Memoir (1) ကိုယ်ပိုင်မှတ်တမ်း (၁)
(နှစ်နှစ်တိတိက ရေးခဲ့တာလို့ ဖေ့စ်ဘွတ်ကပြောလို့ပါ။)
ဆရာ နှောင်းလူတွေအတွက် အဖြစ်မှန်တွေ စာအုပ်ထုတ်သင့်တယ်ထင်ပါတယ်။ ဆရာ့ဘဝအတွေ့အကြုံကို အခန်းဆက်ဆောင်းပါး ရေးထုတ်ရင် ကောင်းမယ်ဆရာ။ ရေးပါဆရာ အားလုံးသိသွားအောင်စသဖြင့်ပြောကြတယ်။ စိတ်ကူးတော့ မရှိသေးပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်က အင်္ဂလိပ်စာဝါသနာပါသူတယောက်က မေးတာဖြေရင်းနဲ့ အမှတ်မထင် အင်္ဂလိပ်လို ရေးဖြစ်သွားတယ်။ ကြာမှ ပြန်ရှာတော့ (အေဖိုး) နဲ့ ၂၄ မျက်နှာရှိနေခဲ့တာတွေ့တယ်။ Story ပုံပြင် မဟုတ်ပါ။ Fiction စိတ်ကူးယဉ်လည်း မဟုတ်ပါ။ Memoir မှတ်တမ်းသဘောပါ။
ကျွန်တော်လုပ်ရတာကလဲ ကြီးကျယ်လှတယ်မဟုတ်လို့ပါ။ စာအတိုအထွာလေးတွေ ရေးနေတာက ဖတ်တဲ့သူကို အကျိုးဖြစ်စေဘို့ ရည်ရွယ်တယ်။ တခုဖတ်လိုက်လို့ တခုတလေရသွားစေချင်တယ်။ ကိုယ်ကပြောလို့ ပြုပြင်သွားမှာမျိုး ဆိုရင် အကျိုးရှိမယ်။ ကျွန်တော်တွေ့ဘူးသူတွေထဲမှာ မပြင်တော့သူတွေရှိတယ်၊ ကြီးလေဆိုးလေ လူမျိုးတွေပါတယ်။ ပြင်လာ၊ ပြောင်းလာ၊ ကောင်းလာသူတွေလဲရှိပါတယ်။
နိုင်ငံရေးထဲမှာ သဘောထားမတိုက်ဆိုင်တာတွေ၊ မလျော်ဝါဒဖြန့်တာတွေ၊ ခြေထိုးတာတွေ၊ ချောက်တွန်းတာတွေ စတဲ့ ပဋိပက္ခတွေက အများကြီး။ ကျွန်တော်အပါအဝင် ကိုယ့်ဟာကိုယ် မှန်တယ်ဘဲထင်ကြတာချည်းပါဘဲ။ အသံကျယ်ကျယ်နဲ့ ကိုယ့်နှုတ်ကိုယ် မစောင့်ဘဲပြောတာကို ကြားတဲ့သူ လူထက်ဝက်လောက်က အဟုတ်ထင်ပြီး ဆရာတင်ကြတယ်။
ကျွန်တော့်မှာ ပြည်ပနိုင်ငံရေးလုပ်လို့ အမှုအခင်းသဘောမျိုး ၂-၃ ကြိမ်ဖြစ်ရဘူးပါပြီ။ ကျွန်တော်ကို တရားခံလို့သာ မြင်ကြတယ်။ ကျွန်တော့်လက်မှတ်အတုနဲ့ စာအတုလုပ်တာကို လူထုခုံရုံးလိုလို ဘာလိုလိုမျိုးစီရင်တာ ခံရတယ်။
အဖွဲ့အတွင်းရေးကိစ္စကို အပြင်နဲ့မီဒီယာကို ထုတ်မပြောသင့်ဆိုတဲ့စည်းကမ်းအရ ကျွန်တော်က ရေငုံထားနိုင်ခဲ့တယ်။ တခြားဖက်ကနေ ဖေါက်ချတယ်ဆိုပြီး သူမှန်-ကျွန်တော်မှားလုပ်တော့ ကြားကလူတွေက ဘယ်ဟာမှန်လဲ မသိဘူး ဖြစ်ကြရတာလဲ ရှိမယ်။ သံသယအကျိုးဆိုတာ ဆတူသာရလို့ မှန်တဲ့သူကနာတယ်။ ဗဟိုကော်မရှင်က ဘယ်သူ့ကိုမှ အရေးမယူပါ။ အဲတာလဲ နာမည်ဆိုးနဲ့ကျန်ရစ်တာက ကျွန်တော်။ ပုတ်ခတ်စွပ်စွဲသူတွေကိုတော့ ကြားလူတွေက ခင်မင်မပျက်၊ လေးစားမပျက်ကြပါ။
သူများပြဿနာဖြစ်တာကို သွားရည်တမြားမြားနဲ့ ရေးသားအားပေးခဲ့တဲ့ မီဒီယာဆိုတာလဲ ရှိခဲ့တယ်။ စာရင်းစစ်အစီရင်ခံစာ နဲ့ ကော်မရှင်ဆုံးဖြတ်ချက်ကိုတော့ တင်မပေးကြပါ။
မီဒီယာတွေကို ဖြေခဲ့ရတာတွေက မနည်းမနောရှိတယ်။ ဥပမာ ၂ဝဝ၇ သံဃာတော်များ အရေးအခင်းမှာ အိန္ဒိယမြို့ကြီး၊ မြို့ငယ်တွေဆီ အများကြီးသွားခဲ့ရတယ်။ ဒေါ်စုလွတ်လာချိန်မှာ ဒေလီရှိ တီဗွီပေါင်းစုံကို အစားပျက်၊ အအိပ်ပျက် ဆက်ဆက်သွားခဲ့ရတယ်။ မြန်မာမီဒီယာသမားတွေကြတော့ ကျွန်တော့်ကိုအင်တာဗျူးတာများလို့ အယ်ဒီတာတွေက ငြိုငြင်တာခံကြရမှန်းလဲ ပြန်မပြောဘဲသိပါတယ်။
ကျွန်တော်က အခြေခံအားဖြင့် အားနာတတ်တယ်။ အဲဒါ အားနည်းချက်ပါလို့ ထောက်ပြခဲ့တဲ့ သင်္ခန်းစာတွေက မနည်းလှဘူး။ နိုင်ငံရေး အဆုံးအဖြတ်မှာတော့ ခေါင်းမာတယ်။ လူမှုရေးမှာ နားလည်မှုပေးပြီး ခွင့်လွှတ်စိတ်မွေးနိုင်တာ ကောင်းမွန်ပေမဲ့၊ နိုင်ငံရေးမှာတော့ သူများမှားတာကို ခဝါချသလိုလုပ်ဘို့ မသင့်ဘူးလို့ ယူဆလို့ပါ။ ကျွန်တော်က စိတ်ဒုံးဒုံးချလိုက်ပြီဆိုရင်တော့ အဲလိုလူမျိုးကို လှည့်မကြည့်တော့ပါ။
ရေးချင်တာက တသက်တာမှတ်တမ်းမျိုးမဟုတ်ပါ။ တသက်တာ ဘာလုပ်သွားသလဲသာ ဖြစ်ချင်ပါတယ်။ ရေးတာတွေကို ဖတ်ကြတဲ့ လူရွယ်တွေ ကိုယ့်ထက် တော်တတ်ထူးချွန်သူတွေ ဖြစ်စေချင်တယ်။ နိုင်ငံရေးကို စိတ်ဝင်စားစေချင်တာက အညာမခံကြရစေချင်လို့ပါ။
ဒေါက်တာတင့်ဆွေ
၉-၉-၂ဝ၁၄

Comments
Post a Comment