Anniversary day နှစ်ပတ်လည်နေ့

ကျွန်တော်တို့တတွေ ဂန္ဓီအစည်းအဝေးကတည်းက အလုပ်ရှုတ်နေကြပါပြီ။ ကျွန်တော်တို့ဆိုတာ ပူပူနွေးနွေး အရွေးခံထားကြရသူတွေ။ ပိုပြီးတိကျအောင်ပြောရရင် NLD အမတ်၊ အရွယ်လတ်တွေပါ။ နဝတ စစ်အစိုးရကနေ ၁/၉ဝ ခေါ် အရွေးခံရတာဟာ လွှတ်တော်ခေါ်ဘို့မဟုတ်၊ အစိုးရလုပ်ဘို့မဟုတ်ဆိုတာ ထုတ်တဲ့အချိန်ကစပြီး ခေါင်းအလုပ်၊ ခြေလက်အလုပ်တွေ ရှုတ်ကြတာပါ။

ပိုပြီးတိကျပါအုန်းမယ်။ မန္တလေးတိုင်းက ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးဘိုလှတင့်၊ စစ်ကိုင်းတိုင်းက ဦးဝင်းကိုနဲ့ ကျွန်တော်တို့ ခေါင်းချင်းဆိုင် ခြေချင်းလိမ်ကြရတယ်။ ကိုယ့်မြို့နယ်ကိုယ်စီကလွဲရင် ကျွန်တော်တို့ကို လူထုကမသိကြပါ။ အဲတော့ ခေါင်းဆောင်ရွေးကြတယ်။ ရွေးထားတဲ့သူကို သွားပြောဘို့တာဝန်က ကျွန်တော်နဲ့ ဦးဘိုလှတင့်မှာကျတယ်။

အဲတာနဲ့ ဒေါက်တာစိန်ဝင်းအိမ်ကိုရောက်တယ်။ ဆွဲဆောင်စည်းရုံးကြတယ်။ (ဂရင်းလိုက်) က ပဌမတခေါက်နဲ့မပြ။ နောက်တော့ သူလည်းကောက်ကောက်ပါလာတယ်။

နောက်ပိုင်းအစီအစဉ်တွေမှာ ဦးဝင်းကိုကရှေ့ဆုံးက။ ဒိအရင်မှာ ဦးသိန်းဦး (မန္တလေး) နဲ့ ဦးလှဖေ (ပျော်ဘွယ်) တို့က အရင်ဆုံး သူပုန်စခန်းအထိသွားကြတယ်။ ဆောရီး။ အဲဒီကာလမှာ သူပုန်လို့ပြောမှ လူတွေကသိတယ်။ ကြိုဆိုပါ၏ ကတိစကားအရ ထိုင်းနယ်စပ်ကိုထွက်ကြဘို့လုပ်ကြပါတယ်။

တိုင်းနဲ့ပြည်နယ် (၁၄) ခုက (၂) ယောက်ကျစီရွေးတယ်။ (၁) ယောက်စီက အပြင်ထွက်၊ အစိုးရဖွဲ့။ ကျန် (၁) ယောက်စီက အထဲမှာ စည်းရုံးရေးလုပ်။ အဲတာနဲ့ စစ်ကိုင်းတိုင်းထဲက ဦးဝင်းကိုက ရှေ့ထွက်၊ ကျွန်တော်က ကားလိပ်နောက်က။

လောကကြီးမှာ ထင်ထားတာမဖြစ်၊ မထင်တာတွေဖြစ်လာတတ်တယ်မဟုတ်ပါလား။ ကျွန်တော်က ထွက်ပြေးရသူ ဖြစ်လာတယ်။ ကျွန်တော်တို့တတွေ မောမောပန်းပန်း ချင်းတောင်တန်းကြီးပေါ်မှာ ခရီးတယောက်အိပ်ရင်း စင်ပြိုင်အစိုးရ ဖွဲ့လိုက်ပြီလို့ ဒီဇင်္ဘာ (၁၈) ရက်ညမှာ ရေဒီယိုကကြားရတယ်။ ဟော့ တို့လုပ်တာ လူသိသွားပြီ။

ဒေါက်တာစိန်ဝင်းတို့ရှိရာ မာနယ်ပလော ခေါ် ထိုင်း-မြန်မာနယ်စပ် KNU ပိုင်နယ်မြေကို ကျွန်တော် အိန္ဒိယကနေကြိုးစားပြီး မရောက် ရောက်အောင်သွားပါတယ်။ ရောက်တော့ သူက ဘန်ကောက်မှာ။ ကုလအစည်းအဝေးမီ ယူအက်စ်အေသွားဘို့ ရောက်နေလို့ ဖုန်းနဲ့သာစကားပြောရတယ်။ သူလည်း အဲဒီကတည်း ထိုင်းကိုပြန်မရတော့တာ ကနေ့အထိပါ။

ဒေါက်တာစိန်ဝင်းအိမ်သွားပြီး ဝန်ကြီးချုပ်လုပ်ဘို့ပြောခဲ့တဲ့နေ့ကနေ NCGUB ကို ဖျက်သိမ်းတဲ့အထိ ကျွန်တော်တို့အတူပါ။ အစိုးရအဖွဲ့ကို ဖျက်ပြီးတော့လည်း ကနေ့အထိ (ဘာမား ဖန်ဒ်) မှာ အတူလုပ်နေကြဆဲပါ။

NCGUB ကို အဲဒီ ၁၄-၉-၂ဝ၁၂ နေ့မှာဖျက်သိမ်းခဲ့တာမို့ ကနေ့နှစ်ပတ်လည်နေ့ပါ။ တည်ဆောက်ရတာလည်း ခက်ခဲ့တယ်။ ဖျက်သိမ်းရတာလည်း ခက်ခဲတယ်။ ဖျက်ထားပြီး ဆက်လုပ်နေကြရတာကတော့ လက်ချည်းသာရှိကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၆
ဓါတ်ပုံ = ၂၅-၃-၂ဝဝ၄ နေ့က ဝါရှင်တန်ဒီစီ၊ ဆီးနိတ် မြန်မာ့အရေးကြားနာပွဲမှာ - ဦးနွယ်အောင် (ဂျာမဏီ)၊ ဒေါ်စီစီ၊ ဒေါက်တာစိန်ဝင်း၊ ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး