Small Rain မိုးနည်းနည်းရွာတယ်

ကနေ့ လက်ဖက်ရည်ဆိုင်သွားတော့ မိုးဖွဲဖွဲလေးရွာနေတယ်။ မသည်းပေမဲ့ တနေကုန်လိုရွာတယ်။ နိုင်ငံရေးစကား ပြောချင်လို့ လက်ဖက်ရည်တိုက်နေကျတယောက်နဲ့ပါ။ သိချင်သူကိုပဲ အရင်မေးပါတယ်။ နိုင်ငံရေးမိုးလေဝသ ဘယ်လိုလဲ။ သိပ်ထူးတာတွေတော့ မရှိပါ။ ဒေါ်စုကျန်းမာရေ့း့

သူက စစ်တပ်ထဲမှာ ကြာခဲ့သူဖြစ်ပြီး နေရာအတော်များများကိုရောက်ထားသူ။ ကိုကိုးကျွန်းကတဆင့် ရခိုင်ကို ဟားခါး ကြယ်ငါးပွင့်သင်္ဘောစီးသွားလာရဘူးသူ။

လက်ဖက်ရည် တခွက်စီမှာတယ်။

သူက ဒေါ်စုနေမကောင်းသတင်းကြားတော့ (ဗခမက) စောမောင်သေဆုံးခဲ့ရပုံကိုသတိရပြီး စိုးရိမ်နေတယ်။ ဗခမကစောမောင်ကို အခုလိုအရေးကြီးနေချိန်မှာ (နဝတ) ဥက္ကဋ္ဌကြီး ကျန်းမာနေမှဖြစ်မယ်ပြောပြီး ဆေးခေါ်ထိုးပေးတယ်တဲ့။ မကြာပါဘူး၊ ဗိုလ်ချုပ်မှူးကြီး ရူးသွားပြီဆိုပြီး၊ (ဆရာဝန်အနေနဲ့တော့ ဒီဝေါဟာရမသုံးသင့်ပါ) နေရာကနေ ဖယ်ရှားခံလိုက်ရတယ်တဲ့။

နောက်ဥက္ကဋ္ဌတက်လာတဲ့ (ဗခမမ) သန်းရွှေဟာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တော့ ဒုကာကွယ်ရေးဦးချုပ်ကို တော်တော်နဲ့ မခန့်ဘူးတဲ့။ ဝါစဉ်အရရော တပ်မတော်လုပ်ထုံးလုပ်နည်းတွေအရပါ ဖြစ်ရမှာက (ဗခက) တင်ဦးတဲ့။ မခန့်ဘူးတဲ့။ (နဝတ) ဖွဲ့တော့လည်း (ဗမက) တင်ဦးက အတွင်းရေးမှူး (၂) သာနေရာရပြီး ဝါအရရော အစဉ်အလာအရပါ မတန်တဲ့ (ဗမက) ခင်ညွန့်က (၁) ဖြစ်လာတယ်တဲ့။ မကြာပါဘူး၊ ဗခကတင်ဦးခင်မျာ ဗုံးထောင်တာ နှစ်ကြိမ်ခံရပြီးနောက် ရဟတ်ယာဉ် ပျက်ကျလို့ ကျဆုံးသွားတယ်တဲ့။ နောက်ထပ်အစဉ်အလာမဟုတ်ပြန်တာက (ဗခက) မောင်အေးကို ဒုကာကွယ်ရေးဦးချုပ် ခန့်တာတဲ့။ တိုင်းမှူးကိုခန့်တာတဲ့။ သူ့သုံးသပ်ချက်တွေပါ။

တိုင်းရင်သားတချို့ ဗမာစကားပြောရာမှာ တခါတခါ မှတ်လောက်သားလောက်ပြောတတ်ကြတယ်။ ဒေါ်စုခရီးမထွက်ခင်က ပြည်ထဲရေးအောက်က ဌာနတချို့ကို လက်လွှတ်သလိုလိုနဲ့၊ ဒေါ်စုပြန်လည်း ပြန်လာရော ဒုံရင်းဒုံရင်းပဲတဲ့။ လက်ရှိလူကလည်း အရင်လူတွေလိုပဲတဲ့။ မျောက်ပြပြီး (ကန်တော့ပါ) ဆန်တောင်းတာတဲ့။

သူနဲ့ဆိုရင် ကျွန်တော်က နားထောင်သမား။ ကော်ပြန့်ကြော်တော့ ကျွန်တော်ပဲစားတယ်။ ဆိုင်ကပြန်ထွက်တော့လည်း မိုးဖွဲဖွဲ့

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး