10 Downing Street ဒေါင်းနင်း တဆယ် ဝင်ဖူးတယ်

ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ဒေါင်းနင်းလမ်းဆိုတာ ကြားကြားနေခဲ့ရတယ်။ ဗြိတိသျှနဲ့ ကျွန်တော်တို့နိုင်ငံက ရန်သူလည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်၊ ဆွေးမျိုးပါစပ်တယ်။ ဗြိတိသျှဝန်ကြီးချုပ်အဆက်ဆက်ရဲ့ တရားဝင်အလုပ်လုပ်တဲ့ ရုံးခန်းက လန်ဒန်မြို့ ဒေါင်းနင်းလမ်၊ အိမ်နံပတ် (၁ဝ) မှာရှိတော့ ကိုလိုနီခေတ်၊ ဒုတိယကမ္ဘာစစ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလနဲ့ လွတ်လပ်ရေးရပြီးနောက် ကနေ့အထိ ဒီအိမ်နံပတ်နဲ့ ရင်းနှီးနေကြတာပါ။

ကျွန်တော်လည်း ဒေါင်းနင်းလမ်း၊ ခြံအမှတ်တဆယ် (တစ်ဆယ် မဟုတ်) ထဲ ဝင်ဖူးတယ်။ စစ်အစိုးရလက်ထက်တွေမှာ ပြည်ပကနေ ဒီမိုကရေစီရေးကြိုးစားစဉ်ကပါ။ ယူအက်စ်မှာက ကျွန်တော်တို့ အဝေးရောက်စင်ပြိုင်အစိုးရရုံးရှိခဲ့တယ်။ ကျွန်တော်နေတာက နယူးဒေလီ။ ဝါရှင်တန်ဒီစီကို ၂၄ နှစ်အတွင်း ငါးခေါက်ရောက်တယ်။ အင်္ဂလန်မှာ ဒီမိုကရေစီရေး အစည်းအဝေးတွေ မလုပ်ခဲ့ရပါ။ ကျန်တဲ့ ဥရောပနိုင်ငံတွေကတော့ သဘောကောင်းကြတယ်။ နော်ဝေ၊ ဆွီဒင်နဲ့ အိုင်ယာလန်တို့က ထိပ်ဆုံးက။ ဒိန်းမတ်၊ နယ်သာလန်၊ ဂျာမဏီ၊ အီတလီ၊ ဆွစ်ဇာလန်၊ ပိုလန်၊ စတဲ့နိုင်ငံတွေကလည်း သဘောကောင်းရှာကြတယ်။ ပြင်သစ်ကိုတော့ နယ်စပ်မြို့သာရောက်တယ်။ ရုရှား၊ စပိန်နဲ့ ပေါ်တူကီနိုင်ငံတွေကိုတော့ မသွားခဲ့ရပါ။ မော်စကိုတော့ ထရတ်ဇစ် ၃-၄ ခါရောက်တယ်။ အမေရိကားသွားရင် ဈေးချိုတဲ့ အေရိုဖလုပ်စီးရလို့။

အင်္ဂလန်က ဗီဇာခက်တယ်။ ခက်တာကို ရအောင်လုပ်ရတဲ့အကျင့်က ပါနေပြီ။ ခရီးစရိတ်ကလည်း အလုပ်ခရီးကလွဲရင် မရှိတော့ ယူအက်စ်အေကအပြန်မှာ သူငယ်ချင်းရှိရာ လန်ဒန်ကို ဝင်လို့ရအောင် ဗြိတိသျှလေကြောင်းနဲ့သွားတယ်။ ၄-၅ ရက် နေခဲ့တယ်။ ဒေါင်းနင်းလမ်းကို တရားဝင်ရောက်ပါတယ်။ ဗြိတိသျှအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် တယောက်နဲ့ ချိန်းချက်ပြီး သွားတွေ့တာပါ။ အမှတ် (၁ဝ) ဘေးကပ်လျှက် တံခါးပေါက်ကနေ ဝင်ရတယ်။ စစ်အစိုးရ မကောင်းကြောင်းနဲ့ ကျွန်တော်တို့ကောင်းကြောင်းတွေ စီကာပတ်ကုံးပြောချတယ်။ ဒီမိုကရေစီနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တာဝန်ရှိသူတွေက မြန်မာပြည်အရေးကို ဘက်စုံကကြားအောင် နားထောင်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး