွန်မင့်တွေမှာ လူမျိုးရေးထိခိုက်တာမျိုး မရေးကြစေလိုပါ။

ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး