Lincoln Memorial လင်ကွန်း

ကနေ့ ဒေါ်အောင်ဆန်းစုကြည့် အရေးပါတဲ့အစည်းအဝေးတွေကြားမှာ လင်ကွန်းအမှတ်တရဗိမာန်ကို လာကြည့်ပါတယ်။ ကျွန်တော်လည်း တခေါက်ရောက်ဖူးတယ်၊ ကြာပါပြီ။ မကြာသေးခင်ကတော့ လင်ကွန်းမွေးခဲ့ရာ သစ်လုံးအိမ်ကို ရောက်ပါတယ်။ အခု ရေးဖူးတဲ့စာလေး ပြန်တင်ပါရစေ။

ဂျာနယ်တခုက အင်တာဗျူးမေးခွန်းတွေကို စနစ်တကျရေး မေးပါတယ်။ လားလာ့း့ ကျွန်တော့် နိုင်ငံရေး ဘဝဇာတ်ကြောင်း အကုန်မေးထားတယ်။ အတော်အတန်ပြည့်စုံအောင်ရေးရင် အခန်းဆက်ဖြစ်တော့မယ်။ ကျွန်တော်က အခန်းဆက်ရေးရတာမျိုး သဘောမကျတတ်ပါ။ အရင်ကလည်း စာအုပ်ရေးပါလို့ ပြောကြတာတွေ မကြာမကြာရပါတယ်။ စိတ်ကူးတော့ မရှိသေးဖူးလို့ဖြေခဲ့တယ်။

နိုင်ငံရေးထဲမှာ သဘောထားမတိုက်ဆိုင်တာတွေ၊ မလျော်ဝါဒဖြန့်တာတွေ၊ ခြေထိုးတာတွေ၊ ချောက်တွန်းတာတွေ၊ ပဋိပက္ခတွေ အများကြီးရှိတယ်။ သူသူကိုယ်ကိုယ် ကိုယ့်ဟာကိုယ် မှန်တယ်ထင်ကြတာချည်းပဲ။ အသံကျယ်ကျယ်နဲ့ ကိုယ့်နှုတ်ကိုယ် မထိန်းဘဲပြောတာတွေကို ကြားတဲ့သူလူထဝက်လောက်က အဟုတ်မှတ်တတ်တယ်။ အဲတာမျိုးကို ရှင်းပြချင်မိတယ်။

ဒါပေမယ့် မရေးဖြစ်တဲ့ အချက် (၄) ချက်ရှိပါတယ်။

အဖွဲ့အတွင်းရေးကိစ္စကို အပြင်နဲ့မီဒီယာကို ထုတ်မပြောရဖူးဆိုတဲ့စည်းကမ်းအရ ကျွန်တော်က ရေငုံထားနိုင်ခဲ့ပေမဲ့၊ တဖက်ကနေ သူမှန်-သူများမှား၊ သူများတွေလျှောက်ပြောတော့ ကြားကလူတွေက ဘယ်ဟာ အမှန်လည်းမသိရဘူး။ သံသယအကျိုး တဝက်စီရတယ်ဆိုရင် မှန်တဲ့သူက နာတယ်။ သူများပြဿနာကို သွားရည်တမြားမြားနဲ့ ရေးသား အားပေးခဲ့တဲ့ မီဒီယာဆိုတာလဲပါခဲ့တယ်။ အဲလိုဟာတွေကို အခုနေမှာထုတ်ရေးရင် အကျိုးများစရာ မရှိဘူးထင်နေတယ်။

ကိုယ့်အပေါ် သိပ်ဆိုးခဲ့သူဟာ တခြားသူအပေါ် သိပ်ကောင်းတာရှိနိုင်တော့ သူ့ပရိသတ်က နားလည်းမှာမဟုတ်ပါ။

ကျွန်တော်ဟာ ပြည်ပမှာ အတိုင်းအတာတခုအထိ၊ ဦးဆောင်နေရာမှာနေခဲ့ရတာကများတယ်။ ကိုယ့်အသင်းအဖွဲ့တခုလုံးရဲ့ အကောင်းအဆိုးကိုလဲ တာဝန်ယူတဲ့သူဖြစ်တယ်။ တာဝန်အရ အပြစ်ပေးအရေးယူတာလဲ လုပ်ခဲ့ရပါတယ်။ အရေးယူခံရသူ တချို့က တချိန်တုံးက သွေးသောက်လို ဘယ်လောက်နေခဲ့နေခဲ့ အရေးယူတဲ့ကျွန်တော့်ကို ရန်သူလို့ သတ်မှတ်သွားတော့တယ်။ တာဝန်ကြီးမှုရဲ့ ဘေးထွက်ဆိုးကျိုးပါပဲ။

အခုနေမှာထုတ်ရေးရင် အကျိုးများစရာမရှိဘူးထင်နေတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာတော့ သူများမှားတာကို ခဝါချသလို လုပ်ဘို့ မသင့်ဘူးလို့ယူဆတယ်။ အဲလိုတကယ့်အဖြစ်အပျက်တွေထဲမှာ ဟိုဖက်သည်ဖက်ကလူတွေ သက်ရှိထင်ရှား ရှိသေးတာကများတယ်။ နောက်ကြောင်းတွေကိုပြန်ရေးရင် နှုတ်အာကြမ်းခဲ့သူတွေကို ဆွပေးသလိုမလုပ်ချင်ပါ။ သူတို့က ကြမ်းတမ်းဆဲ။

တခါက အမေရိကန်သမတလင်ကွန်းက အင်မတန်စိတ်ဆိုးပြီး လူတယောက်ကို ခါးခါးသီးသီး အပြစ်တင်ရေးသားထားတဲ့ စာတစောင်ရေးတယ်။ စာကို အိပ်ယာအောက်မှာထားရာကနေ မေ့နေလို့ စာမပို့ဖြစ်ပါ။ နောင်အချိန်အတော်ကြာတော့ အဲဒီလူဟာ သူ့အတွက် မိတ်ဆွေကောင်းတယောက်ဖြစ်လာပါသတဲ့။ ဒီအတ္ထုပတ္တိကို ငယ်ငယ်လေးကတည်းက ဖတ်ဖူးခဲ့တယ်။ ခုလို ဖေ့စ်ဘွတ်ကလည်းမပေါ်သေးတာ အရင်လူတွေ ကံကောင်းကြတယ်။

(မီမို) ရေးချင်ပါရဲ့ ရေးစရာတွေလည်း အပြည့်ရှိပါရဲ့၊ ဒါပေမဲ့ ကျွန်တော်ခေါင်းထဲမှာ လင်ကွန်းကရောက်ရောက်လာတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ