Yes we can! ဘာလို့ မရရမှာလဲ

ကျွန်တော့်ဇနီး ဒူးသိပ်မကောင်းတာတော့ကြာပြီ။ ဖင်မလီဒေါက်တာ ခေါ် မိသားစုဆရာဝန်ကိုပြောတော့ ဖီဇီကယ်သာရာပီ ခေါ် ရုပ်ပိုင်းပြုပြင်ရေးဆရာဝန်ဆီကို လွှဲတယ်။ ရက်ချိန်းယူပေးတယ်။ အချိန်အတိအကျ သားအမိနှစ်ယောက် သွားကြတယ်။

အပြန်မှာ သူ့ကိုပြုစုကုသပေးလိုက်တဲ့ သူနာပြုဆရာမလေးကို သဘောကျလို့ ပြန်ပြောနေတာ ၂ ခါရှိပြီ။ မေးကြည့်တော့ အဖြူတဲ့၊ အသက် ၃ဝ ဝန်းကျင်လောက်တဲ့။ ဘာတွေသဘောကျတာလဲ့ ဆက်ဆံရေးကအစတဲ့။

ဟုတ်တယ်။ ဒီမှာက ဆက်ဆံရေးကျဲတာတို့၊ အော်တာငေါက်တာတို့၊ မချေမငံတို့ဆိုတာ အင်မတန်ရှားတယ်။ ကျွန်တော့်ဆီလာတဲ့ မေးခွန်းတွေထဲက အထူးကုဆရာဝန်တွေဆီမှာ မေးချင်တာ မမေးခဲ့ရလို့ပြန်ပြောသူ (ရင်ဖွင့်သူ) နေ့တိုင်း မနက်-ည လာတယ်။ ဒီမှာတော့ ပြီးစီးတာနဲ့ ဘာမေးချင်သေးလဲ့ ဆရာဝန်ကရော၊ သူနာပြုကပါ အမြဲတမ်းမေးတယ်။

ဒူးအတွက် နောက်ထပ် ၄ ခေါက်လုပ်ရအုန်းမယ်တဲ့။ အင်စူးယားရင့်စ် ခေါ် ကျန်းမာရေးအာမခံက ကာဗာ ဖြစ်ပါတယ်တဲ့။ မကောင်းသေးရင်ကော့ ဆိုတော့ အဲတာဆို ကျမ စာရေးပေးမယ်တဲ့။

မနက်ကပဲ လန်ဒန်မှာနေတဲ့ သူငယ်ချင်းဆရာဝန်ကတင်ထားတာတခု ဖတ်မိတယ်။ မြန်မာပြည်က ကျန်းမာရေးဦးနှောက် ယိုစီးမှုတဲ့။ ကျန်းမာရေးပညာရှင်အမျိုးမျိုးတို့ဟာ တိုးတက်တဲ့နိုင်ငံတွေသွားပြီး အလုပ်နေကြတဲ့သူတွေနဲ့ ဘွဲ့လွန်တက်ပြီး ပြန်မလာသူတွေဟာ ဝင်ငွေပိုရတာတခုတည်းကြောင့် မြန်မာပြည်ကို ပြန်မလာချင်ကြတာ မဟုတ်ပါဆိုတဲ့အချက်တခုကို စိတ်ဝင်စားမိပါတယ်။ အဲဒီအချက်ကတော့ ဆေးကုသမှုဝန်းကျင်အားနည်းချက် ဖြစ်ပါသတဲ့။

ကျွန်တော် မေးခွန်းတွေကနေ သိသလောက် ကျန်းမာရေးဌာနကို အကောင်းပြောကြတာက အတော်ကိုနည်းတယ်။ ပြုမူဆက်ဆံပုံတွေကို ရေးပြကြတာ၊ မျက်နှာပူပူနဲ့ဖတ်ရပါတယ်။

ဒီစာမှာ ကျန်းမာရေးဌာနနဲ့ဆိုင်တာတခုတည်းကို ရေးချင်တာမဟုတ်ပါ။ ကျွန်တော်တို့ လူမှုဝန်းကျင်ကြီးတခုလုံးမှာ ပြင်စရာတွေ နက်နက်ရှိုင်းရှိုင်းရှိနေပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေဘက်ကနေ လျှောက်လဲချက်လို့ မယူဆပါနဲ့။ မြန်မာ့လူ့အသိုင်းအဝိုင်းကြီးတခုလုံးမှာ ခပ်တိုတိုဝေါဟာရနဲ့ပြောရရင် ယဉ်ကျေးမှုပြင်ကြရပါမယ်။ စည်းကမ်း၊ အချိန်၊ စကားအပြောအဆို၊ ကိုယ်နှုတ်နှလုံး၊ ဆက်ဆံရေး၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ အကုန်အစုံပါ လိုအပ်နေတယ်။ ဈေးသည်ရော၊ ဈေးဝယ်ရော၊ ဈေးကောက်ရော၊့ ရော၊့ ရော။

ဘယ်ပညာရှင်မျိုးမဆိုအတွက် အဲတာမျိုးတွေ လိုအပ်နေတာပါ။ ဘာလို့ အဲလိုပျက်စီးသွားခဲ့ရသလဲ ပြောမနေတော့ပါ။ ပြင်စရာတွေကိုသာ အာရုံစိုက်ကြရအောင်ပါ။ နည်းပညာတွေ ချမ်းသာကြွယ်ဝမှုတွေကို လိုက်မမီသေးရင် ယဉ်ကျေးမှုကိုတော့ မွေးရာပါလည်းဖြစ်တာမို့ မခက်လောက်ပါလို့ သဘောထားကြရအောင်ပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၆
Photo from Frontier Myanmar

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ