Daw Suu and Sanctions ဒေါ်စုနဲ့ ဆန်ရှင် (၂)

ဘယ်သူကမှ အမေရိကန်သမတကနေ ဆန်ရှင်အကုန် ရုပ်သိမ်းဦးမယ်ထင်မထားပါ။ ဒေါ်စုကနေ အကုန်ရုပ်သိမ်းပါလို့ ပြောမယ်လည်း ထင်မထားပါ။ အခု ထင်မထားတာဖြစ်ပါတယ်။ အဲတာ ဒေါ်စုပါ။

ကမ္ဘာမှာ စွမ်းအားအကြီးဆုံး အမေရိကန်နိုင်ငံရဲ့ အရေးအကြီးဆုံးအဆုံးအဖြတ်မှန်သမျှကို ချမှတ်ပိုင်ခွင့်ရှိတဲ့ သမတအိုဘားမားဟာ ဒီအရေးမှာ သူ့ရဲ့ထိပ်တန်းအကြံပေးတွေနဲ့ မလုံလောက်ခဲ့ပါ။ ဒေါ်စုရဲ့စကားတခွန်း အပိုလိုပါတယ်။ အဲဒီအချက်ကိုကြည့်ပြီး နိုင်ငံတကာမီဒီယာက အဲတာဒေါ်စုရဲ့ (အင်ဖလူးယင့်စ်) လွှမ်းမိုးနိုင်စွမ်းလို့ပြောပါတယ်။ ဒေါ်စုဟာ မနေ့ကမတိုင်ခင်အထိ စစ်အုပ်စုအပေါ် ထိရောက်တဲ့ဖိအားဖြစ်တယ်လို့ ဆန်ရှင်တွေကို ခုခံကာကွယ်နေခဲ့တာပါ။

နောက်တချက်ကတော့ မြန်မာ့နိုင်ငံရေးမှာ အရင်က ဘယ်သူမှ မမျှော်လင့်ရဲတာတွေ တခုပြီးတခု စဉ်တိုက်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပါတယ်။ ရေပက်မဝင်အောင်ရေးထားတဲ့ဖွဲ့စည်းပုံ ဗဟိုချက်မကနေ ထိုးထွက်တာတွေ ဖြစ်အောင်လုပ်တာက အချက်တခုပါ။ နောက်ကြောင်းပြန်မလားဆိုတဲ့ ကျိုးကြောင်းဆီလျှော်မှုလည်းအပြည့်ရှိတဲ့ စိုးရိမ်ချက်တွေဟာ မုတ်သုန်လေထဲမှာ ပါးလျှလာနေပါတယ်။

ဆန်ရှင်တွေ ဘာကြောင့်ရုပ်သိမ်းပါပြောရသလဲ။ အချိန်မှန်လို့ အချိန်တန်လို့ပါတဲ့။ အိုဘားမားကလည်း မှန်ကန်တဲ့လုပ်ရပ်ဖြစ်လို့ပါတဲ့။

ယူအက်စ်က ချမှတ်ဒဏ်ခတ်မှုတွေထဲမှာ ပစ်မှတ်ထားတဲ့ဆန်ရှင်တွေသာ ကျန်နေတာပါ။ သာမန်အများစုလူထုနဲ့ တိုက်ရိုက်မဆိုင်တာတွေသာဖြစ်ပါတယ်။ အခုတော့ ပစ်မှတ်စက်ဝိုင်းရစ်တွေထဲက လူနဲ့ ကုမ္ပဏီအရေအတွက် (၁၁၁) ဟာ အကျယ်ချုပ်ကနေ လွတ်မြောက်လာကြပါတော့မယ်။ ဆန္ဒပြသူတွေကို ပစ်ခတ်ဘို့အမိန့်ပေးခဲ့သူတွေပါမယ်။ နိုင်ငံရေးလုပ်သူတွေကို ထောင်ချခဲ့သူတွေပါတယ်။ ဒေါ်စုကို နေအိမ်အကျယ်ချုပ်မိန့်ပေးခဲ့သူတွေလည်းပါမယ်။ နေပြည်တော်မြို့တည်ဆောက်ရေးမှာ မြိုးမြိုးမြက်မြက် ကွန်ထရက်တွေရခဲ့သူတွေပါမယ်။ စစ်လက်နက်တွေကို မှောင်ခိုနည်းနဲ့ ဝယ်ယူဖြည့်တင်းဘို့ရာ ကူညီသူတွေပါမယ်။ မူးယစ်ဧကရာဇ်တွေပါမယ်။

ခုချိန်ဆို ရန်ကုန်မြို့က အထက်တန်းစားဟော်တယ်တွေမှာ ခရိုနီတွေဟာ သမတကြီးအိုဘားမား ကျန်းမာပါစေလို့ (တို့စ်) လုပ်နေကြလောက်ပါပြီ။

သူတို့တတွေဟာ မကြာခင်မှာ အမေရိကန်စီးပွါးလုပ်သူတွေနဲ့ သန့်သန့်ရှင်းရှင်း၊ လုပ်ထုံးနည်းကျ ယှဉ်ပြိုင်ကြ၊ ရင်းနှီးကြ၊ ရောင်းဝယ်ဖေါက်ကားနိုင်ကြပါတော့မယ်။ တင်းကြပ်မှုနည်းနည်းသာရှိတဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အမေရိကန်ပါတနာတွေကို ရှာကြပါတော့မယ်။ ငွေရှာရတာ ပိုလွယ်ကူလာကြမှာပါ။ ရိုးရိုးသားသား စီးပွါးရေးသမားတချို့ ခြံခုန်ကူးလာပါမယ်။

နိုင်ငံရေးအဆုံးဖြတ်ဟာ စီးပွါးရေးလုပ်သလို အလားအလာမသေချာတာကို တနည်းအားဖြင့် အန္တရာယ်မကင်းတာမျိုးကို ချမှတ်ရတတ်ပါတယ်။ လောင်းကစားဝိုင်းက အဆုံးအဖြတ်မျိုးနဲ့တော့မတူပါ။ နိုင်ငံရေးမှာ အဲလိုအဆုံးအဖြတ်ချရဲတာကို သတ္တိလို့ခေါ်တယ်။ ဒေါ်စုဟာ (ပရင်စပယ်လ်) ခေါ် မူပိုင်းကိုကျော်လွန်ပြီး (ပါဝါ) ခေါ် သြဇာအာဏာဖက်ကိုလှမ်းပြီလို့ ပြောနိုင်ပါတယ်။

ပိုပြီးပီပြင်ကြည်လင်တဲ့ဒီမိုကရေစီနဲ့ ဖွဲစည်းပုံပြင်ဆင်ရေးကတော့ အလှမ်းတွက်လို့မရသေးပါ။ ဒါပေမဲ့ အဲတာကို အားဖြည့်စေပါတယ်။ အနည်းဆုံးတော့ အာရုံစိုက်ဘို့ အချိန်ပိုရလာစေပါမယ်။ စစ်တပ်ကိုလည်း မူဟောင်းသမား ဗိုလ်ချုပ်ကြီးများရဲ့ သင်ကြားမှုတွေမှားယွင်းကြောင်း သဘောပေါက်လာစေနိုင်ပါတယ်။ အဲတာ အရေးကြီးပါတယ်။

အမျိုးသားအရေးပေါ် အက်ဥပဒေ ၁၉၇၇ ဟာ မြန်မာပြည်ကို တမူထူးခြားတဲ့ အမေရိကန်အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးနိုင်တဲ့ နိုင်ငံတခုဆိုပြီးချမှတ်ခဲ့တာဖြစ်ပြီး၊ သမတကို အရေးပေါ်စီမံခန့်ခွဲခွင့်အာဏာ ပေးထားတာဖြစ်ပါတယ်။

ဝါရှင်တန်အတွင်းစည်းက ကောက်ချက်တခုကတော့ ဒေါ်စုဟာ နှလုံးရည်အဆုံးအဖြတ်မှာ ခဲယင်းသူမဟုတ်သူ မဟုတ်တာကို ပြလိုက်တာပါတဲ့။ ဒီစကားကို နောက်ဆုံးမိနစ်မှာ ချလိုက်ပုံရတယ်တဲ့။ သူကိုယ်တိုင် မကြိုက်လှပေမဲ့ အကောင်းဆုံးဟာ ဒါပဲလို့ ရွေးချယ်လိုတာဖြစ်မယ်တဲ့။ ဒေါ်စုအနေနဲ့ ပစ်မှတ်ထားဒဏ်ခတ်တာတချို့ကို ချန်ကောင်း ချန်ထားချင်မှာဖြစ်ပါတယ်။ အဲတာကလည်း နားလည်နိုင်တဲ့ အချက်ပါ။ အိမ်ဖြူတော်အတွင်းစည်းက (အော်လ်-အော်-နားသင်း) ဖြုတ်ရင်လုံးလုံး ချန်ရင်အကုန်လို့ အကြံပေးချက်အရ ဒေါ်စုဟာ အမည်းမရွေးပဲ အဖြူရွေးလိုက်တာဖြစ်ပါမယ်။

အဲတာ ဟုတ်မဟုတ်တော့ ဝါရှင်တန်နဲ့ နေပြည်တော်မှာ သိနိုင်သူမရှိ၊ ဒေါ်စုတယောက်တည်းသာသိပါမယ်။

ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး