Book reading ဆရာပါရဂူကို အမှတ်ရခြင်း

စာအုပ်ကို လက်နဲ့ကိုင်မဖတ်ရတာ အတော်ကြာပြီ။ စွယ်စုံကျမ်းနဲ့ အဘိဓာန်တွေလောက်သာ လိုချင်တာ လှန်ကြည့်ဖြစ်တယ်။ ခေတ်ကာလအရရော၊ ဘဝပေးအခြေအနေအရရော စာအုပ်နဲ့ဝေးရတာ မကောင်းမှန်းတော့ သိပါတယ်။ အဖတ်နည်းတော့ အသိနည်းတာပေါ့။ အင်တာနက်ကနေဖတ်ရတာ ကောင်းတာလည်းရှိ မကောင်းတာလည်းရှိ။ ငယ်တုန်းကလို စာအုပ်ကိုလက်နှစ်ဖက်နဲ့ကိုင်ဖတ်တဲ့အရသာကို မမေ့ပါ။

ကနေ့ မြန်မာပြည်ကရောက်လာတဲ့ စာအုပ်ပါဆယ်ထဲက ဒီစာအုပ်ကိုတော့ ဖတ်ဖြစ်အောင် အချိန်ယူမယ်။ ဆရာပါရဂူရေးတဲ့ ဗုဒ္ဓအဘိဓမ္မာနှင့် နိုင်ငံရေးဝါဒများ။

ငယ်ငယ်က ဆရာပါရဂူရဲ့စာအုပ်တွေ အများကြီးဖတ်ခဲ့တယ်။ သိဒ္ဓတ္ထ၊ အမ္ဗပါလီ၊ စိတ္တရလေခါ စသဖြင့်။ နောက်ပိုင်းမှာ ဆရာရေးတာတွေကို ကြိုးကြားကြိုးကြားဖတ်ရပါတယ်။ ကုလားမနာမည်နဲ့ အရွယ်ကောင်းအမျိုးသမီးတယောက် ညနေခင်း လမ်းလျှောက်နေပုံကို ဖွဲ့နွဲ့ထားတဲ့စာတပုဒ်လည်းပါတယ်။ ဆရာ့ဇာတ်လမ်းထဲကနေရာကို ကျွန်တော် သုံးလေးခေါက်ရောက်ဖူးပါတယ်။ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ဆိုတာ တကယ့်ကို ခြောက်သွေ့ ပူပြင်း၊ ဆင်းရဲခြင်း ထူပြောလှတဲ့ အရပ်ဒေသပါ။ ဆရာ စာဖွဲ့လိုက်တာ နေချင်စရာ။

ဆရာပါရဂူကို လူချင်းဆုံဖူးတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာနေစဉ်က ဦးမောသီရိအိမ်မှာပါ။ သူလာရင် အဲဒီမှာပဲ တည်းတယ်။ အဲဒီကာလတွေက စစ်ထောက်လှမ်းရေး အစွမ်းပြနေချိန်ဖြစ်လို့ ပြည်တွင်းကနေ ပြည်ပကိုလာသူတွေက ကျွန်တော်လိုလူမျိုးကို မတွေ့ရဲကြပါ။ တွေ့ရဲသူတွေ အနည်းအကျဉ်းထဲမှာ ဆရာပါရဂူက တယောက်ပေါ့။ ပြန်ခါနီး နှုတ်ဆက်တော့ ဆရာပါရဂူက ကျွန်တော့်ကို ဆရာတို့ ကြိုးစားကြပါဗျာ။ အားပေးပါတယ်တဲ့။ ဟုတ်ကဲ့ပါ ဆရာ့။

ဆရာပါရဂူ မရှိတော့ပါ။ အထဲကလူတွေကိုတော့ ကျွန်တော်ကပဲ အားပေးပါမယ်။ ကြိုးစားကြပါဗျာ။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး