Take your time ဆရာအားမှ ဖတ်ပါ

ဆရာ ကျွန်မသမီးလေး နှာစေး ချောင်းဆိုး ရင်ကျပ်ဖြစ်လို့ မန္တလေး ကလေးဆေးရုံကြီး ကုတင် ၅၅ဝ ကို သွားပြပါတယ်။ အတော်ကို စိတ်ကသိကအောက် ဖြစ်လွန်းလို့ ပြောပြတာပါရှင်။ ကျွန်မ ကလေးကို ပြနေကျ ကလေးအထူးကု ဆရာကြီး ရှိပါတယ်။ အဲ့ဒီဆရာကြီးကလဲ အဲ့ဒီဆေးရုံမှာ တာဝန်ကျတာပါဘဲ။ ကလေးကလဲ အရမ်းစိတ်မပူရပေမယ့် ဆေးတွေကို ကိုယ့်သဘောနဲ့ကို မတိုက်ချင်လို့ ဆေးရုံကြီးမှာပြတယ်။ အိမ်နဲ့လဲနီးတယ်။ အရေးအကြောင်းဆိုလဲ သွားတတ်လာတတ် ဖြစ်တာပေါ့ဆိုပြီး သွားပြပါတယ်ရှင်။ လူနာမှတ်တမ်းစာအုပ် စလုပ်ပေးတဲ့ သူနာပြုဆရာမလေးက ၁ ယောက်ထဲရှိတာ။ လူနာလာပြတာ ကျွန်မတို့အပါအဝင်မှ ၅ ယောက်ပဲရှိပေမယ့် သူ့မျက်နှာ လေသံက ပုံမှန်ထက် အနည်းငယ် တင်းမာနေတာကို နားလည်ပေးလိုက်ပါတယ်။ ညနေ ၅ နာရီဆိုတော့ duty မချိန်းရသေးတော့ ပင်ပန်းလို့များလား ဆိုပြီးတော့ပါ။ ဆရာဝန်ဆီဝင်ပြတော့လဲ အပေါက်ဝမှာရပ်နေလို့ဆိုပြီး အထဲကပြောပါတယ်။ အဲ့ဒါတော့ ကျွန်မတို့က စိတ်လောကြတာပါ။ ကိုယ့်အမှားပါ။ ထိုင်ခုံမှာ ပြန်ထိုင်နေပေးကြပါတယ်။ ကျွန်မ ကလေးပြတဲ့ အချိန်ကျတော့ ကလေးကို ကျွန်မပေါ်ထိုင်ခိုင်းထားပါတယ်။ ကြည့်ပေးမယ့် ဆရာဝန်မလေးရယ် နောက်က ကြည့်ပေးနေမယ့် ဆရာဝန်လေးရယ် စကားပြောနေကြတယ်။ ညဂျူတီ အိပ်ရမယ့်နေရာ အဆင်မပြေတဲ့အကြောင်းတွေပါ။ စောင့်နေပေးပါတယ်။

အဲ့ဒီအချိန်မှာ သမီးလေးက (၁ နှစ် ၂ လ) စားပွဲပေါ်လက်တင်ပြီး ပုတ်လို့တဲ့ စားပွဲမပုတ်စေနဲ့ အလုပ်ရှုတ်ရတဲ့အထဲ ဆိုပြီးပြောတယ်။ ကျွန်မ အံ့သြသွားတယ်။ ကလေးကို စမ်းသပ်တော့လဲ ကလေးက သူ့လက်ကို ကိုင်တာတောင် ဂရုမစိုက်ပါဘူး။ လိုအပ်တာတွေ မေးလို့ ပြောနေတုန်း သမီးလေးက ထပ်ပြီး စားပွဲကို လက်နဲ့ပုတ်ပြီးဆော့ပါတယ်။ ကျွန်မအပေါ် ထိုင်လျှက်ပါဘဲ။ ဆရာဝန်မလေးက ဂုတ်ပေါ်တင်ထားတဲ့ နားကျပ်ကို ဖြုတ်ပြီး စားပွဲပေါ်ပြစ်တင်ပြီး ကလေးလက်ကို အမေက ချုပ်ထားပေး၊ မရိုက်စေနဲ့ဆိုပြီး ပြောပါတယ်။ မျက်နှာလဲ မကောင်းပါဘူး။ ပြီးတော့ နောက်ကဆရာဝန်ကို ပြောတယ်။ စာကပ်ထားမှရတော့မယ်ထင်တယ်တဲ့။

ဘာမှကို ပြန်မပြောခဲ့ရဘူး။ စိတ်ထဲတော့ အတော်ခံပြင်းရတယ်ရှင့်။ ဘာရည်ရွယ်ချက်မှမရှိဘဲ ကလေးတယောက်က သဘာဝအတိုင်းနေတာကို ချုပ်ထားရမယ်ဆိုတာ ကလေးကုဆရာဝန် တယောက် ပြောစရာ စကားလုံးဝ မဟုတ်တာ သေချာပါတယ်။ ပြောထွက်တာ အံ့သြလွန်းတယ်။ ကလေးတွေ အဲ့လိုလုပ်တတ်တာသိရင် ကုတင်ပေါ်ခေါ် စစ်ဆေးပေါ့။ ခုတော့ ကျွန်မနဲ့ မတိမ်းမယိမ်း ဆရာမက အော်ငေါက်တာ ခံရတယ်။ စားပွဲကိုပုတ်ရင် ဈေးသည်ဆို ဈေးဝယ်သူ များများလာတယ်။ ဆေးရုံဆေးခန်းဆို လူနာများတယ်ဆိုတဲ့ အယူရှိတာ သိပေမယ့် အဲ့လောက်ကြီးကျ လွန်ပါတယ်။ သူကိုယ်တိုင်ဆေးခန်းဖွင့်ရင် အထူးကု ဆေးခန်းမှာထိုင်ရင် ကျွန်မတို့ကို လုပ်ခဲ့သလို အဲ့လို လေသံအပြုအမူတွေ လုပ်မလားဆိုတာ သိချင်စမ်းပါဘိ ဆရာရယ့့်။

ဆရာဝန်တို့၊ ဆရာမတို့ရေ့
ဆရာတော့ ကိုယ့်ပေါင်ကိုလှန်ထောင်းခြင်းစာတွေ မကြာမကြာရေးရတယ်။ Myth ခေါ်တဲ့ အယူအဆလွဲတွေလည်း ရေးရတယ်။ ကျွန်တော်တို့ခေတ်ကို နောက်မှာသာထားရစ်ကြစေချင်တယ်။ ဆရာဝန်တို့၊ ဆရာမတို့ခေတ်က ပိုပြီး သစ်လွင်ပါတယ်။ ပိုကောင်းပါတယ်။ ပိုပြီး တော်ကြတတ်ကြပါတယ်။

လူနာတွေကမေးရင် စိတ်ကိုအပြုသဘောဆောင်ပါလို့ အားပေးရတယ်။ ရောဂါကြီးမားသူတွေကိုလည်း ကံတရားလည်း အားကိုးပါလို့ အကြံပေးတယ်။ ကံဆိုတာ စိတ်ကူးအကြံ၊ အပြောအဆိုနဲ့ လုပ်တာကိုင်တာ သုံးမျိုးလုံးမဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၆

Comments