Sanctions မြန်မာနိုင်ငံနှင့် စီးပွားရေးပိတ်ဆို့မှု ပြဿနာ
Than Hlaing သန့်မြင့်ဦးကတော့ ဆန်ရှင် ဟာ မြန်မာပြည်တိုးတက်ဖို့အတွက် အထောက်အပံ့မဖြစ်ပဲ ကမ္ဘာမှာ ပိုအထီးကျန်သွားစေတယ်လို့ သူ့ရဲ့ The river of lost footsteps စာအုပ်ထဲမှာရေးထားပါတယ်။ လက်တွေ့မှာလည်း ခရိုနီတွေ အာဏာရှင်တွေဟာ ဆန်ရှင်ကိုမမှုပဲ ချမ်းသာပြီးရင်းချမ်းသာနေပါတယ်။ တကယ်ခံရတာက ပြည်သူလူထုပဲ ဖြစ်နေပါတယ်။ ဆရာရော ဆန်ရှင်တွေဟာ မြန်မာပြည်အတွက် ဘယ်လောက်အကျိုးပြုတယ်လို့ ယူဆပါသလဲ။
၁၃-၁၂-၂ဝ၁ဝ နေ့ကတည်းက ရေးထားပါတယ်။ အဲဒီတုံးကလည်း ကိုးကားတဲ့ မြန်မာပညာရှင်က ဒီပုဂ္ဂိုလ်ပဲဖြစ်တယ်။ ၂ဝ၁၅ မကုန်မီက ပို့စ်လား ကွန်မင့်လားတခုရပါတယ်။
Chaw Su = Sanction အကျိုးမရှိဘူးထင်ပါတယ်။ Dr. သန့်မြင့်ဦးရဲ့ The river of lost footsteps ထဲမှာ အတိအလင်းဆိုထားတာ ဖတ်ရပါတယ်။
ကျွန်တော့အမြင်က ပြောင်းပြန်ဖြစ်ပါတယ်။ ဆောရီး။ ကျွန်တော်ရေးစဉ်က မြန်မာပြည်မှာ အပြင်ကစာတွေကို ဖတ်မရကြသေးပါ။ အင်္ဂလိပ်လိုအရင်ရေးပြီး နယူးဒေလီ India Internal Center မှာ ပြောခဲ့ပါတယ်။ အမေရိကန် ဆန်ရှင် ရုပ်သိမ်းသင့်ကြောင်းအဆို လွှတ်တော်မှာ ရှုံးနိမ့်သွားသတင်းထွက်တဲ့နေ့မှာ ပြန်တင်ပါတယ်။ ကျွန်တော်က နိုင်ငံခြားသားပရိသတ်အတွက် အင်္ဂလိပ်လိုရေးပါတယ်။ (ဂါမဏိ) ကနေ ဘာသာပြန်ပေးထားတာပါ။
မြန်မာနိုင်ငံမှာ (အာစီယန်) နဲ့ဆိုင်တဲ့အစည်းအဝေးကျင်းပနေစဉ်က မြန်မာပြည်သူတွေက အမေရိကန်သမတရဲ့ Air Force One ကိုစိတ်ဝင်စားကြတယ်။ မြန်မာ-အမေရိကန် ဆက်ဆံရေးမှာ (ဆန်ရှင်) မပါလို့ မဖြစ်ပါ။
အာဏာရှင်တို့၏ စီးပွားရေး တလွဲတချော် စီမံခန့်ခွဲမှုနှင့် နိုင်ငံအချို့၏ ချော့မြှူရေးပေါ်လစီကို လျစ်လျူရှုကာ၊ အာဟာရ ချို့တဲ့နေသည့် ကလေးသူငယ်များ၊ သန်းနှင့်ချီသည့် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ နှင့် ဒုက္ခသည်များကို လက်ညှိုးထိုးပြီး၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကို အပြစ်ဆိုချင်သူများ ရှိနေပါသည်။ သို့ရာတွင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံအကြောင်း ပြောရာတွင် ပညာရှင်အမြင်၊ စစ်အစိုးရဘက်မှ ရှေ့နေ လိုက်သူများအမြင်နှင့် စီးပွားရေးသမားများဘက်မှ ရှေ့နေလိုက်သူများ အမြင်တို့မှာ နိုင်ငံရေးအမြင်နှင့် အကြီးအကျယ် ကွဲလွဲနေပါသည်။
နှစ်ပတ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ နှစ်ကြိမ်-သုံးကြိမ်သွားရောက်၊ အင်္ဂလိပ်စကား ပြောတတ်သည့် မြန်မာလူမျိုး အနည်းငယ်ကို အင်တာဗျူးပြီး ရေးထုတ်လိုက်သည့် စာတမ်းများမှာ မည်သို့ အဆင့်ရှိမည်ကို နားလည်ယူနိုင်သည်။ တချိန်တည်းတွင် နိုင်ငံရေး နောက်ခံရှိသူ သို့မဟုတ် မရှိသူ အဆင့်မြင့် ပညာတတ် မြန်မာပြည်သားများကလည်း စစ်အုပ်စု အတွက် လျှောက်လဲချက် ပေးနေကြသည်။ မည်သို့ပင်ရှိစေ ဗိုလ်ချုပ်ကြီး နေဝင်း ပြုတ်ကျသွားချိန်နှင့် စစ်ထောက်လှမ်းရေးမှူးချုပ် ခင်ညွန့် ပြုတ်ကျသွားချိန်များတွင် အလားတူ မြန်မာလူမျိုး အများအပြား မြောင်းထဲ ရောက်သွားခဲ့ကြပါသည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုများ ဘာကြောင့် ချမှတ်ထားပါသနည်း။
(၁) ၁၉၈၈ ခုက ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ရက်စက် ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့မှု၊
(၂) ၁၉၈၈ ခုနောက်ပိုင်း လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၊
(၃) ၁၉၉၆ ခုတွင် နိုင်ငံခြား သံတမန်တဦးကို အကျဉ်းထောင်တွင်း၌ သတ်ဖြတ်ပစ်မှု၊
(၄) အိုင်အယ်လ်အိုမှ မှတ်တမ်းယူထားသည့် ၂ဝဝ၁ ခုနောက်ပိုင်း အဓမ္မလုပ်အားပေးစေခိုင်းမှုများ၊
(၅) ၂ဝဝ၃ ခု နောက်ပိုင်း ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးရငွေများကို တရားဝင်-စီးပွားရေးထဲ သွင်းမှုများ၊
(၆) ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ထပ်ခါတလဲလဲ ဖမ်းဆီး-ထိန်းသိမ်းမှုများ၊
(၇) ၂ဝဝ၃ ခု ဒီပဲယင်း လူသတ်ပွဲ၊
(၈) ၂ဝဝ၇ ခု သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲကို ရက်စက်စွာနှိမ်နင်းမှုတို့ ဖြစ်ပါသည်။
နိုင်ငံအနှံ့ ဖြစ်ပွားခဲ့သည့် ၈ လေးလုံး အရေးတော်ပုံကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့သည့်အခါ တာဝန်သိ နိုင်ငံ အားလုံးက ပြစ်တင်ရှုတ်ချခြင်း၊ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခြင်း၊ ကန့်သတ်ခြင်း စသည့် သင့်လျော်ပြီး ဖြစ်နိုင်ခြေ ရှိသော ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂအထွေထွေ ညီလာခံနှင့် လူ့အခွင့်အရေးကော်မရှင်တို့က မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ၁၉၉၂ ခုမှ ၂ဝ၁ဝ ခုအထိ နှစ်စဉ်နှစ်တိုင်း ချမှတ်ခဲ့သည်။
၁၉၉၆ ခု ဇွန်လ ၂၂ ရက်တွင် ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင် နှင့် ဆွစ်ဇာလန်နိုင်ငံများ၏ ကောင်စစ်ဝန် (ဂျိမ်း လီရင်ဒါ နစ်ခိုးလ်) ကို မိတ္တူပို့စက် (ဖက်စ်စက်) လက်ဝယ်တွေ့ရှိမှု ဟူသော ရာဇဝတ်မှုဖြင့် ဖမ်းဆီး-အကျဉ်းချပြီး နှိပ်စက် ညှဉ်းပန်းခဲ့၍ သေဆုံးသွားခဲ့သည်။ ၁၉၉၆ ခု ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်-တက္ကသိုလ် နှင့် ရန်ကုန်-စက်မှုတက္ကသိုလ်တို့မှ ကျောင်းသား တထောင်ကျော် ဆန္ဒပြခဲ့ရာ ရာနှင့်ချီ၍ အဖမ်းခံရပြီး ကျောင်းအားလုံး ပိတ်ပစ်ခဲ့သည့်နောက် (ကားလ်စ်ဘဂ်) ကုမ္ပဏီ (ဒိန်းမတ်နိုင်ငံ) က ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး (ဟင်နီကင်) ကုမ္ပဏီ (နယ်သာလန်) က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၃ဝ ရင်းနှီးထားမှုမှ ဆုတ်ခွာကြောင်း ကြေညာခဲ့သည်။ ၁၉၉၇ ဇန်နဝါရီ ၂၈ ရက်တွင် (ကိုဒတ်)၊ (အက်ပယ်လ်)၊ (ဝေါ့လ်ဒစ်စနီ) နှင့် (ပက်ပ်ဆီ) ကုမ္ပဏီများက မြန်မာနိုင်ငံမှ လုံးဝရုပ်သိမ်းကြောင်း ကြေညာခဲ့ကြသည်။
ဥရောပသမဂ္ဂက ၁၉၉၆ ခု အောက်တိုဘာလတွင် မြန်မာနိုင်ငံအပေါ် လက်နက်ပိတ်ဆို့မှုကိုလည်းကောင်း၊ ဘုံရပ်တည်ချက် ကိုလည်းကောင်း သဘောတူ ချမှတ်ခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံအပေါ် အီးယူ၏ ဘုံရပ်တည်ချက် ထဲတွင် လက်နက်များနှင့် လက်နက် နည်းပညာများ ရောင်းချမှု သို့မဟုတ် လွှဲပြောင်းပေးမှုကို တားမြစ်ခြင်း၊ စစ်အစိုးရ အဖွဲ့ဝင်များ မိသားစုများ လက်ဝေခံအပေါင်းအသင်းများအပေါ် ဗီဇာကန့်သတ်ခြင်း၊ စစ်အစိုးရ အရာရှိများ၏ ပင်လယ်ရပ်ခြား ပိုင်ဆိုင်မှုများကို ပိတ်ဆို့ထိန်းချုပ်ခြင်းများ ပါဝင်ခဲ့သည်။
၁၉၉၆ ခု စက်တင်ဘာ ၃ဝ ရက်တွင် အမေရိကန်သမတ ကလင်တန်က ၁၉၉၇ နိုင်ငံခြား လုပ်ငန်းခန့်ခွဲမှု ဥပဒေကြမ်း ကို လက်မှတ်ထိုး အတည်ပြုပြီး၊ ကယ်ဆယ်ရေး အကူအညီနှင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ရည်ရွယ်ချက်မှလွဲ၍ မြန်မာနိုင်ငံသို့ အမေရိကန်၏ အကူအညီကို တားမြစ်လိုက်သည်။ (အီးယူ) မှ ကျောထောက် နောက်ခံပေးထားသည့် လေ့လာချက် တခုအရ မြန်မာပြည်တွင် အဓမ္မလုပ်အားပေး စေခိုင်းခံရသူ ၈ဝဝဝဝဝ (ရှစ်သိန်း) ရှိနေကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ၁၉၉၇ ခု မတ်လ ၂၅ ရက်တွင် (အီးယူ) နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာနိုင်ငံအတွက် အထွေထွေ ဦးစားပေး စနစ် GSP အကျိုးခံစားခွင့် များကို ပယ်ဖျက်ပစ်ဖို့ မဲပေးဆုံးဖြတ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ တိုးတက်မှု ကင်းမဲ့နေခြင်းကို ထောက်ပြလျက် ကနေဒါနိုင်ငံကလည်း ၁၉၉၇ ခု ဇူလိုင် ၂၈ ရက်တွင် မြန်မာနိုင်ငံအတွက် GSP အကျိုး ခံစားခွင့် များကို ဖယ်ရှားပစ်ခဲ့သည်။
၁၉၉၇ ခု စက်တင်ဘာ ၂၃ ရက်တွင် (တက်စ်ကို) အမေရိကန် ရေနံကုမ္ပဏီက မြန်မာနိုင်ငံရှိ ရဲတံခွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေမှ ၄င်း၏ ရှယ်ယာ ၄၂. ၉% ကို (ပက်ထရိုးနာ့စ်) မလေးရှားကုမ္ပဏီ နှင့် (ပရီမီယာ) ရေနံ ဗြိတိသျှ ကုမ္ပဏီ သို့ ဒေါ်လာသန်း ၂၆ဝ ဖြင့် ရောင်းပစ်ခဲ့သည်။
မြန်မာနိုင်ငံက ယခင် ချေးငွေများကို ပြန်မဆပ်သဖြင့် ၁၉၉၈ ခု စက်တင်ဘာ ၄ ရက်တွင် WB ကမ္ဘာ့ဘဏ်က မြန်မာပြည်နှင့် ဘဏ္ဍာရေး အဆက်အသွယ်များကို ဖြတ်တောက်လိုက်သည်။
၂ဝဝ၃ ခု မေလ ၃ဝ ရက်နေ့ညနေတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို ကြံ့ဖွတ်အသင်း၏ လက်ကိုင်တုတ် ဖြစ်သော စွမ်းအားရှင်များက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသည်။ (နအဖ) က လူသတ်သမားများ၊ အကြမ်းဖက်မှု ကျူးလွန်သူများကို အရေးယူမှုမရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူ ၁၉ ဦးကိုသာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး၊ တနိုင်ငံလုံးရှိ (အဲန်အယ်လ်ဒီ) ပါတီရုံးများကိုလည်း ပိတ်ပစ်ခဲ့သည်။
၂ဝဝ၃ ခု ဇွန်လ ၆ ရက်နေ့တွင် အမေရိကန်သမတ ဘွတ်ရှ်အစိုးရက ကြံ့ဖွတ်အသင်းဝင်များကိုပါ ဗီဇာပိတ်ဆို့ လိုက်သည်။ ၂ဝဝ၃ ခု ဇွန်လ ၁၁ ရက်တွင် အမေရိကန် အထက်လွှတ်တော်က (၂ဝဝ၃ မြန်မာပြည် လွတ်လပ်ရေး နှင့် ဒီမိုကရေစီ အက်ဥပဒေ) ကို ချမှတ်လိုက်ပြီး၊ မြန်မာနိုင်ငံအနေဖြင့် အချက်အလက် အချို့ကို မဖြည့်ဆည်းမချင်း မြန်မာနိုင်ငံမှ သွင်းကုန် အားလုံးကို တားမြစ်ခြင်း၊ မြန်မာစစ်အစိုးရ၏ ပိုင်ဆိုင်မှုများ အစိုးရနှင့် ဆက်နွယ်သူများ၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ ထိန်းချုပ်ခြင်း၊ လက်ရှိ ဗီဇာတားမြစ်ချက်နှင့် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ ငွေချေးမှု တားမြစ်ချက် တို့ကို ဥပဒေအဖြစ် အသက်သွင်းခြင်းများ ပြုလုပ်လိုက်သည်။
၂ဝဝ၃ ခု ဇွန်လ ၁၆ ရက်တွင် အီးယူ-ကောင်စီက ပစ်မှတ်ပုဂ္ဂိုလ်များ စာရင်းကို တိုးချဲ့လိုက်ပြီး ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ဝန်ကြီးဟောင်းများနှင့် အထက်တန်း စစ်အရာရှိများ၏ မိသားစုဝင်များကို ထည့်သွင်းလိုက်သည်။ ၂ဝဝ၃ ခု ဇွန် ၂၄ ရက် တွင် ဂျပန်နိုင်ငံက စီးပွားရေး အကူအညီအားလုံး ရပ်ဆိုင်းလိုက်ပြီး မြန်မာနိုင်ငံအတွက် လက်ရှိ ဆောင်ရွက်နေဆဲ စီမံကိန်းများ မှလွဲ၍ တရားဝင် ဖွံ့ဖြိုးရေးအကူအညီ ODA အသစ်ပေးမှုကို ရပ်တန့် လိုက်သည်။ ၂ဝဝ၃ ခု ဇွန်လ ၂၅ ရက် တွင် အီးယူက ခရီးသွားလာရေး ပိတ်ဆို့ဒဏ်ခတ်မှုကို တိုးချဲ့ကာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများမှ အကြီးတန်း မန်နေဂျာများ၊ မြန်မာစစ်အစိုးရနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ထည့်သွင်းလိုက်သည်။
၂ဝဝ၃ ခု စက်တင်ဘာ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မီးယပ်ရောဂါအတွက် အကြီးစားခွဲစိတ် ကုသမှု ခံယူခဲ့ပြီး ပြန်လည် နလံထသည့်အခါ အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။ ၂ဝဝ၃ ခု နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမေရိကန် ပြည်ထောင်စု မျိုးချစ်-အက်ဥပဒေ ပုဒ်မ ၃၁၁၁ အရ မြန်မာနိုင်ငံနှင့် မြန်မာဘဏ် နှစ်ခုကို ငွေမည်း ခဝါချမှုအတွက် စိုးရိမ်ရသည့်အဆင့် သတ်မှတ်လိုက်သည်။ ၂ဝဝ၄ ခု အောက်တိုဘာ ၂၅ ရက်တွင် အီးယူ-ကောင်စီက ခရီးသွားလာရေး ပိတ်ပင်မှုကို တိုးချဲ့ကာ မြန်မာ စစ်တပ်၏ အဆင့်နိမ့် အဖွဲ့ဝင်များကို ထည့်သွင်း လိုက်ပြီး မြန်မာနိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအား ဘဏ္ဍာငွေချေးငှားမှု သို့မဟုတ် အကြွေးပေးမှုကို တားမြစ်လိုက်သည်။
ဆန္ဒပြ ဗုဒ္ဓဘာသာ ရဟန်းတော်များကို ၂ဝဝ၇ ခု စက်တင်ဘာလတွင် သွေးထွက်သံယို နှိမ်နင်းခဲ့ပြီးနောက် ၂ဝဝ၈ ခု ဇူလိုင် ၂၉ ရက်တွင် စစ်အုပ်စု၏ ဒီမိုကရေစီ ဆန့်ကျင်ရေး JADE အက်ဥပဒေကို ချမှတ်လိုက်သည်။ ထိုကာလက ကျောက်မျက် ရတနာများသည် မြန်မာနိုင်ငံအတွက် ဝင်ငွေရရာ တတိယအကြီးဆုံး ဇာစ်မြစ် ဖြစ်နေသောကြောင့် ယင်းသို့ ချမှတ်ခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံသည် ၁၉၈၈ ခုကတည်းက ချမှတ်ခဲ့သည့် ကာကွယ်ရေးဆိုင်ရာ ပို့ကုန်များ တားမြစ်မှုနှင့် နောက်ပိုင်းတွင် ချမှတ်ခဲ့သည့် အကြီးတန်း စစ်အုပ်စုခေါင်းဆောင်များအပေါ် ဗီဇာကန့်သတ်မှုများကို ဆက်လက် ထိန်းထားလျက် ၂ဝဝ၇ ခု အောက်တိုဘာလတွင် မြန်မာစစ်ဗိုလ်ချုပ်များနှင့် မိသားစုများအပေါ် ဘဏ္ဍာရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ထုတ်ပြန် ကြေညာလိုက်သည်။ ကနေဒါနိုင်ငံကလည်း ၂ဝဝ၇ ခု နိုဝင်ဘာလတွင် စီးပွားရေး ဒဏ်ခတ် အရေးယူမှုများ ချမှတ်လိုက်ပြီး လူသားချင်း စာနာရေး ပစ္စည်းများမှလွဲ၍ မြန်မာနိုင်ငံဆိုင်ရာ ပို့ကုန်-သွင်းကုန်များကို ပိတ်ပင်လိုက်သည်။
ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးဒဏ်ခတ်အရေးယူမှု
ဆင်းရဲမွဲတေမှုအတွက် စီးပွားရေး-ပိတ်ဆို့ဒဏ်ခတ်မှုများကို အပြစ်တင်သူများရှိသည်။ သို့ရာတွင် မြန်မာနိုင်ငံသည် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ဟုဆိုသည့် တံခါးပိတ် စီးပွားရေး ပေါ်လစီ အောက်တွင် ၁၉၈၇ ခုကတည်းက ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ LDC ဖြစ်နေခဲ့ရာ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများထက် စောခဲ့ပြီး၊ ယခု အနှစ် ၂ဝ ကြာ တံခါးဖွင့် ဈေးကွက်စီးပွားရေး ဖြတ်သန်း ခဲ့သော်လည်း LDC အဆင့်မှ မလွတ်မြောက် နိုင်ခဲ့ပေ။
(ဆူးအက်) တူးမြောင်းကြောင့် အစောပိုင်းနှစ်ကာလများ၌ မြန်မာနိုင်ငံသည် ဆန်တင်ပို့မှုဖြင့် ချမ်းသာခဲ့ရာ သဘာဝ သယံဇာတများမှာ မတို့ထိဘဲ ရှိခဲ့သည်။ ၂ဝဝ၇-၂ဝဝ၈ တွင် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၂၆ဝဝ ခန့် ရခဲ့သည်။ ရွှေဓာတ်ငွေ့သိုက်မှ နှစ် ၂ဝ စာချုပ်ဖြင့် ဒေါ်လာ သန်း ၂၄ဝဝဝ (တနှစ်လျှင် ဒေါ်လာ သန်း ၁၂ဝဝ) ရထားသည်။ (ကာကွယ်ရေးဝန်ကြီးဌာန စစ်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးက ၄ဝ%၊ စစ်အုပ်စု ဘက်သားများက ၆ဝ% ပိုင်သည့်) ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လိမိတက်က ကျောက်မျက် ရတနာ ရောင်းချမှု ၆ဝ% ကိုရရှိသည်။ ခြောက်လတကြိမ် ကျောက်မျက် ရောင်းချမှုမှ ဝင်ငွေ ဒေါ်လာသန်း ၁ဝဝ ခန့်ရသည်။
နိုင်ငံခြားငွေ အရံ ဒေါ်လာသန်း ၆ဝဝဝ ကျော်ရှိနေရာ မြန်မာနိုင်ငံတွင် ပြည်သူတို့၏ ဘဝများကို ပြောင်းလဲ သွားအောင် လုပ်နိုင်သည့် ဘဏ္ဍာရေး ရင်းမြစ်များရှိနေသည်။ သို့သော် စစ်အုပ်စုသည် မြောက်ကိုးရီးယား အကူအညီဖြင့် ဥမင်လှိုဏ်ခေါင်း ကွန်ယက်ကြီးကို ဒေါ်လာသန်း ၃ဝဝဝ သုံးစွဲ တည်ဆောက်နေသည်။ မြန်မာ လေတပ်အတွက် ရုရှား လုပ် အမ်အိုင်ဂျီ-၂၉ လေယာဉ်များ ဝယ်ရန် ယူရိုငွေသန်း ၄ဝဝ သုံးခဲ့သည်။ သို့ရာတွင် ကျန်းမာရေးအတွက် အစိုးရအ သုံးစရိတ်မှာ ဂျီဒီပီ၏ ၁% မရှိဘဲ ပညာရေးအတွက်လည်း ၂% မရှိခဲ့ပေ။ တချိန်တည်းတွင် စစ်အသုံးစရိတ်မှာမူ (၂ဝဝ၃-၂ဝဝ၄ တွင်) ၄ဝ% ကျော်ခဲ့သည်။ (ဝီကီလိခ်) ကြေးနန်းများအရ စစ်အစိုးရသည် ရေနံနှင့်ဓာတ်ငွေ့မှ ဝင်ငွေများ တိုးတက် ရရှိခဲ့သော်လည်း မြန်မာ ပြည်သူတို့၏ ဘဝကို တိုးတက်အောင် ဘာမှမလုပ်ခဲ့ကြောင်း တရုတ်သံအမတ်ကြီး ကိုယ်တိုင် ၂ဝဝ၈ ခု ဇန်နဝါရီ ၁၈ ရက်တွင် ဝန်ခံခဲ့သည်။
ကျန်းမာရေး ပညာရှင်များကလည်း စီးပွားရေးဒဏ်ခတ်မှု၏ အကျိုးသက်ရောက်မှုကို ဆွေးနွေး ငြင်းခုံကြပါသည်။ ပြင်းထန်သည့် ဆင်ဆာဖြတ် စိစစ်မှုကြောင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ သာမက စီးပွားရေး ညွှန်းကိန်းများနှင့် ကျန်းမာရေး စာရင်းအင်းများ အပါအဝင် အချက်အလက် အားလုံးကို အမြဲယုံကြည်နိုင်စွမ်းမရှိ သို့မဟုတ် အားကိုးနိုင်ခြင်းမရှိ ဖြစ်နေပါသည်။ စီးပွားရေးဒဏ်ခတ်မှု ဆန့်ကျင်ရေးဂိုဏ်းသားများက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု များကြောင့် ပြည်သူများ သေဆုံးနေရသည်ဟု ဆိုသည်။ သို့သော် WHO/UNICEF မှအချက်အလက်များအရ ၅ နှစ် အောက် ကလေးသူငယ်သေဆုံးနှုန်းမှာ ၁၉၉ဝ ခုတွင် လူ ၁ဝဝဝ ၌ ၁၂ဝ-၁၃ဝ ရှိပြီး၊ ၂ဝဝ၈ ခုတွင် ၉၇-၉၈ သို့ ကျဆင်း သွားခဲ့သည်။
ဗဟိုစာရင်းအင်းအဖွဲ့၏ စာရင်းများအရလည်း ၅ နှစ်အောက် ကလေး-သူငယ်-မွေးကင်းစ သေပျောက်နှုန်းမှာ ၁၉၉ဝ အဆင့်နှင့် နှိုင်းစာလျှင် ကျဆင်းသွားသည်ကို ပြခဲ့သည်။ ဗီတာမင်အေ ဖြည့်စွက်တိုက်ကျွေးခြင်း အပါအဝင် ကာကွယ်ဆေး ပေးမှုနှုန်း မြင့်တက်လာကြောင်း၊ လူ့သက်တမ်းမှာ ၅၉ နှစ်မှ ၆၂ နှစ်သို့ မြင့်တက်လာကြောင်း၊ (အိတ်ခ်ျအိုင်ဗီ) ဖြစ်ပွားမှုမှာ ၉ဝ စုနှစ်များနှောင်းပိုင်းတွင် ၁. ၅% မှ မကြာသေးမီ နှစ်များအတွင်း ဝ ၇၄% သို့ ကျဆင်းသွားကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့လေ၏။
အကယ်၍ စီးပွားရေး ပိတ်ဆို့မှုဆန့်ကျင်ရေးသမားများ ပြောသလို ယင်းဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ကလေးငယ်များ သေဆုံးနေသည် ဆိုပါက အထက်ပါ ကိန်းဂဏန်းများမှာ မယုံနိုင်စရာ ဖြစ်နေလေ၏။ စီးပွားရေး-ပိတ်ဆို့မှုများက ပြည်သူ လူထု၏ ကျန်းမာရေး အဆင့်အတန်းကို ပျက်ပြားစေသည်ဖြစ်စေ၊ တိုးတက်စေသည်ဖြစ်စေ၊ ၂ဝဝဝ ခုနှစ် အစောပိုင်းမှစ၍ မြန်မာပြည်၏ ကျန်းမာရေးစနစ်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၂ နိုင်ငံအနက် အဆင့် ၁၉ဝ ရှိသည်ဟု WHO ကမ္ဘာ့ ကျန်မာရေး အစီရင်ခံစာတွင် သတ်မှတ်ထားသည်။
၂ဝ၁ဝ ခု ကမ္ဘာ့ကျန်းမာရေးစာရင်းအင်းများတွင် ပါရှိသည့် မြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်ကို စာရင်းထဲတွင် ကပ်လျက်ရှိသည့် (မ) နှင့်စသော နိုင်ငံတနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်လျှင် စိတ်ဝင်စားစရာ ကောင်းလှပါသည်။
• (ဂျီဒီပီ) ထဲတွင် ကျန်းမာရေး အသုံးစရိတ် ရာခိုင်နှုန်း၊ (မိုဇမ်ဘစ်) ၅့၉ (၂ဝဝဝ ခုနှစ်)၊ မြန်မာ ၂့၁ (၂ဝဝဝ ခုနှစ်) နှင့် ၁့၉ (၂ဝဝ၇ ခုနှစ်)၊
• ကျန်းမာရေးအသုံးစရိတ် စုစုပေါင်းထဲတွင် အထွေထွေ အစိုးရပိုင်း၏ အသုံးစရိတ် ရာခိုင်နှုန်း၊ (မိုဇမ်ဘစ်) ၇၁့၉ (၂ဝဝဝ ခုနှစ်) နှင့် ၇၁့၈ (၂ဝဝ၇ ခုနှစ်)၊ မြန်မာ ၁၃့၎ (၂ဝဝဝ ခုနှစ်) နှင့် ၁၁့၇ (၂ဝဝ၇ ခုနှစ်)၊
• ကျန်းမာရေး အသုံးစရိတ် စုစုပေါင်းထဲတွင် ပုဂ္ဂလိကပိုင်း၏ အသုံးစရိတ် ရာခိုင်နှုန်း၊ (မိုဇမ်ဘစ်) ၂၈့၁ (၂ဝဝဝ ခုနှစ်) နှင့် ၂၈့၂ (၂ဝဝ၇ ခုနှစ်)၊ မြန်မာ ၈၆့၆ (၂ဝဝဝ ခုနှစ်) နှင့် ၈၈့၃ (၂ဝဝ၇ ခုနှစ်)၊
• အထွေထွေအစိုးရအသုံးစရိတ် စုစုပေါင်းထဲတွင် ကျန်းမာရေးအတွက် အသုံးစရိတ်ရာခိုင်နှုန်း၊ (မိုဇမ်ဘစ်) ၁၇့၉ (၂ဝဝဝ ခုနှစ်) နှင့် ၁၂့၆ (၂ဝဝ၇ ခုနှစ်)၊ မြန်မာ ၁့၂ (၂ဝဝဝ ခုနှစ်) နှင့် ဝ့၉ (၂ဝဝ၇ ခုနှစ်)၊
• ကျန်းမာရေးအသုံးစရိတ် စုစုပေါင်းထဲတွင် ပြင်ပရင်းမြစ်များပါဝင်မှု ရာခိုင်နှုန်း၊ (မိုဇမ်ဘစ်) ၂၆့၎ (၂ဝဝဝ ခုနှစ်) နှင့် ၅၇့၈ (၂ဝဝ၇ ခုနှစ်)၊ မြန်မာ ၁့၁ (၂ဝဝဝ ခုနှစ်) နှင့် ၇့၆ (၂ဝဝ၇ ခုနှစ်)။
မြန်မာနိုင်ငံနှင့် ပိုမိုတိုးမြှင့်ကုန်သွယ်ခြင်းသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဆီ ဦးတည်သွားဖို့ အလားအလာ မရှိပေ။ အကြောင်းမှာ စီးပွားရေး လုပ်ငန်းအများစုကို စစ်အုပ်စုနှင့် လက်ဝေခံ ရောင်းရင်းများက ချုပ်ကိုင် ထားသောကြောင့် ဖြစ်သည်။ ကုန်သွယ်ရေး တိုးမြှင့်မှုမှ ပေါက်ဖွားလာမည့် ဓနဥစ္စာများသည် သာမန် လူတန်းစားများထံ လျှံကျ စီးထွက်သွား လိမ့်မည်ဟု ယူဆစရာအကြောင်း မရှိပါ။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်သို့ အကြွေးဆပ်ရန် ပျက်ကွက်ထားသဖြင့် နိုင်ငံစုံ ဌာနစုံမှ ငွေချေးငှားမှု အကူအညီ ရဖို့ အရည်အချင်း မကိုက်ညီပေ။ သို့ဖြစ်၍ စစ်အစိုးရကိုယ်၌က စီးပွားရေး-ပိတ်ဆို့မှုများကို တကယ်တန်း ချမှတ်ထားသူ ဖြစ်နေပါသည်။
စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အကျိုးပြုခဲ့သည်ဟူသော အဆိုမှာ လက်ခံနိုင်စရာ ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သူမ စာရေးပြီး စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရေး အတွက် ကူညီမည်ဟု ကမ်းလှမ်းခဲ့သည်။ သူမ လွတ်လာပြီးနောက်တွင် (ပြည်သူလူထုက စီးပွားရေး-ပိတ်ဆို့မှုများကို တကယ် ဖယ်ရှားစေလိုလျှင် ကျမ စဉ်းစားပေးပါမည်) ဟု ပြောခဲ့သည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားလိုက်လျှင်
• ဆန္ဒပြပွဲများကို မဖြိုခွင်း မနှိမ်နင်းတော့ဟု မည်သူက အာမခံနိုင်မည်နည်း။
• အဓမ္မလုပ်အားပေး လုပ်ရပ်များ မပြုလုပ်တော့ဟု မည်သူက အာမခံနိုင်မည်နည်း။
• လူ့အခွင့်အရေး ဖောက်ဖျက်မှုများ လုံးလုံးမရပ်သော်မှ လျော့ကျသွားပြီလား။ ၂ဝ၁ဝ ခု နိုဝင်ဘာ ၁၈ ရက်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာဆုံးဖြတ်ချက်ကို အတည်ပြုချ မှတ်စဉ်က မြန်မာပြည်တွင် လူ့အခွင့်အရေးအခြေအနေ တိုးတက်လာပြီဟု ၁၉၂ နိုင်ငံထဲတွင် တနိုင်ငံကမှ မပြောခဲ့ပါ။
• ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် အတိုက်ခိုက်မခံရဖို့ သို့မဟုတ် အဖမ်းမခံရဖို့ သို့မဟုတ် လုပ်ကြံသတ်ဖြတ်မခံရဖို့ မည်သူက အာမခံနိုင်သနည်း။ ၂ဝဝ၃ ခု မေ ၃ဝ ရက် လူသတ်ပွဲကို စွမ်းအားရှင်အမည်ခံ၍ ကြံ့ဖွတ်အသင်းက စီစဉ် ကြီးမှူးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြံ့ဖွတ်အသင်းမှာ ရွေးကောက်ပွဲမတိုင်မီတွင် ကြံ့ဖွတ်ပါတီအဖြစ် အသွင်ပြောင်းခဲ့ကြောင်း၊ ကြံ့ဖွတ် အဖွဲ့ဝင်များသည် အစိုးရအဖွဲ့ထဲတွင်လည်းကောင်း၊ လွှတ်တော်ထဲတွင်လည်းကောင်း ဆက်ထိုင်နေကြမည် ဖြစ်ကြောင်းကို မှတ်သားစေလိုပါသည်။
ဘွင်းဘွင်းရှင်းရှင်း မေးစရာများရှိသည့်
၁။ ၁၉၈၈ ခု စက်တင်ဘာ ၂၃ ရက်မှစတင်ခဲ့သည့် လက်နက်ပိတ်ဆို့မှုသည် အရပ်သားပြည်သူ သန်း ၅ဝ ကို ထိခိုက် နေသလား။
၂။ ၁၉၉၆ ခု အောက်တိုဘာ ၂၅ ရက်မှစတင်ခဲ့သည့် အကောင်ကြီးကြီး ၄ဝဝ ကျော်ကို ဗီဇာပိတ်ပင်ခြင်းသည် ပြည်သူ လူထုကို ထိခိုက်နစ်နာနေသလား။
၃။ ၁၉၈၉ မှစတင်ခဲ့သည့် အမေရိကန်ဒေါ်လာသုံး ဘဏ်လုပ်ငန်းကန့်သတ်ချက်သည် မြန်မာအများစုကို ထိခိုက်နေ သလား။
စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုသည် ယခုအချိန်ထိ အလုပ်ဖြစ်ပုံမရပါ။ သို့သော် မည်သည့်အတွက်ကြောင့် ပိတ်ဆို့ ဒဏ်ခတ်ရေးဂိုဏ်းသားများကို လက်ညှိုးထိုး အပြစ်ဆိုနေပါသနည်း။ ထိတွေ့ဆက်ဆံရေးပေါ်လစီ ကျရှုံး သွားသည် မှာလည်း အမှန်ပင်ဖြစ်သည်။ တရုတ်၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့က မြန်မာပြည်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ လောင်းထည့် နေခြင်းကြောင့် အနောက်အုပ်စု၏ ပိတ်ဆို့တားမြစ်မှုများ သိပ်မထိရောက်ဘဲ ဖြစ်နေသည်။
တရုတ်ပြဿနာ
အနောက်တိုင်း၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် မြန်မာစစ်အစိုးရသည် တရုတ်ပြည်အပေါ် ပိုမှီခိုလာရသည် ဖြစ်၍ ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ပါက တရုတ်အပေါ်မှီခိုမှု ပျောက်ကွယ်သွားမည်ဟု ယူဆချက်များ ရှိနေသည်။ စီးပွားရေး ပိတ်ဆို့မှုများ မစတင်မီ ၁၉၈၈ ခုကတည်းက ၁၉၈၈ ခု သြဂုတ် ၅ ရက်နေ့တွင် ယူနန် ပြည်နယ် ဒုအုပ်ချုပ်ရေးမှူးနှင့် တရားဝင် နယ်စပ်ကုန်သွယ်ရေး လုပ်ဖို့ သဘောတူ လက်မှတ်ထိုးမှု၊ ထို့နောက်တွင် လက်နက်ရောင်းချမှုများနှင့် ၁၉၈၉ ခု ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲမှုတို့နှင့်အတူ မြန်မာနှင့် တရုတ်အကြားဆက်ဆံရေး ကြီးမားစွာ နွေးထွေး လာခဲ့သည်။ ၁၉၈၉ ခုမှစ၍ တရုတ်နိုင်ငံက မြန်မာစစ်အစိုးရ၏ စစ်ပစ္စည်းကရိယာ ၉ဝ% ကို ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း ၂ဝဝ၇ ခု နိုဝင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ (ကျင်ကန်း) က ငြိမ်းချမ်း တည်ငြိမ်ပြီး ဒီမိုကရေစီ ကျင့်သုံးသည့် မြန်မာနိုင်ငံဖြစ်လာဖို့ ကျွန်ုပ်တို့ မျှော်လင့်သည်၊ သို့ရာတွင် စီးပွားရေးပိတ်ဆို့မှုများကို ကျွန်ုပ်တို့ ဆန့်ကျင်သည်ဟု ထပ်လောင်းပြောခဲ့သည်။ သို့ဖြစ်ရကား စီးပွားရေး ပိတ်ဆို့မှုများ ဖျက်သိမ်းလိုက်ပါက တရုတ်နိုင်ငံက ဝမ်းသာပါလိမ့်မည်။
စီးပွားရေး-ပိတ်ဆို့မှုများကို မည်သူတို့က ဖယ်ရှားစေချင်ပါသနည်း။ ထိုသူတို့က စိတ်ရင်းစေတနာဖြင့် ပြောသည် ဆိုခြင်းမှာ သံသယ ဖြစ်ဖွယ်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့မှာ
(၁) အမြတ်အစွန်း ရဖို့အတွက်သာ စီးပွားရေး လုပ်လိုသူများ ဖြစ်ကြ၍
(၂) စစ်အစိုးရနှင့် နိုင်ငံစုံကုမ္ပဏီကြီးများ၏ ပေးစာကမ်းစာ စားနေသူများဖြစ်ကြ၍
(၃) ပညာရှင်လေ့ကျင့်ခန်း သက်သက်လုပ်နေသူများ ဖြစ်ကြ၍ ဖြစ်ပါသည်။
မူအားဖြင့်ပြောရလျှင် အနောက်အုပ်စု၏ စီးပွားရေး-ပိတ်ဆို့ဒဏ်ခတ်မှုများမှာ ကိုယ်ကျင့် သိက္ခာဆိုင်ရာ တာဝန် ဝတ္တရား တခုအဖြစ် မြန်မာနိုင်ငံ၏အခြေအနေကို ဖြစ်နိုင်သမျှ အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် မကျေနပ်ကြောင်း ဖော်ပြချက် ဖြစ်ပါသည်။ သို့သော် နှစ်ပေါင်း ထောင်ချီသည့် ယဉ်ကျေးမှုသမိုင်းကို ကြည့်လျှင် အာရှတိုက်သားတို့သည် ဘိုးဘေးတို့၏ ကိုယ်ကျင့်တရား တန်ဖိုးစံများကို ဂုဏ်ယူသူများဖြစ်ကြောင်း တွေ့ရပါမည်။ အရှေ့တိုင်း ယဉ်ကျေးမှု ဓလေ့သည် လူသားဝါဒ အပေါ် အခြေခံသည်ဟု ဆိုပြီး ကျင့်ဝတ်နှင့် သည်းခံခွင့်လွှတ်မှုကို ကျင့်သုံးပါသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်လျှင်မူ ယဉ်ကျေးမှုမြင့်မားသည့် တရုတ်၊ အိန္ဒိယနှင့် အရှေ့တိုင်းသားတို့သည် သမိုင်းကို မေ့ပစ်လိုက်ပြီး ကိုယ်ကျင့်သိက္ခာနှင့် သူတော်ကောင်းတရားတို့ကိုလည်း လျစ်လျူရှုထားကြပါသည်။
မှတ်ချက်။ ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးအစိုးရကနေ အမေရိကန်ဆန်ရှင်တွေရုပ်သိမ်းရေးအတွက် ၂ဝ၁၅ ခုနှစ် ဧပြီလထဲမှာ ဒေါ်လာ ၈ သိန်း ၄ သောင်းပေးပြီး Podesta Group လော်ဘီဂရုကိုငှားခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂ဝ၁ဝ
၈-၁၂-၂ဝ၁၅
၁၅-၈-၂ဝ၁၆

Comments
Post a Comment