Greeted by her relative and supporters

ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ဒီစီမြို့ရောက်တော့ လာကြိုကြသူတွေထဲမှာ ဒေါ်စီစီလည်းပါတယ်။ ဒေါက်တာစိန်ဝင်းရဲ့ဇနီးပါ။ ဒေါ်စုနဲ့ ဆရာစိန်ဝင်းက မောင်နှမတဝမ်းကွဲတော်တယ်။ အဲတော့ သမီးယောင်းမ ဆုံကြတဲ့ ဓါတ်ပုံပေါ့။

ဆရာစိန်ဝင်းက ပြည်ပထွက်ရတော့ ဒေါ်စီစီက သမီးအကြီးကိုယ်ဝန်နဲ့ ရန်ကုန်မှာကျန်ရစ်တယ်။ သူတို့မိသားစုပြန်ဆုံတော့ သမီးကြီးက အရွယ်ရောက်နေပြီ။ အခုတော့ ကျောင်းထားရတဲ့အရွယ် သားတယောက်ပါရနေပါပြီ။

ကျွန်တော် စင်ပြိုင်အစိုးရအစည်းအဝေးတွေရှိလို့ ယူအက်စ်ကိုလာရတိုင်း ဆရာစိန်ဝင်းအိမ်မှာတည်းပါတယ်။ ဒေါ်စီစီတို့ ရောက်မလာခင်ကပေါ့။ ဆရာစိန်ဝင်းက အိမ်တွင်းစည်းကမ်းထုတ်ထားတယ်။ အိမ်မှာ အငယ်ဆုံးလူက ထမင်းချက်တဲ့။ သူနဲ့ နှစ်ယောက်တည်းဆိုရင် ကျွန်တော်ပဲ ထမင်းချက်ရတယ်။

မနှစ်က သူတို့နေထိုင်တဲ့ မေရီလင်းကိုရောက်တော့ ဆရာတို့အိမ်ကို သွားလည်ဖြစ်ပါတယ်။ ဒေါ်စီစီက ဆရာ့စာအုပ်စင်က အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန် ၃ အုပ်ပေးလိုက်တယ်။ ကျွန်တော်လည်း တအုပ်ကို မုံရွာကကျွန်တော့်ညီဆီ ပို့လိုက်ပါတယ်။

ဒေါက်တာစိန်ဝင်းတို့ မြန်မာပြည်အလည်ပြန်ဘို့ ဗီဇာလျှောက်တဲ့သတင်း သိကြမှာပါ။ ခံဝန်ချက်ကိစ္စ။ ပြီးခဲ့တဲ့ နှစ်ပတ်က ဆရာစိန်ဝင်းနဲ့ ဖုန်းစကားပြောကြတော့ အင်တာနက်သတင်းတွေထက် တိကျတာသိရတယ်။ မြန်မာသံရုံးကနေ ဗီဇာ လာထုတ်ပါ၊ လက်မှတ်ထိုးစရာ အပိုတွေမလိုပါတဲ့။ ဆရာနဲ့ ဒေါ်စီစီက ကျန်တဲ့နိုင်ငံရေးလုပ်သူတွေ လျှောက်ရင်ကောလို့ မေးကြတယ်။ အဲတာကတော့ အရင်အတိုင်းပါခင်ဗျာဆိုတာနဲ့ ဗီဇာသွားမယူကြသေးပါ။

ကျွန်တော်လည်း ဆရာနဲ့အတူအလည်ပြန်ကြအောင်လို့ ရီစရာပြောမိသေးတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး