The Magic Tree ပဒေသာပင် မြေမှာပေါက်စေ
အခုပဲ ဘီဘီစီက အသံသွင်းလို့ပြီးပါတယ်။ ဆောရီး။ တိုက်ရိုက်လွှင့်တာ မဟုတ်ပါ။ မြန်မာပြည်ထဲကနေ ဆွေးနွေးမဲ့သူအတွက်ပါ အဆင်ပြေမဲ့အချိန်ကို ရှာရွေးပြီး အသံသွင်းတာသာဖြစ်ပါတယ်။ သောကြာညမှာ လွှင့်ပါမယ်တဲ့။
ထုံးစံအတိုင်း စီးပွါးရေးလုပ်တဲ့သူနဲ့ နိုင်ငံရေးဖက်ကရှုမြင်သူ မတူကြဘူးပေါ့။ စစ်အစိုးရကနေ (ဆန်ရှင်) ကို (ဖက်ဒရယ်) ဝေါဟာရလို လူတွေလန့်ကြောက်ပြီး အော့နှလုံးနာစေအောင် ဝါဒဖြန့်ထားတယ်။
မြန်မာပြည်ကြီးဆင်းရဲနေတာ ဆန်ရှင်ကြောင့်လို့ပြောနေကြတုံး။ LDC က ၁၉၈၇ ကတည်းကဖြစ်တာပါ။ ဆန်ရှင်ကို (ကလင်တန်) လက်မှတ်ထိုးတာက ၂ဝဝ၃ ရောက်မှပါ။ (၁၆) နှစ်ငယ်တယ်။
နိုင်ငံခြားပညာရှင်တချို့ကလည်း မြန်မာပြည်ကို ၂ ပတ်ဗီဇာနဲ့ ၁-၂ ခေါက်လောက်လာ၊ ဗိုလ်လို (တော့) တတ်တဲ့သူ တချို့ကို အင်တာဗျူးပြီး ဆန်ရှင်က ဘာဖြစ်တယ်၊ ညာဖြစ်တယ်ရေး။ မြန်မာနိုင်ငံသား ပညာတတ် တချို့ကလဲ အတူတူပဲ။
ဝိုင်အနီကောင်းကြောင်းရေးပေးတဲ့ ဆရာဝန်တွေတောင်ရှိတာပဲ။ မြန်မာပြည်မှာ ဆေးကို ထိုင်းက ဒေါက်တာ့ နာမည်နဲ့ ကြော်ငြာတော့ မဟုတ်မှန်သူတွေ မနည်းဘူး။
ကောင်းရောင်းကောင်းဝယ် စီးပွါးရေးလုပ်ကြသူတွေက ဆန်ရှင်ရုပ်စေချင်ကြတာ နားလည်ပါတယ်။ လောဘီလုပ်ကြပါ။ ဝါရှင်တန်ကို လာစရာမလိုပါ။ နေပြည်တော်မှာပါ။ သမတရုံး၊ အတိုင်ပင်ခံရုံးလည်း လာစရာမလိုပါ။ (အဘ) တွေကိုသာ လော်ဘီလုပ်ကြပါ။ သူတို့က တို့လက်မြှောက်ပြီဆိုရင် မြန်မာပြည်မှာ ပဒေသာပင်ပေါက်လာပါမယ်။
ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၆

Comments
Post a Comment